မိတ္ထီလာ၊ ဒီဇင်ဘာ ၂၆
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်တွင် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် တက္ကသိုလ်အဆင့် ဆောင်းပါးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲများကို ယနေ့နံနက်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ စာရေးဆရာ တင်တော်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က ပြိုင်ပွဲကျင်းပရခြင်းအကြောင်းနှင့် အမှတ်ပေးစည်းမျဉ်းစည်းကမ်းများကို ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ တက္ကသိုလ်အဆင့် ဆောင်းပါးပြိုင်ပွဲ တွင် ထာဝရတည်စေတို့မြန်ပြည် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကဗျာပြိုင်ပွဲတွင် လက်ဆင့်ကမ်းအမွေ ထိန်းသိမ်းစေခေါင်းစဉ်ဖြင့်လည်းကောင်း ကျင်းပခဲ့ရာပြိုင်ပွဲကို မြို့နယ်အတွင်းရှိ တက္ကသိုလ်၊ ကောလိပ်များမှ ကျောင်းသားကျောင်းသူများက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် တက္ကသိုလ်အဆင့် ဆောင်းပါးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲများကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်း၍ ကျင်းပခြင်းဖြစ်ပြီး ပြိုင်ပွဲကို ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ဆောင်းပါးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲများ ကျင်းပပြီး ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ကျပန်းစကားပြောပြိုင်ပွဲကို ကျင်းပသွားမည်ဖြစ်ရာ ၎င်းပြိုင်ပွဲများတွင် ဆုရရှိသူများအား (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားတွင် ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment