ပြည်၊ နိုဝင်ဘာ ၁၂
ပြည်မြို့ လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး ရင်ပြင်တော်မြတ် စွယ်တော်တိုက်ရှိ ဗုဒ္ဓမြတ်စွယ်တော် (၁၂၅) ကြိမ်မြောက် ဖွင့်လှစ်အပူဇော်ခံပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ (၄) နာရီခွဲက စေတီတော်ရင်ပြင်ကျားပျံဓမ္မာရုံ၌ ကျင်းပရာ ဩဝါဒါစရိယဆရာတော်ကြီးများ အမှူးပြုသော တာဝန်ရှိသူများနှင့် ဂေါပကအဖွဲ့ဝင်များ၊ ဝေယျာဝစ္စအဖွဲ့များနှင့် ဧည့်ပရိသတ်များ တက်ရောက်ကြသည်။
ဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သိန်း၊ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်၊ ဒေသကွပ်ကဲရေးမှူး (ပြည်) ဗိုလ်မှူးချုပ်စိုးဦးဟန်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် တာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဝင်များက ဗုဒ္ဓမြတ်စွယ်တော်ကိန်းဝပ် စံပါယ်တော်မူသည့် မြတ်စွယ်တော်တိုက် ဂန္ဓကုဋီတိုက်အတွင်းမှ စိန်စေတီတော်၊ ပတ္တမြား စေတီတော်၊ ရွှေကလပ်တော်၊ မူလကြေးစေတီတော်နှင့် စန္ဒကူးကြုတ်တော်တို့ကို ကျားပျံဓမ္မာရုံ မင်္ဂလာမဏ္ဍပ်အတွင်းရှိ ယာယီပလ္လင်တော်ပေါ်များသို့ ပင့်ဆောင်ကြသည်။
ထို့နောက် နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ (၁၂၅) ကြိမ်မြောက် ဗုဒ္ဓမြတ်စွယ်တော်ဖွင့်လှစ် အပူဇော်ခံပွဲ အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပြီး ပြည်မြို့ ရွာဘဲတောင်ပေါ် ကျောင်းတိုက်ဆရာတော်ကြီးထံမှ ဧည့်ပရိသတ်အပေါင်းတို့က ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။
ယင်းနောက် ဩဝါဒါစရိယဆရာတော်ကြီးတစ်ပါးနှင့် တာဝန်ရှိသူများက ဗုဒ္ဓမြတ်စွယ်တော်ကို ပတ္တမြားစေတီမှ စိန်စေတီတော်သို့ ပင့်ဆောင်တပ်ဆင်ပူဇော်ကြပြီး စွယ်တော်မြတ်နှင့် ဓာတုစေတီတော်များ ဖွင့်လှစ်အပူဇော်ခံမှုကို အနုပညာရှင်များက တေးထပ်၊ ကဗျာ၊ လင်္ကာ၊ ရတုလွှာတို့ဖြင့် သီဆိုပူဇော်ကြသည်။
၎င်းနောက် ဩဝါဒါစရိယဆရာတော်ကြီးများထံ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်က သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး အလှည့်ကျဂေါပက အဖွဲ့ဝင်များက ဗုဒ္ဓမြတ်စွယ်တော်ဖွင့်လှစ် အပူဇော်ခံပွဲဆောင်ရွက်မှုနှင့်ပတ်သက်၍ တင်ပြလျှောက်ထားသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဩဝါဒါစရိယ ဆရာတော်ကြီးများထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ယင်းလှူဒါန်းမှုနှင့် ကုသိုလ်ကောင်းမှုအစုစုတို့အတွက် ပြည်မြို့ ရတနာမာရ်အောင်ဆရာတော်ဘုရားကြီးက အနုမောဒနာ တရားတော်ချီးမြှင့်တော်မူကာ ဝေနေယျသတ္တဝါ အပေါင်းတို့အား ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး ဖွင့်ပွဲအခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတုသုံးကြိမ် ရွတ်ဆိုရုပ်သိမ်းခဲ့ပြီး ဗုဒ္ဓမြတ်စွယ်တော်ကို ဖွင့်လှစ်အပူဇော်ခံမည့် မြတ်စွယ်တော်တိုက် မှန်ကျောင်းဆောင်တော်သို့ ပင့်ဆောင်ခဲ့ကြသည်။
အဆိုပါ ဗုဒ္ဓမြတ်စွယ်တော်ကို ရွှေဆံတော်စေတီတော်မြတ်ကြီးအား လက်ျာရစ်(၃)ကြိမ် လှည့်လည်အပူဇော်ခံပွဲကို နိုဝင်ဘာလ (၁၃) ရက် ညနေ (၃) နာရီအချိန်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ပြီး ဗုဒ္ဓမြတ်စွယ်တော်ကို အများပြည်သူ ဖူးမြော်ကြည်ညိုနိုင်ရန် မြတ်စွယ်တော်တိုက် မှန်ကျောင်းဆောင်တော်၌ တန်ဆောင်မုန်းလဆန်း (၁၄) ရက်မှ တန်ဆောင်မုန်းလပြည့်ကျော် (၁) ရက်နေ့အထိ၊ နိုဝင်ဘာလ (၁၄) ရက်မှ (၁၆) ရက်နေ့အထိ နေ့စဉ်နံနက် (၅) နာရီခွဲမှ ည (၉) နာရီအချိန်အထိ အပူဇော်ခံမည်ဖြစ်ကြောင်းနှင့် မည်သူမဆို လာရောက်ဖူးမြော်ကြည်ညို သဒ္ဓါပွားများနိုင်ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။
ကိုဆက်
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment