ဟားခါး၊ နိုဝင်ဘာ ၁၂
ချင်းပြည်နယ် မသန်စွမ်းများ၏ အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ (၁) နာရီခွဲတွင် ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ချင်းပြည်နယ် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များဖြစ်သည့် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ချင်းပြည်နယ်မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ၊ ချင်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က မသန်စွမ်းသူများ၏ အခွင့်အရေးသည်လွန်စွာမှ အရေးကြီးကြောင်း၊ အရေးကြီးသည့်အတွက် နိုင်ငံတော်က ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်အထိ မသန်စွမ်းသူများ၏ အခွင့်အရေးများ ဆိုင်ရာကော်မတီကို ဖွဲ့စည်းရခြင်းဖြစ်ကြောင်း၊ ကော်မတီတစ်ခု ဖွဲ့စည်းသည်နှင့်တစ်ပြိုင်နက် လုပ်ငန်းတာဝန်များ ကပ်ပါလာကြောင်း၊ လုပ်ငန်းတာဝန်များထဲတွင် SOP မူကြမ်းရေးဆွဲခြင်း၊ မသန်စွမ်းသူများ အသင်းဖွဲ့စည်းခြင်းနှင့် မှတ်ပုံတင်ထုတ်ပေးခြင်းများ ပါဝင် နေကြောင်း၊ သို့ဖြစ်၍ ကော်မတီတွင်ပါဝင်သော ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိများက ဆွေးနွေးတင်ပြကြစေလိုကြောင်း အမှာစကားပြောကြားသည်။
ထို့နောက် ချင်းပြည်နယ် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာကော်မတီ ဒုတိယဥက္ကဋ္ဌ၊ လူမှုရေးရာဝန်ကြီး ဦးဝင်းဇော်ဦးနှင့် အတွင်းရေးမှူး ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ပြည်နယ် ဦးစီးမှူး ဦးနေဝါထွန်းတို့က ချင်းပြည်နယ် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာကော်မတီ၏ ဆောင်ရွက်ထားရှိမှုများကို Power Point ဖြင့် ရှင်းလင်းတင်ပြကြပြီး ချင်းပြည်နယ် မသန်စွမ်းများ၏ အခွင့်အရေးများ ဆိုင်ရာကော်မတီဝင်များဖြစ်ကြသည့် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြသည်။
တင်ပြချက်များအပေါ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအောင်ချိုတို့က အကြံပြုဖြည့်စွက်ဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment