မောင်သံငြိမ်း
နိုင်ငံ၏ ပိုင်နက်နယ်နိမိတ်၊ အချုပ်အခြာအာဏာနှင့် လွတ်လပ်ရေး တည်တံ့ခိုင်မြဲရေးအတွက် နိုင်ငံတိုင်းတွင် အင်အားတောင့်တင်းခိုင်မာ၍ ခေတ်မီသော တပ်မတော်တစ်ရပ် ရှိရန်လိုသည်။ မိမိတို့နိုင်ငံ၏ သမိုင်းတွင် နယ်ချဲ့တို့၏ ကျူးကျော်စစ်ကို သုံးကြိမ်တိုင်တိုင် အရေးနိမ့်ခဲ့ရပြီး တစ်မျိုးသားလုံး သူ့ကျွန်ဘဝရောက်ခဲ့ရခြင်းမှာ ခေတ်မီ၍ တောင့်တင်းခိုင်မာသော ကာကွယ်ရေးအင်အားမရှိခဲ့ခြင်းကြောင့်ဟူသည့် သမိုင်းသင်ခန်းစာကို ရရှိခဲ့ပြီးလည်းဖြစ်သည်။ သို့ဖြစ်၍ လွတ်လပ်သည့်နိုင်ငံဘဝသို့ ရောက်ရှိလာသည့်အခါ နိုင်ငံ၏ တစ်ခုတည်းသော တပ်မတော်ကို ခေတ်မီရေးနှင့် အင်အားတောင့်တင်းခိုင်မာရေးတို့အတွက် ခေတ်အဆက်ဆက်တွင် မိမိတို့ပိုင်ဆိုင်သည့် အရင်းအမြစ်များဖြင့် တတ်စွမ်းနိုင်သမျှ တစိုက်မတ်မတ် တည်ဆောက်ခဲ့ကြသည်။
ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် စတင် အာဏာတည်စေခဲ့သည့် အချိန်မှစ၍ ဥပဒေနှင့်အကျုံးဝင်သော နိုင်ငံသားများအတွက် စစ်ပညာသင်ကြားရေးလှုပ်ရှားမှုများကို ရုပ်မြင်သံကြား၊ သတင်းစာများတွင် တွေ့ရှိရပါသည်။ များစွာဝမ်းမြောက်ပီတိဖြစ်ရပါသည်။
ယခင်က တက္ကသိုလ်ကျောင်းသားများအတွက် တက္ကသိုလ်တပ်ရင်းများ ဖွဲ့စည်းရန် စစ်ပညာများ လေ့ကျင့် သင်ကြားပေးနေရာမှ ယခုအခါ တက္ကသိုလ်ကျောင်းသားများသာမက တက္ကသိုလ်ကျောင်းသူများ၊ မိမိ၏စိတ်ဆန္ဒဖြင့် စစ်ပညာသင်ကြား၍ စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းလိုသော နိုင်ငံသားမျိုးချစ်လူငယ်များကိုပါ စနစ်တကျ သင်တန်းများဖွင့်လျက် စစ်ပညာ သင်ကြားပေးနေပြီဖြစ်ပါသည်။ ယခုအခါ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၆)၊ (၇) ကိုပင် တပ်မတော်လေ့ကျင့်ရေးသင်တန်းကျောင်းအသီးသီးတွင် ဖွင့်လှစ်နေပြီဟု ကြားသိရပါသည်။
တက္ကသိုလ်ကျောင်းသားများအား စစ်ပညာသင်ကြားပေးရာတွင် ကျွန်တော်တို့တက္ကသိုလ်အရန် တပ်ရင်းသို့ ဝင်ရောက်စဉ်ကာလနှင့် မတူသော ထူးခြားချက်များရှိကြောင်း တွေ့ရှိရပါသည်။ ယခုအခါ တက္ကသိုလ်လေ့ကျင့်ရေးတပ်များ တိုးချဲ့ဖွင့်လှစ်ပြီး သင်တန်းများကိုလည်း နှစ်မျိုးနှစ်စား ခွဲခြားလေ့ကျင့်ပေးကြောင်း၊ တက္ကသိုလ်လေ့ကျင့်ရေး တပ်အခြေခံသင်တန်း နှစ်နှစ်နှင့် တန်းမြင့်သင်တန်းနှစ်နှစ် ခွဲခြား၍ သင်ကြားပေးကြောင်း၊ အခြေခံသင်တန်းအောင်မြင်ပြီးမှ တန်းမြင့်သင်တန်း ဆက်တက်ရကြောင်း သိရှိရပါသည်။
ကျွန်တော်ကိုယ်တိုင်လည်း တက္ကသိုလ်အရန်တပ်ရင်းသို့ ၁၉၅၈ ခုနှစ်က ဝင်ရောက်သင်တန်းတက်ခဲ့သူဖြစ်ပါသည်။ (ယခုအရန်ကို ယခင်က အရံဟု စာလုံးပေါင်းကြောင်း သတိပြုမိ ပါသည်။) ၁၉၅၈ ခုနှစ် ဇွန်လတွင် ၁၉၅၈-၅၉ စာသင်နှစ်အတွက် သင်တန်း များဖွင့်ရာ စစ်ပညာသင်ကြားရန် စိတ်ဝင်စားသဖြင့် တက္ကသိုလ် အရန်တပ်ရင်းသို့ ဝင်ခဲ့ပါသည်။
ကျွန်တော်တို့ တက္ကသိုလ်ရောက်ချိန်က ကမာရွတ်ရှိ ပင်မတက္ကသိုလ်ကြီးတွင် ကျောင်းသားအဆောင်၊ စာသင်ခန်းများ မမျှတ၍ ဝိဇ္ဇာဘာသာရပ်သင်ကြားသူများအတွက် ကြည့်မြင်တိုင်(ဟုန်း)လမ်း (ယခုပန်းလှိုင်လမ်း)တွင် ထီးတန်းကောလိပ် ဖွင့်လှစ်ခဲ့ပြီး သိပ္ပံဘာသာကို သင်ကြားသူများအတွက် ရန်ကင်း (မြို့သစ်)တွင် ရန်ကင်းကောလိပ်ကို ဖွင့်လှစ်သင်ကြားခဲ့ပါသည်။ ကြည့်မြင်တိုင် ထီးတန်းတွင် ကျောင်းသားနေအဆောင်များ အလုံအလောက်မရှိ၍ အဆောင်နေ ကျောင်းသားအချို့မှာ ရန်ကင်းကောလိပ်အတွက် ဆောက်ထား သည့် အဆောင်များတွင် နေထိုင်ပြီး ကျောင်းကားဖြင့် ထီးတန်းသို့ လာရောက်သင်တန်းတက်ရပါသည်။
အမျိုးသမီး ကျောင်းသူများမှာ ကံကောင်းသဖြင့် ပင်မတက္ကသိုလ်ရှိ အမျိုးသမီးအဆောင်များတွင် နေရပြီး ထီးတန်းနှင့် ရန်ကင်း (ကောလိပ်) တို့သို့ ကျောင်းကားဖြင့် လာရောက်စာသင်ရပါသည်။ ကျွန်တော်တို့ ထီးတန်းကောလိပ်တွင် မူလတိုက်တစ်လုံးကို အဆောင်လုပ်ထားသည့်တစ်ခုနှင့် မြေစိုက်သစ်သား ကြမ်းခင်း၊ ထရံကာ၊ သွပ်မိုး၊ အဆောင် ခြောက်ဆောင်ရှိပါသည်။ တစ်ဆောင် လျှင် ကျောင်းသား ၁၀ ဦးနေ အခန်းကြီး နှစ်ခန်းရှိပြီး (အေ/ဘီ) ခွဲ၍ လူ ၂ဝ အတွက် နေရာချထားပေးပါသည်။ အဆောင်များအကြောင်း ကျွန်တော် စာရေးပြနေရခြင်းမှာ အဆောင်များမှ ကျောင်းသားများ တက္ကသိုလ်အရန်တပ်ရင်းသို့ ဝင်ရောက်ခြင်း၊ စစ်မှုထမ်းခြင်းအကြောင်းကို ဆက်ရေးရန်ရှိ၍ ဖြစ်ပါသည်။
ကျွန်တော်တို့ ထီးတန်းကောလိပ်မှာ အင်္ဂလိပ်အက္ခရာ “အီး” ပုံသဏ္ဌာန်အုတ်ညှပ်နှစ်ထပ် အဆောက်အအုံဖြစ်ပြီး အင်္ဂလိပ်စာ၊ မြန်မာစာအပြင် ဝိဇ္ဇာပညာ ရပ်များဖြစ်သော စိတ်ကြိုက်မြန်မာစာ၊ တက္ကဗေဒခေါ် လောဂျစ်၊ စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေး၊ မနုဿဗေဒ၊ သမိုင်း စသည့်ဘာသာရပ်များအပြင် ပြင်သစ်ဘာသာကိုပါ သင်ပေးပါသည်။ မယူမနေရ အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာအပြင် စိတ်ကြိုက်သုံးဘာသာယူကြရာ စိတ်ကြိုက်မြန်မာစာ၊ သမိုင်းနှင့် လောဂျစ်ဘာသာယူသူက အများဆုံးဖြစ်မည်ထင်ပါသည်။
ကျွန်တော်က နိုင်ငံခြားဘာသာ စိတ်ဝင်စားသဖြင့် သမိုင်း၊ လောဂျစ်နှင့် ပြင်သစ်ဘာသာ တွဲသင်ယူပါသည်။ ကျွန်တော့်အဆောင်က (၇/ဘီ) ဖြစ်၍ စာသင်တန်းများနှင့် အနီးဆုံးဖြစ်ပြီး အခန်းထဲမှ ၁၀ ဦးအနက် ငါးဦးက တက္ကသိုလ်အရန်တပ်ရင်းသို့ ဝင်ကြပါသည်။ လေးဦး တပ်မတော်သို့ဝင်ရောက် တာဝန်ထမ်းဆောင်ခဲ့ရာ နှစ်ဦးက ဗိုလ်မှူးရာထူးဖြင့် အငြိမ်းစားယူပြီး သက်ရှိထင်ရှားရှိပါသည်။
ကျန်နှစ်ဦးမှာ ဗိုလ်ကြီးအဆင့်ဖြင့် ကွယ်လွန်သွားကြပြီဖြစ်ပါသည်။ ထီးတန်းကောလိပ်၌ ပထမနှစ်သာနေ ရပြီး ဒုတိယနှစ်တွင် ကမာရွတ်ရှိ ပင်မတက္ကသိုလ်သို့ ပြောင်းရွှေ့ရ၍ စတွေ့ခဲ့သည့် သူငယ်ချင်းအများစု ကွဲကွာသွား ကြပါသည်။
ဖခင်ကြီးပြောဖူး၍ အမျိုးသားစစ်မှုထမ်းအစီအစဉ် (National Service) တစ်နေ့ပေါ်လာမည်ဆိုသည့်မှတ်ချက်ကို အလေးအနက်ထားပြီး အမျိုးသားစစ်မှုထမ်းဥပဒေအရ စစ်ရေးတာဝန် ထမ်းဆောင်ရချိန် အသင့်ဖြစ်ရန် တက္ကသိုလ်ရောက်ပြီးပြီးချင်း တက္ကသိုလ် အရန်တပ်ရင်းသို့ဝင်ခြင်း ဖြစ်ပါသည်။ အခင်မင်ဆုံးသူငယ်ချင်း ကိုထွန်းအေးနှင့် တိုင်ပင်၍ ယူတီစီခေါ် တက္ကသိုလ်တပ်ရင်းသို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်ပါသည်။
ကျွန်တော်တို့ နှစ်ဦးမှာ ထုတ်ပေးသည့် စစ်ဝတ်ပစ္စည်းများအပြင် ထိုစဉ်က သံဈေးတွင် အလွတ်ရောင်းသည့် စစ် ပစ္စည်းများ ဝယ်ယူသုံးစွဲခဲ့ပါသည်။ သံပရာခွံဆိုက်ကက်နှင့် ဘယ်ရီကက် ဦးထုပ်များလည်း ပါဝင်ခဲ့ပါသည်။ အနော်ရထာလမ်းပေါ်တွင်ရှိသော လူထုမေတ္တာစတိုးမှ ပခုံးတံဆိပ်၊ လက်မောင်း တံဆိပ်များလည်း ဝယ်ယူအသုံးပြုကြပါသည်။ ဝါသနာ၏ စေစားရာ ထုတ်ပေး စစ်ပစ္စည်းအပြင် သပ်သပ်ရပ်ရပ်ဝတ်စားရသည်ကို ကျေနပ်နေမိပါသည်။
သမိုင်းကြောင်းအရ ၁၉၂ဝ ပြည့်နှစ်တွင် ရန်ကုန်တက္ကသိုလ် စတင်ပေါ်ပေါက် ပြီး တစ်နှစ်ခွဲအကြာ ၁၉၂၂ ခုနှစ် ဇွန်လ တွင် တက္ကသိုလ်လေ့ကျင့်ရေး အရန်တပ်ရင်း (ယူတီစီ) (University Training Corps) ဖွင့်လှစ်ခဲ့ကြောင်း၊ ထိုစဉ်က ဗြိတိသျှတို့က ကိုလိုနီအဖြစ် သိမ်းပိုက်၍ ၎င်းတို့အုပ်ချုပ်နေသော ကိုလိုနီတစ်ခု ဖြစ်သည့် အိန္ဒိယအောက်ထားရှိရာ ၁၉၂၂ ခုနှစ် ဇွန်လတွင်ပင် အိန္ဒိယနယ်မြေတပ်ဖွဲ့ ဥပဒေအရ အမှတ် (၆) မြန်မာပြည်တပ်ရင်း၊ တက္ကသိုလ်လေ့ကျင့်ရေး အရန် တပ်ဖွဲ့အဖြစ် စတင်ဖွဲ့စည်းခဲ့ကြောင်း သတင်းစာပါ သတင်းအဖွဲ့တွေ့ဆုံ မေးမြန်းခန်းတွင် ဖတ်ရှုရပါသည်။
ပါမောက္ခချုပ်ကြီး ဒေါက်တာတင်မောင်ထွန်းနှင့် ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၏ ပြောကြား ချက်များကိုလည်း ဖတ်ရ၍ ကျေးဇူး တင်ပါသည်။
ကျွန်တော်တို့ခေတ်နှင့်တော့ တခြားစီဖြစ်နေပါသည်။ ဒုတိယကမ္ဘာစစ်ပြီးဆုံး၍ နိုင်ငံလွတ်လပ်ရေးရပြီး ၁၉၅၂ ခုနှစ်တွင် တက္ကသိုလ်အရန်တပ်ရင်းများ ပြန်လည်ဖွဲ့စည်းချိန်အတွင်း ရန်ကုန် တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ မော်လမြိုင်ကောလိပ်တို့တွင် တက္ကသိုလ်တပ်များ ဖွဲ့စည်းလေ့ကျင့် ပေးခဲ့ကြောင်းကိုလည်း ဖတ်ရှုရပါသည်။ ထိုစဉ်က သုံးနေရာသာ ရှိပါသည်။
၁၉၅၈ ခုနှစ် ဇွန်လတွင် ကျွန်တော် တက္ကသိုလ်၊ ထီးတန်းကောလိပ်သို့ ရောက်ပြီး တက္ကသိုလ်အရန်တပ်ရင်းသို့ သူငယ်ချင်း ကိုထွန်းအေးနှင့်အတူ ဝင်ခဲ့ပါသည်။ သင်တန်းများ မှန်မှန်တက် ခဲ့ပါသည်။ ကျွန်တော်တို့ကို ထုတ်ပေးသည့် စစ်ပစ္စည်းများမှာ တစ်ပဲဒုရှိ သက္ကလပ်စ အထူကို နှစ်ထပ်ထပ်၍ (ပုံပါအတိုင်း) ပုံသွင်းထားပြီး သားရေမေးသိုင်းကြိုးပါ ဦးထုပ်တစ်လုံး (ဂေါ်ရခါးဟက်)၊ (OG= Olive Green) သံလွင်စိမ်းရောင် စစ်အင်္ကျီလက်ရှည်၊ စစ်ဘောင်းဘီရှည် နှစ်ထည်၊ သားရေစစ်ဖိနပ်လည်တိုတစ်ရန်၊ ခြေအိတ်၊ ဖိနပ်နှင့် ဘောင်းဘီရှည် အနားဆက်ရန် သက္ကလပ်စရှော့ပတ်တီးတစ်စုံ၊ ကြေးကွင်းရှေ့နှစ်ကွင်း၊ နောက်ကွင်းသေးနှစ်ခုပါ ဗြက်လေးလက်မခန့်ရှိ ပတ္တူခါးပတ်ကြီးတစ်ခု ဖြစ်ပါသည်။ (ရှော့ပတ်တီးဆိုသည်မှာ ယခင်က အသုဘယာဉ်တွင်ရပ်၍ လိုက်ပါလေ့ရှိသည့် လူမျိုးခြားလေးဦး ခြေမျက်စိမှ ခြေသလုံးကြားပတ်လေ့ရှိသော သက္က လပ်စမျိုးဖြစ်ပါသည်။)
ပတ်တီးအဆုံး ကြိုးစသိမ်းသည့်အခါ လေးထောင့်ဖြစ်ရပါသည်။ ဤမျှ ရှုပ်၍ ပတ်တီး မဝတ်တော့ပါ။ သံဈေးမှ ပတ္တူစခြေပတ် ဝယ်ဝတ်ပါသည်။ Anklet ဟု ခေါ်ပါသည်။ ခါးပတ်နှင့် ခြေပိတ် ပတ္တူစများကို ဆေးအဝါရောင် နှင့် ဖိနပ်ဆေးရောထားသော ဘလင်ကို အတု သုတ်လိမ်းရပါသည်။ စက်မင်ဘီး နှင့် တိုက်ရပါသည်။ ကြေးပစ္စည်းကို ဘရာဇို (Brasoo) ဝယ်၍ ကြေးတိုက်ရပါသည်။ ရှေ့တွင်ဖော်ပြခဲ့သော ဂေါ်ရခါးဟက် ခေါ် သက္ကလပ် နှစ်ထပ်ဦးထုပ်ကို ထမင်းရည်နှင့် ကော်တင်ရပါသည်။ ၁၉၅၉-၆၀ နှစ်တွင်မှ ဖိုက်ဘာခမောက် ဆောင်းရပါသည်။ ခြေပတ်မပတ်ရသော လည်ရှည် သားရေဖိနပ်ရပါသည်။ ကျွန်တော်တို့တော့ အပြင်သွားလျှင် ဘယ်ရီကက်ကိုသာ ဆောင်းသွားပါသည်။
ကျွန်တော်တို့မှ ယူတီစီသင်တန်းတက်ရသည့်နေ့တွင် များစွာပျော်ရွှင်မိသည်။ စစ်ဝတ်စုံကို အချိန်စော၍ ဝတ်ထားကြသည်။ မြို့တွင်းမှာနေသည့် နေ့ကျောင်းသားများလည်းရှိ၍ သူတို့လည်း စစ်ဝတ်စုံကို ကြိုတင်ဝတ်လာတတ်ကြပါသည်။ အဆောင်နေကျောင်းသားများသာမက နေ့ကျောင်းသားများနှင့် ယူတီစီကြောင့် ခင်မင်သူမိတ်ဆွေများ ပေါများလာသည်။ တပ်ရင်းမှူးက ပါမောက္ခကြီး၊ ယူတီစီတာဝန်ခံ ဗိုလ်ကြီးက ဗိုလ်ကြီးမြသောင်း ဖြစ်ပါသည်။
ထီးတန်းကျောင်းသားဟောင်းကြီး၊ ဦးတင်ထွန်း အထက (၁) လမ်းမတော်ကျောင်း၊ ကျောင်းအုပ်ကြီးဟောင်း၊ တိုင်းပညာရေးမှူး (စီမံ) (ငြိမ်း) က သူစု ဆောင်းသိမ်းထားသည့် ထီးတန်း ကောလိပ်၊ တက္ကသိုလ်တပ်ရင်း စုပေါင်းဓာတ်ပုံကို ပေးပို့သဖြင့် ကျေးဇူးတင်ရပါ သည်။ ကျွန်တော်တို့ သိထားသည်က ရန်ကုန်တက္ကသိုလ်၊ ထီးတန်းကောလိပ်၊ တက္ကသိုလ်တပ်ရင်းဟု ဆိုထားသော် လည်း ဓာတ်ပုံတွင် “မြန်မာပြည်အရံ နယ်စောင့်တပ်၊ ရန်ကုန်တက္ကသိုလ်၊ ထီးတန်းတပ်ရင်း (လူ ၁ဝဝ ပင် မရှိ၍ တပ်ရင်းမဟုတ်နိုင်ပါ)။ ပထမနှစ်သင်တန်းသားများ (၁၉၅၈)” ဟု ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။ အဆိုပါ ဓာတ်ပုံတွင် အရာရှိများနှင့် တပ်က ဆရာများမှလွဲ၍ တက္ကသိုလ်အရန် တပ်ရင်းဝင် ကျောင်းသား ၉၅ ဦးခန့် တွေ့ရှိရပါသည်။
မှတ်မိသရွေ့ ရာထူးအမြင့်ဆုံးရရှိခဲ့သူ တက္ကသိုလ်အရန်တပ်ရင်းဝင် ကျောင်းသား ဟောင်းမှာ တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ်/ဝန်ကြီး (ငြိမ်း) သီရိပျံချီ ဗိုလ်ချုပ်စောလွင်ပင်ဖြစ်ပါသည်။ ပြောရ လျှင် ယူတီစီကျောင်းသားဟောင်းကြီး ဝန်ကြီး/ဗိုလ်ချုပ် (ငြိမ်း) စောလွင်ကြောင့် ၁၉၅၈ ထီးတန်းကောလိပ်ကျောင်းသား ဟောင်းများ အစုအဖွဲ့ ပေါ်လာပြီး ကိုဗစ်မတိုင်မီအထိ လစဉ်တွေ့ဆုံ စားသောက်ပြီး ရှေးဟောင်းနှောင်းဖြစ် များ ပြောရသည်မှာ အလွန်ပျော်စရာကောင်းပါသည်။
ဆုံတွေ့သူအားလုံးလိုလိုမှာ ယူတီစီဟောင်းများ ဖြစ်ကြပါသည်။ ဗိုလ်မှူး အဆင့်ဖြင့် တပ်မတော်မှ အငြိမ်းစားယူခဲ့ကြသူ ကျွန်တော်နှင့် ကိုထွန်းအေးနှစ်ဦးမှာ နောက်ဆုံးတန်း၏ ရှေ့တန်းဝဲဘက်မှ စရေတွက်လျှင် အမှတ်စဉ်(၈)နှင့်(၉) ဖြစ်ပါသည်။ ကျွန်တော်ကြားသိရသရွေ့ ၉၅ ဦးထဲမှ ၃၀ ခန့် တပ်မတော်ထဲ ဝင်ရောက်တာဝန်ထမ်းကြသည်ဟု သိရပါသည်။ ထိုနှစ်တွင် စစ်စည်းကမ်း၊ စစ်ရေးပြတွင် ထီးတန်းက ရန်ကင်းကို ကျော်ဖြတ်ပြီး ပထမဒိုင်းဆုရခဲ့ပါသည်။
ယူတီစီမှ တက္ကသိုလ်ဘွဲ့ရပြီးနှင့် ဘွဲ့မရမီ ခင်မင်သော သူငယ်ချင်း၊ အချို့တပ်ထဲသို့ ဝင်ရောက်ကြရာ အရာရှိဖြစ်ပြီး တိုင်းပြည်အတွက် အသက်ပေးသွားသူ သူငယ်ချင်းများလည်း ရှိပါသည်။ ကိုတင်မောင်မြင့်၊ ကိုတင်ဦးမောင်၊ ကိုဝင်းကြည်၊ ကိုအေးခိုင်၊ ကိုသိန်းအောင် တို့နှင့် ဗိုလ်မှူးကြီး သူရကျော်ကျော်ချိုတို့ရှိသကဲ့သို့ သာမန်ကွယ်လွန်သွားသည့် ကိုစိန်လွင်ဦး၊ ကိုထွန်းမောင်၊ ကိုအေးမင်း၊ ဗိုလ်ချုပ် စိုးမြင့်၊ မှူးကြီးအောင်ကြည်၊ ဒုမှူးကြီးလှအေး၊ ကိုစိုင်းခွန်အုန်ဝိုင်း တို့လည်း ရှိကြပါသည်။ အားလုံးကို လေးစားဂုဏ်ပြုအပ်ပါသည်။
ကျွန်တော်တို့ တက္ကသိုလ်အရန်တပ်ရင်းက သီတင်းကျွတ်နှင့် နွေကျောင်းပိတ်ရက်များတွင် စခန်းချလေ့ကျင့်ကြ လေ့ရှိရာ သာမန်စခန်းချရာသို့ လိုက်လိုသူ လိုက်နိုင်သော်လည်း သီးခြား သင်တန်းက လူရွေးတက်ရပါသည်။ အချို့တပ်ဖွဲ့ဝင်များမှာ ယူတီစီ ကျောင်းသားကို ရုပ်ရှင်၊ အင်္ဂလိပ်ကား ၁ ကျပ်ခွဲတန်း ပြား ၉ဝ၊ မြန်မာကား တစ်ကျပ်ပြား ၂ဝ လျှော့ရ၍ ဝင်ခြင်းဖြစ်ပါ သည်။ ကျွန်တော် ၁၉၅၈-၅၉ ပညာသင် နှစ်၊ ၁၉၅၉ ခုနှစ်နွေ၌ တက်ရသည့် သင်တန်းက သင်တန်းတက်ရက် အများ ဆုံး ကျောင်းသားများသာ တက်ရသည့် သင်တန်းဖြစ်ပါသည်။
ထိုသင်တန်းမှာ ပြင်ဦးလွင် (မေမြို့) ရှိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အင်အား ဖြည့်တင်းရေးတပ်(အဖရ) တွင် ဖွင့်လှစ်သော နွေရာသီ တစ်လကြာ “တက္ကသိုလ် အရန် တပ်ရင်းအကြပ်သင်တန်း” ဖြစ်ပါသည်။ တက္ကသိုလ်မှာ စစ်သင်တန်း တက်ရက် အများဆုံး ကျောင်းသား ၂၀၀ ကိုသာ ရွေးတက်စေခြင်းဖြစ်ပါသည်။ ရန်ကုန်တက္ကသိုလ် (ထီးတန်း/ရန်ကင်း)မှ တပ်သား ၁ဝဝ၊ မန္တလေးတက္ကသိုလ် ၇ဝ၊ မော်လမြိုင်မှ ၃၀ စုစုပေါင်း ၂ဝဝ၊ တပ်ခွဲ နှစ်ခွဲဖြစ်ပါသည်။ တစ်လကြာ တက်ရပါသည်။ တက္ကသိုလ်ကွင်းမှာ စစ်ပညာကို သဘောလောက်သာ သင်ရ ပြီး ယခုအကြပ်သင်တန်းတွင် တပ်ကြပ်ကြီး/ တပ်စုမှူးတစ်ဦး တတ်သိအပ်သည့် ပညာများ၊ နေ့ရောညပါ သင်ကြားပေးသည်။ တပ်မှူးမှာ ဒုတိယဗိုလ်မှူးကြီး လှရွှေ၊ ဒုတိယတပ်ရင်းမှူးမှာ ဒုတိယ ဗိုလ်မှူးကြီး ထွန်းရင်လောတို့ဖြစ်ပြီး ကျောင်းသားများ သတိထားရမည့်သူမှာ တပ်ရင်းအရာခံဗိုလ် ကိုကိုကြီး ဖြစ်ပါသည်။
ရုပ်ရှင်ဇာတ်လိုက် ဝင်းဦး ဗိုလ်ကြီးဘဝက ဤတပ်တွင် တာဝန်ထမ်းဆောင် ဖူးကြောင်း သိရပါသည်။ အရာခံဗိုလ် ကိုကိုကြီးက တုတ်တစ်ချောင်း ချိုင်း (ဂျိုင်း) ကြား ညှပ်၍ စမတ်ကျကျ ဝတ်ဆင်ကာ ပြတ်ပြတ်ပြောတတ်သူ၊ တစ်ခါတစ်ရံ ဘောင်းဘီအတို၊ ခြေအိတ် ရှည်ဖြင့် အသံဩဇာကလည်း ကောင်းသည်။ ဟောလိဝုဒ်မင်းသားကြီး အန်ထော်နီကွင်းပုံစံဖြစ်ပါသည်။ တက္ကသိုလ် ကျောင်းသားများကို ထိုက်သင့်သည့် အလေးထားမှုပြသော်လည်း စည်းကမ်းနှင့် စကားပြောတတ်သူ ဖြစ်ပါသည်။ သဘောတော့ ကောင်းပုံရပါသည်။
စစ်ဝတ်စုံ ဝတ်ထားသူတိုင်း တတ်သင့်သည့် ပညာအများအပြားသင်ပေး၍ လွန်စွာ အကျိုးရှိသည့် သင်တန်းဖြစ်ပါသည်။ တပ်စုပစ်အား၊ ညအချိန်အိမ်မြှောင်ဖြင့် ချီတက်ခြင်း၊ အခက်အခဲ အတား အဆီး ဖြတ်ကျော်ခြင်းမှစ၍ ကိုယ်လက် ကြံ့ခိုင်ရေးအဆုံး အားလုံးသင်ပေးပါသည်။ အမှန်ရေးရလျှင် ကျွန်တော် ဤသင်တန်းတက်ပြီး တပ်မတော်ထဲ ဝင်ရန် ဆုံးဖြတ်လိုက်သည်ဟု ဆိုနိုင်ပါသည်။ သာမန်အချိန်တွင် ဈေးထဲ မုန့်တီ သွားစား၊ မြို့ထဲလမ်းလျှောက်၊ ဘီတီ ဘရားသားကန်မှာ ရေသွားကူးပါသည်။ သင်တန်းကာလတွင် တက္ကသိုလ်တန်းလိုက် အောင်စာရင်းထွက်ရာ စာမေးပွဲ ကျသူများ နောက်ဆက်တွဲစာမေးပွဲဖြေရန်၊ စာကျက်ရန် ညပိုင်းသတ်မှတ် နေရာသို့ တန်းစီသွားရသည်။ အခြား ပျော်ရွှင်စရာတစ်ခုမှာ ပြင်ဦးလွင်၌ ရေချိုးရန် ရေမရှိ၍ အနီးစခန်းဘူတာ အနီး စမ်းချောင်းသို့ ယာဉ်တန်းဖြင့် သွားရပါသည်။ ကျောင်းသားစုံအောင် စောင့်ရင်း အတက်အဆင်း ခရီးသွား ကားများထဲမှ အချောအလှများပါလျှင် ရစ်သီရစ်သီ လုပ်ကြသည်။
အကြပ်သင်တန်းအပြီး ၁၈ နှစ်ပြည့် သူမှ ဗိုလ်လောင်းခေါ်ရာ ယူတီစီ လုပ်သက် တစ်နှစ်ပြည့်လျှင် လျှောက်၍ရသည်ဆို၍ တပ်မတော် (ကြည်း) ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂၇)သို့ ကျွန်တော်လျှောက်ခဲ့ပါသည်။ ဗိုလ်ရွေးတပ်ဖွဲ့မှာ အလေးချိန်ပေါင် ၁ဝဝ၊ လူကသေးသေး၊ အသက်က လေးလလို သေး၊ ပြင်ဆင်မှုအားနည်း၍မရပါ။ စာမေးပွဲကျပါသည်။ မှူးကြီးမျိုးမြင့် (ကရင်ပြည်နယ်)(ကွယ်လွန်)၊ ဗိုလ်ချုပ် သိန်းဟန် (သံကြီး) နှင့် ဗိုလ်မှူးလှဦး (ကွယ်လွန်) တို့ အောင်သွားကြသည်။ လူတွေ့စစ်မေးသူများက မင်းငယ်သေးတာပဲ၊ ဘွဲ့ရပြီး ဝင်ပေါ့ကွာဟု ပြောပါ သည်။ နောင်မကြာခင်ခေါ်သည့်ဗိုလ်သင်တန်း(၂၈)သို့လည်း လျှောက်ခွင့်မရ၊ ဗိုလ်သင်တန်းကျောင်းကလည်း ဗထူးမှ မှော်ဘီသို့ ပြောင်းနေ၍ ကျောင်းပိတ်ထား သည်။ သို့ဖြင့် ကျောင်းဆက်တက်ရင်း သင်တန်းခေါ်၍ လျှောက်လိုက်ရာ ရေတပ်ဗိုလ်ဖြစ်သွားပါသည်။ ဘွဲ့ရပြီး ဖြစ်၍ တိုက်ရိုက်ပြန်တမ်းဝင် အရာရှိ “ဗိုလ်” အဖြစ် ခန့်အပ်ခြင်း ခံရပါသည်။ တက္ကသိုလ်ကျောင်းသား - ပြည်သူ့ စစ်သား ဖြစ်သွားပါပြီ။
သတင်းစာပါ၊ ပုံစံသစ် တက္ကသိုလ် တပ်ရင်းများ၊ အမျိုးသား စစ်မှုထမ်းဥပဒေ အရ သင်တန်းများ ဖွင့်လှစ်လေ့ကျင့် သင်ကြားပေးသည့် သတင်းများကို ဖတ်ရှုပြီး များစွာဝမ်းမြောက်ပီတိဖြစ်ရ ကြောင်း၊ အားရမိပါကြောင်း ထပ်မံဖော်ပြပါရစေ။
၂ဝဝ၈ ခုနှစ် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားတစ်ဦးအတွက် ကျရာ တာဝန်ထမ်းရွက်နိုင်ရန် ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရင်း ပြည်သူ့စစ်မဟာဗျူဟာကို အားဖြည့်မည့် နိုင်ငံသားများဖြစ်ပါစေကြောင်း ၂၀၂၅ ခုနှစ် လွတ်လပ်ရေးနေ့ အခါသမယတွင် ဆုတောင်းလိုက်ရပါသည်။ ။
Join - https://t.me/MyanmarNationalPost
(ကူးယူဖော်ပြပါသည်။)
No comments:
Post a Comment