မြစ်ကြီးနား ၊ သြဂုတ် ၂၂
ကချင်ပြည်နယ်အတွင်း (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ပြည်နယ်အဆင့်ပြိုင်ပွဲကို ဘာသာရပ်အလိုက်၊ ပြိုင်ပွဲအမျိုးအစားအလိုက် စုံလင်စွာဖြင့် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး ပြည်နယ်အဆင့်ပြိုင်ပွဲ ကျင်းပရေး ဦးစီးကော်မတီနှင့် ဆပ်ကော်မတီအဖွဲ့ဝင်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်အဆင့် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က ပြည်နယ်အဆင့် ပြိုင်ပွဲကို မြစ်ကြီးနားမြို့၌ ဘာသာရပ်အလိုက်၊ ပြိုင်ပွဲအမျိုးအစားအလိုက် စုံလင်စွာဖြင့် ကျင်းပပြုလုပ်နိုင်ရေး၊ ပြိုင်ပွဲဝင်များ အုပ်ချုပ်ထောက်ပံ့မှုဆိုင်ရာလုပ်ငန်းများနှင့် ပြိုင်ပွဲအမျိုးအစားအလိုက် ပြည်နယ်အဆင့်မှ လူရွေးချယ်ပြီး ပြည်ထောင်စုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဆပ်ကော်မတီအလိုက် လုပ်ငန်းတာဝန်များ၊ လိုအပ်ချက်များ၊ အခက်အခဲများကိုတင်ပြနိုင်ရေး ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများက ပြိုင်ပွဲ ကျင်းပပြုလုပ်နိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုများ၊ မြို့နယ်များမှ ပြိုင်ပွဲဝင်စာရင်းကောက်ယူထားရှိ မှု အခြေအနေများ၊ ဘာသာရပ်အလိုက်၊ ပြိုင်ပွဲအမျိုးအစားအလိုက်၊ အသက်အရွယ်အလိုက် ဝင်ရောက်ယှဉ်ပြိုင်သွားမည့် အသေးစိတ် လူဦးရေစာရင်းကောက်ခံထားရှိမှု အခြေအနေများ၊ ပြိုင်ပွဲ ကျင်းပမည့်နေရာအား မြစ်ကြီးနားတက္ကသိုလ်တွင် ကျင်းပပြုလုပ်နိုင်ရေး၊ စက်တင်ဘာလအတွင်း ကျင်းပပြုလုပ်သွားမည့်ကိစ္စရပ်များ၊ လိုအပ်ချက်များ၊ အခက်အခဲများနှင့် ကြိုတင်တင်ပြဆွေးနွေးရန် ကိစ္စရပ်များကို တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးက ပြိုင်ပွဲအစီအစဉ်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များ ထပ်မံတင်ပြဆွေးနွေးနိုင်ရေး၊ ကြိုတင်စီစဉ်ဆောင်ရွက်ထားရှိရေးကို ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ပြည်နယ်အဆင့်ပြိုင်ပွဲကို စက်တင်ဘာလအတွင်း ဖွင့်ပွဲ၊ ပိတ်ပွဲအပါအဝင် မြစ်ကြီးနားမြို့၌ (၄)ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ယနေ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဘာသာရပ်အလိုက် ပြိုင်ပွဲဝင်ဦးရေ ၁၁၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းနှင့် တိုင်းရင်းသားအကအနေဖြင့် ချင်းတိုင်းရင်းသားရိုးရာအကဖြင့် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ယခုနှစ်ပြိုင်ပွဲတွင် ရဝမ်တိုင်းရင်းသားမျိုးနွယ်စုအကဖြင့် ဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment