ပင်းတယမြို့၌ (၃၄) ကြိမ်မြောက် ဌာနဆိုင်ရာ စုပေါင်းဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပင်းတယမြို့၌ (၃၄) ကြိမ်မြောက် ဌာနဆိုင်ရာ စုပေါင်းဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနား ကျင်းပ




ပင်းတယ ၊  နိုဝင်ဘာ ၁၀


ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ ဆူးဗိုလ်ကုန်းရပ်ကွက် ဘုန်းတော်ကြီးကျောင်း၌ ယနေ့ နံနက် ၉ နာရီခွဲအချိန်က (၃၄) ကြိမ်မြောက် ဌာနဆိုင်ရာ စုပေါင်းဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနားကို ကျင်းပခဲ့ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဒေသအဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်နေ မိဘပြည်သူများ တက်ရောက်သည်။


ရှေးဦးစွာ ဆရာတော်၊ သံဃာတော်များနှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ကြသည်။ ထို့နောက် ဆရာတော်၊ သံဃာတော်များထံမှ ငါးပါးသီလ ခံယူဆောက်တည်ကာ သံဃာတော် အရှင်သူမြတ်တို့ ရွတ်ပွားတော်မူသည့် ပရိတ်တရားတော်ကို နာယူခဲ့ကြပြီး ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းကိုယ်စား ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ဟိန်းထက်ဇော်မှ ကထိန်သင်္ကန်းနှင့် နေပြည်တော်တွင် ဆောက်လုပ်လျက်ရှိသည့် ဓနုဓမ္မာရုံအတွက် အလှူငွေများကို ဆက်ကပ်လှူဒါန်းသည်။


ထို့နောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁)မှ သာသနာရေးဆိုင်ရာ လျောက်ထားရာတွင် ကြွရောက်တော်မူလာကြသော သံဃာတော်အရှင်သူမြတ်တို့အား ဖူးမျှော်ကြည်ညိုခွင့် ရရှိပါသဖြင့် ဘုရားတပည့်တော်နှင့် ဌာနဆိုင်ရာများ၊ အလှူရှင် ဒါယကာ၊ ဒါယိကာမများအနေဖြင့် စိတ်နှလုံးနှစ်ထောင်းအားရ ဝမ်းမြောက်လှပါကြောင်း၊ ဘုရားတပည့်တော်တို့သည် သံသရာဝဋ်ဆင်းရဲအပေါင်းမှ ကင်းငြိမ်းရာအမှန်မြတ်နိဗ္ဗာန်ကို ရည်မှန်းအာရုံပြုလျက် ဆူးဗိုလ်ကုန်းရပ်ကွက်ဘုန်းတော်ကြီးကျောင်းတိုက်အတွင်း၌ ဝါဆိုဝါကပ်တော်မူကြပြီး ပုရိမဝါမှထမြောက်တော်မူကြကုန်သော သံဃာတော်အရှင်သူမြတ်တို့အား ဝိနည်းကံအရာ၌ သွားလာနေထိုင်ရာတွင် လွယ်ကူပါခြင်းအကျိုးငှာ ကထိနစီဝရံကထိန်လျာ မြတ်သင်္ကန်းကို ဆက်ကပ်လှူဒါန်းရသော အကျိုးကြောင့် မြတ်နိဗ္ဗာန်ချမ်းသာကို ခံစားရနိုင်သည် ဖြစ်ပါစေဘုရား။ ယခုကဲ့သို့ ဆရာ/ဒါကာ နှစ်ဖြာညီညာစွာလက်တွဲ၍ လှူဒါန်းပူဇော်မှု ကုသိုလ်အစုစုတို့ကြောင့် ဗုဒ္ဓသာသနာတော်မြတ်ကြီး ဆက်လက်တည်တံပြန့်ပွား ထွန်းကားပါစေ။ ပြည်ထောင်စုဖွား တိုင်းရင်းသားများအားလုံးသည် စည်းလုံးညီညွတ်စွာဖြင့် နိုင်ငံတော်၏အကျိုး၊ ဗုဒ္ဓသာသနာ၏အကျိုးကို ဆထက်တပိုးတိုး၍ ထမ်းဆောင်နိုင်ကြပါစေကြောင်း စသည်ဖြင့် လျှောက်ထားခဲ့သည်။


ယင်းနောက် ဆရာတော်၊ သံဃာတော်တို့အား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး၊ ရှမ်းရပ်ကွက် ဇောတိကာရုံကျောင်းဆရာတော်ထံမှ တရားတော်နာယူကာ လှူဒါန်းမှုအစုစုတို့အား ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကာ အခမ်းအနားကို ဗုဒ္ဓသာသနာစိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ ရုပ်သိမ်းခဲ့ပြီး ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


ယနေ့ (၃၄) ကြိမ်မြောက် ဌာနဆိုင်ရာ စုပေါင်းဘုံကထိန်အလှူတော် မင်္ဂလာအခမ်းအနားတွင်  လှူဒါန်းငွေစုစုပေါင်း (ကျပ်သုံးရာသုံးသိန်းခုနှစ်သောင်းခုနှစ်ထောင်)ဖြစ်ကြောင်း သိရသည်။


အောင်ကိုဦး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)