တိုင်းပြည်မှာ မဲလိမ်မဲခိုးပြီး NLD ပါတီက နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို မမှန်ကန်တဲ့ နည်းလမ်းနဲ့ ရယူဖို့ ကြိုးပမ်းလာခြင်းကြောင့် အာဏာအရပ်ရပ်ကို တပ်မတော်က လွှဲပြောင်းရယူခဲ့တယ်။ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ က စပြီး အာဏာအရပ်ရပ်ကို လွှဲပြောင်းတာဝန်ယူဆောင်ရွက်ခဲ့တာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ နှစ်ကုန်ပိုင်းကို ရောက်လာခဲ့ပါပြီ။
တပ်မတော် ဦးဆောင်တဲ့ နစကအစိုးရလက်ထက်မှာ အာဏာလက်မဲ့ဖြစ်သွားတဲ့ NLD ပါတီက ဦးဆောင်ပြီး ဆူပူအကြမ်းဖက်မှုတွေ လုပ်ခဲ့ကြတယ်။ အစိုးရ ယန္တရားမလည်ပတ်နိုင်အောင် နိုင်ငံဝန်ထမ်းတွေကို CDM လုပ်ဖို့ လှုံ့ဆော်ခဲ့ရတယ်။ ဆိုးရွားလွန်းလှတဲ့ အခြေအနေဖြစ်ပေါ်ခဲ့ပါတယ်။ NLD ဦးဆောင်သူတွေ ဖွဲ့စည်းထားတဲ့ CRPH, NUG အကြမ်းဖက်အဖွဲ့တွေနဲ့ သူတို့ကို ဝန်းရံပြီး ဆူပူအကြမ်းဖက်မှုတွေ ဖြစ်ပေါ်အောင် လှုံ့ဆော်ပေးကြတဲ့ နိုင်ငံရေးလှုံ့ဆော်သူတွေ၊ ပြည်ပ အထောက်အပံ့နဲ့ ရပ်တည်နေတဲ့ ပြည်ဖျက်မီဒီယာတွေရဲ့ မဟုတ်မမှန် လုပ်ကြံဖန်တီး ရေးသားဖြန့်ဝေ ပြောဆိုလှုံ့ဆော်မှုတွေကြားမှာ အမှန်တရားတွေ ပျောက်ကွယ်ခဲ့ရတယ်။
နိုင်ငံရေးလှုံ့ဆော်သူတွေနဲ့ ပြည်ဖျက်မီဒီယာတွေရဲ့ လှုံ့ဆော်မှုတွေကြောင့် နိုင်ငံဝန်ထမ်းတချို့ CDM လုပ်သွားခဲ့ကြပြီး ကျန်ရှိနေတဲ့ ဝန်ထမ်းနဲ့ လစ်လပ်သွားတဲ့ နေရာများကို အစိုးရက ပြန်လည်ဖြည့်ဆည်းဖို့ ကြိုးပမ်းခဲ့ကြပါတယ်။ တည်ငြိမ်အေးချမ်းမှုကို လိုလားတဲ့ ပြည်သူများ၊ ကျွန်တော်တို့လို မီဒီယာများက နိုင်ငံဝန်ထမ်းများအပေါ် ပြည်ဖျက်မိစ္ဆာတွေက ပစ်မှတ်ထားပြီး ဒုက္ခပေးနေတဲ့အတွက် ဝန်ထမ်းတွေဘက်ကနေလည်း ရပ်တည်ခဲ့ကြပါတယ်။ အကြမ်းဖက်ဘေးအန္တရာယ်တွေကို သတိပြုကြဖို့နဲ့ ကာကွယ်နိုင်ဖို့ကို သတိပေးရေးသားဖော်ပြမှုတွေနဲ့ပဲ တတ်စွမ်းတဲ့ဘက်ကနေ ဝန်းရံပေးခဲ့ကြပါတယ်။
CRPH, NUG အကြမ်းဖက်အဖွဲ့ကို အားပေးထောက်ခံသူတွေရဲ့ ဆူပူအကြမ်းဖက်လုပ်ရပ်တွေ ကြားမှာ နိုင်ငံတော်တာဝန်ကို ထမ်းဆောင်ရတဲ့အခြေအနေဟာ အင်မတန် အန္တရာယ်များလှပါတယ်။ တပ်မတော်အကြီးအကဲများ ဦးဆောင်တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရရဲ့ အုပ်ချုပ်ရေးယန္တရားမှာ တိုင်းဒေသကြီးနှင့် ပြည်နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ရခိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဆင့်ဆင့် ဖွဲ့စည်းရာမှာ မူလကတည်းက အရပ်ဘက် အုပ်ချုပ်ရေးတာဝန်ထမ်းဆောင်နေသူများထဲကို တိုင်းဒသေကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့်ဆင့်မှာ တပ်မတော်အရာရှိများလည်း ပါဝင်လာပါတယ်။
စတင်ဖွဲ့စည်းတာဝန်ပေးအပ်စဉ်မှာတော့ ခရိုင်အဆင့်၊ မြို့နယ်အဆင့် စီမံအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူများဟာ မြို့နယ်များမှာ တည်ငြိမ်အေးချမ်းမှုကို လိုလားတဲ့ ပြည်သူများနဲ့ လက်တွဲပြီး တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးကို အလေးထားလုပ်ဆောင်တော့မှာလိုလို ဟန်ရေးပြခဲ့ကြပါတယ်။ စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းမှာ အနေကြာလာပြီး အသားကျလာတဲ့အခါ တည်ငြိမ်အေးချမ်းမှုကို လိုလားတဲ့ ပြည်သူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကို လိုလားတဲ့ အရိပ်အယောင် မပြတော့ပါဘူး။ အကြမ်းဖက်လှုပ်ရှားမှုနဲ့ ပတ်သက်လို့ တည်ငြိမ်အေးချမ်းမှုကိုလိုလားတဲ့ ပြည်သူတွေနဲ့ လက်တွဲဆောင်ရွက်လိုခြင်း မရှိတော့ပါဘူး။ ဆွေးနွေးတင်ပြလို့ မရတော့ပါဘူး။ သူတို့ရဲ့ လုပ်ပိုင်ခွင့်ကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သူတွေလို့ မြင်လာကြပါတယ်။
တစ်ဖက်မှာတော့ အကြမ်းဖက်လှုပ်ရှားမှုကို အထောက်အပံ့ပေးနေတဲ့ ငွေရှင်၊ ကြေးရှင်တွေနဲ့ နီးစပ်မှု ရလာပြီး KTV, မာဆတ်မှာ လိုက်လံဧည့်ခံ ကျွေးမွေးပြီး ချုပ်လာတဲ့နောက်ကို သာယာလာကြပါတယ်။ မြန်မာပြည်မှာက မြို့နယ်အဆင့် စီးပွားရေးလုပ်ငန်းရှင်ကလည်း မြို့နယ်မှာ တာဝန်ရှိတဲ့ အဓိကကျတဲ့ သူကို လုံးပါတယ်။ မြို့နယ်အဆင့် ခရိုနီလို့ ဆိုရင်လည်း မမှားပါဘူး။ ထိုနည်းတူစွာပါပဲ ခရိုင်အဆင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်၊ နိုင်ငံတော်အဆင့် ခရိုနီတွေလည်း ရှိကြတာပါပဲ။
အထူးအားဖြင့် မြို့နယ်အဆင့်/ ခရိုင်အဆင့် စီမံအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတွေကို ငွေနဲ့ ဝင်လုံးတဲ့သူတွေမှာ ရိုးသားမှု မရှိပါဘူး။ အာဏာပိုင်ကို ငွေကြေးနဲ့ ချည်းကပ်လာပြီဆိုကတည်းက မရိုးသားကြပါဘူး။ အကြမ်းဖက်လှုပ်ရှားမှုကို တဖက်က ကူညီပံ့ပိုးနေသူဖြစ်နိုင်တယ်။ ဘာသာရေး လူမျိုးရေးပြဿနာ ဖန်တီးနေသူတွေ ဖြစ်နိုင်တယ်။ သို့သော် ဒီလူတွေရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်လို့ လက်မခံနိုင်တဲ့ ရဟန်းရှင်လူပြည်သူများဘက်က အသံထွက်လာတဲ့အခါ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တွေ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တွေက ဒီလိုလူတွေဆီကနေ အပင်းစို့ထားပြီး ဖြစ်တဲ့အတွက် မမှန် မကန် ကာကွယ်ရပ်တည်တာမျိုးတွေကြောင့် ပြဿနာတွေ ပေါ်ပေါက်ခဲ့ရဖူးပါတယ်။
ကျွန်တော်တို့အနေနဲ့ကတော့ တပ်မတော်ဦးဆောင်တဲ့ နစကအစိုးရဟာ ပြည်ပသြဇာခံ ပြည်ဖျက်ပါတီ NLD ရဲ့ မမှန်ကန်တဲ့ လုပ်ရပ်တွေကို ဖော်ထုတ်နေရတယ်။ NLD အစိုးရလက်ထက် မှာ ဖြစ်ပေါ်ခဲ့တဲ့ အဂတိလိုက်စားမှုတွေကို ဖော်ထုတ်အရေးယူနေရတယ်။ ဒီလို ကာလမျိုးမှာ အဂတိလိုက်စားမှုတွေကို အထူးအားဖြင့် ရှောင်ရှားသင့်ကြောင်း ထောက်ပြပြောဆိုခဲ့ပါတယ်။ သို့သော် တာဝန်နဲ့ လုပ်ပိုင်ခွင့် ရတဲ့သူတွေမှာ ဒီနေရာမျိုးကို ပြန်ရဖို့က မလွယ်သလို ဒီလို အဂတိုလိုက်စားဖို့ အခွင့်အရေးကလည်း နောက်တစ်ခါ မရနိုင်တော့ဘူးလို့ တွေးဆပုံ ပေါ်ပေါ်ပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ယုံကြည်အားကိုးတဲ့ သူတွေကိုယ်တိုင်က အဂတိလိုက်စားမှုတွေ ကျူးလွန်နေတဲ့အတွက် အရေးယူဆောင်ရွက်ရတာကိုလည်း မြင်တွေ့လာရပါတယ်။
နိုင်ငံတော်အကြီးအကဲများအနေနဲ့ ဒီအစိုးရရဲ့ ယန္တရားကို ထိန်းကျောင်းဖို့ မလွယ်ဘူးဆိုတာလည်း သိကြပါတယ်။ သို့ပေသော် အကောင်းဆုံး ပြုပြင်တည်ဆောက်သွားမယ်ဆိုတဲ့ အတွေးမျိုးနဲ့ပဲ အလုပ် လုပ်နေကြတယ်လို့ ယုံကြည်ပါတယ်။
စာရေးသူအနေနဲ့တော့ နစကအစိုးရအပြောင်းအလဲမှာ နော်ဝေနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဒေါ်မော်မော် ပြောခဲ့တဲ့ စကားကို သေသည်အထိအောင် မေ့ပျောက်နိုင်မှာ မဟုတ်ပါဘူး။ ခေါင်းဆောင်တစ်ယောက် အာဏာရှင်အဖြစ် သတ်မှတ်ခံရတယ်ဆိုတာ ခေါင်းဆောင်က ဆိုးသွမ်းနေလို့ မဟုတ်ဘူး။ ဦးနေဝင်း၊ ဦးသန်းရွှေ တို့ ဦးဆောင်နေတဲ့ ကာလမှာ အာဏာရှင်အဖြစ် သတ်မှတ်ခံရအောင် တပည့်တွေက အလွဲသုံးစွား လုပ်ခဲ့ကြတဲ့ အခြေအနေ၊ ဒေါ်အောင်ဆန်းစုကြည် က ရွေးကောက်ပွဲမှာ ၁၀၀ ရာခိုင်နှုန်းနိုင်ချင်လို့ ပြောတာမျိုးကို သူ့လူတွေက ဖြစ်နိုင်ခြေနဲ့ ပြန်လည်တင်ပြခြင်းမရှိဘဲ ဒေါ်စုဖြစ်စေချင်သလို လုပ်ခဲ့တဲ့ မှားယွင်းတဲ့ လုပ်ရပ်တွေကို ဒေါ်မော်မော် က ကွက်ကွက်ကွင်းကွင်း ထောက်ပြပြောဆိုခဲ့ပါတယ်။
နစကအစိုးရ သက်တမ်းနဲ့ တွက်ရင် အကြမ်းဖက်နှိမ်နင်းရေးဟာ ဒီအချိန်မှာ ပပျောက်လုနီးပါး ဖြစ်နေရပါမယ်။ ဘာကြောင့် အကြမ်းဖက်လှုပ်ရှားမှုက ပပျောက်သွားခြင်း မရှိဘဲ ပိုမိုဆိုးသွမ်းလာတဲ့ အခြေအနေမျိုးအထိ ယနေ့တိုင်အောင် ဖြစ်နေရတာလဲ။ အကြောင်းကတော့ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေး ဆိုတဲ့ စကားဟာ အစည်းအဝေးတွေမှာပဲ ပြောဆိုသုံးစွဲတဲ့ စကားမျိုးဖြစ်နေပြီး လက်တွေ့ အကောင်အထည် ဖော်မှုအပိုင်းမှာ လိမ်ညာလှည့်ဖျားမှုတွေ လုပ်နေကြလို့ပဲ ဖြစ်ပါတယ်။
ဒီနေရာမှာ သာဓကတွေနဲ့ ပြန်လည်ထောက်ပြပြီး ပြောဆိုရရင် ပြင်ဦးလွင်က မြေယာပြဿနာတွေမှာ နစ်နာသူတွေရဲ့ တင်ပြချက်တွေ ဦးသိန်းစိန်အစိုးရလက်ကတည်းက စပြီး တင်ပြလာတာ။ အခုအချိန်အထိ ဥပဒေနဲ့အညီ တိတိကျကျ ပြီးပြတ်အောင် ဖြေရှင်းဆောင်ရွက်ပေးခြင်း မရှိဘူး။ အချိန်ဆွဲပြီး လိမ်ညာနေကြတာ ဖြစ်ပါတယ်။ စာရေးသူထံ ဆက်သွယ်အကူအညီတောင်းခံလာတဲ့ ပြင်ဦးလွင်မြို့နယ်၊ ရေငယ်ကျေးရွာမှာ ပိုးစာစိုက်စီမံကိန်းက စပြီး စိုက်ပျိုးလာတဲ့ တောင်သူတွေ နိုင်ငံတော်အစိုးရက ကြက်ဆူစိုက် ဆိုတော့လည်း ကြက်ဆူစိုက်ခဲ့ကြတယ်။ အဲဒီနောက်ပိုင်း ကျေးရွာလူကြီးက နိုင်ငံတော်သိမ်းသလိုလို ဘာလိုလို တောင်သူတွေကို မလိမ့်တပတ်ပြောပြီး လုပ်ငန်းရှင်တွေကို ရောင်းစားခဲ့တယ်။ တောင်သူတွေက ဒီစိုက်ပျိုးမြေတွေ ပြန်လည်စိုက်ပျိုးခွင့်ရဖို့ တင်ပြနေတာကို နည်းအမျိုးမျိုးနဲ့ လိမ်လည်လှည့်ပတ်ပြီး အချိန်ဆွဲထားကြတယ်။ မြေပြင်အခြေအနေမှာတော့ လမ်းတွေဖော်၊ ခြံကွက်တွေရိုက်ရိုင်း၊ တိုက်တာအဆောက်အဦတွေတောင် ဖြစ်နေပါပြီ။ တောင်သူတွေကတော့ မလျော့သောဇွဲနဲ့ ဦးသိန်းစိန်အစိုးရလက်ထက်ကလည်း ပြန်လည်ရရှိဖို့ တင်ပြကြတယ်။ NLD အစိုးရလက်ထက်မှာလည်း အကြိမ်ကြိမ်အခါခါ တင်ပြတယ်။ နစကအစိုးရ ဖြစ်လာတော့လည်း ဗိုလ်ချုပ်မှူးကြီးထံ အကြိမ်ကြိမ်တင်ပြတယ်။ တဖက်မှာ စိုက်ပျိုးမြေကို လုပ်ပိုင်ခွင့်မရဘဲ လမ်းဖောက်၊ ခြံကွက်ဖော် ရောင်းစားနေသူတွေက မြို့နယ်/ ခရိုင်အဆင့် ခရိုနီတွေ မဟုတ်ဘူး။ ဒီထက်ပိုတဲ့ အဆင့်မှာ ရှိတယ်။
စိုက်ပျိုးမြေပေါ်မှာ အခုလို ခွင့်ပြုချက်မဲ့ လုပ်ခြင်းဟာ နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ လမ်းညွှန်ချက်တွေနဲ့ ဆန့်ကျင်ဘက်ဖြစ်နေသည့်တိုင်အောင် အဲဒီလူတွေ အရေးယူခြင်း မခံရဘူးဆိုတာက ဆိုးရွားလွန်းတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒီလို လုပ်ဆောင်ခြင်းကို ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ခြင်းဖြစ်တယ်လို့ သတ်မှတ်မယ်ဆိုရင်လည်း ဒီစိုက်ပျိုးမြေကို ပြန်လည်လုပ်ကိုင်ခွင့် ရဖို့ တောင်းခံသူတွေနဲ့ ပြီးပြတ်အောင် ဖြေရှင်းပြီး လုပ်ရမှာ မဟုတ်ပါလား။ ဥပဒေနဲ့အညီ ဖြေရှင်းဆောင်ရွက်ရန် တာဝန်ရှိသူတွေက ဒီအစိုးရလည်း သက်ဆိုးမရှည်ပါဘူး။ သူတို့ ပြောတိုင်း လုပ်ဖို့ မလိုပါဘူးဆိုတဲ့ ပြောဆိုသံတွေ ထွက်လာကတော့ တာဝန်နဲ့ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်ပြီး ပြည်သူများအပေါ် ဂုပ်သွေးစုပ်ချင်တဲ့ သူယုတ်မာတွေလို့ ဆိုရမလားပဲ။
အစိုးရမှန်သမျှ ဘယ်အစိုးရမှ သက်ဆိုးမရှည်ပါဘူး။ မိမိတို့ တာဝန်ထမ်းဆောင်နေတဲ့အချိန်မှာ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်သူများအတွက် တာဝန်ထမ်းရွက်ကြမှာ ဖြစ်ပါတယ်။ သက်တမ်းရှည် ဝန်ထမ်းတချို့က အစိုးရသက်ဆိုးမရှည်တာကို အခွင့်ကောင်းယူပြီး လိမ်လည်လှည့်ဖျားနေမယ့် သဘောကို အထင်အရှား ပြသနေပါတယ်။
ဒါ့အပြင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ နေပူကုန်းကျေးရွာက တောင်သူ မိသားစုကလည်း သူတို့လယ်ယာမြေတွေကို ရွာလူကြီးပါ လူပုဂ္ဂိုလ်(၃)ဦး က အသိမပေးဘဲ ရောင်းစားပစ်တယ်။ တောင်ငူခရိုင် စီမံအုပ်ချုပ်ရေး၊ မြို့နယ်စီမံအုပ်ချုပ်ရေး က ဒီကိစ္စကို ဖြေရှင်းဆောင်ရွက်ပေးနိုင်ခြင်း မရှိဘူး။ တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံက ညွှန်ကြားစာ မရသေးလို့ လို့ ပြောပါသတဲ့။ တောင်သူ ဦးရာရဲ့ သမီး ဒေါ်အေးဝင်း က အကြိမ်ကြိမ် ဆက်သွယ်ပြောဆိုနေလို့ ကျွန်တော်တို့ မြန်မာနေရှင်နယ်ပို့စ် က အိတ်ဖွင့်ပေးစာ၊ ရုပ်သံတို့ကို တင်ပြပေးထားပါတယ်။
အလားတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ထံ ညောင်ရွှေမြို့နယ် က တောင်သူတွေ တင်ပြထားတဲ့ တိုင်စာတစ်စောင်ကိုလည်း ရရှိထားပါတယ်။ ပုံစံ(၇) ရှိထားတဲ့ တောင်သူတွေရဲ့ မြေကို အား/ကာ က ရယူသွားတဲ့ ကိစ္စ ဖြစ်ပါတယ်။ တောင်သူတွေ နှစ်ပေါင်းများစွာ စိုက်ပျိုးလုပ်ကိုင်လာတဲ့ မြေက အား/ကာ ရဲ့ မြေတဲ့။ အား/ကာ ကို ပုံစံ(၇) ထုတ်ပေးထားတယ်တဲ့။ အား/ကာ က စိုက်ပျိုးရေးလုပ်ရမယ်လို့ အစိုးရအဆက်ဆက် တခါမှ မကြားဖူးပါဘူး။ မူလအားကစားကွင်းမှာ ယခင်အစိုးရလက်ထက် က ခြံစည်းရိုးခတ်ထားပြီးတာကို ပြန်ဖျက်ပြီး ခြံစည်းရိုးအသစ် ပြန်ခတ်နေတယ်။ တောင်သူတွေရဲ့ မြေကိုပါ အား/ကာ မြေပါဆိုပြီး ခြံစည်းရိုးခတ်မယ့် သဘောဖြစ်ပါတယ်။ ဒါတွေက ဘာတွေလုပ်နေတာလဲ။ ရိုးသားမှု ရှိရဲ့လားဆိုတာပဲ မေးချင်မိပါတယ်။ ဒါတွေက စာရေးသူနဲ့ ဆက်စပ်လို့ ရရှိထားတဲ့ အချက်အလက်တချို့သာ ဖြစ်ပါတယ်။ ဒီထက်မက ဆိုးရွားတဲ့ အခြေအနေများလည်း ရှိနေနိုင်ပါတယ်။
အဆိုးဆုံး အခြေအနေတစ်ခုကိုတော့ ထည့်သွင်းတင်ပြဖို့ရာ ချန်လှပ်ခဲ့လို့ မရပါဘူး။ အဲဒါကတော့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ အရွယ်ရောက်ပြီးသူများ စစ်မှုထမ်းဆောင်ရန် ဖြစ်ပါတယ်။ ဒီဥပဒေနဲ့ ပတ်သက်လို့ စာရေးသူအနေနဲ့ အပြည့်အဝ ထောက်ခံပါတယ်။ ကျွန်တော့်သားသမီးလည်း အရွယ်ရောက်လာတဲ့အချိန်မှာ မဖြစ်မနေ ထမ်းဆောင်ရမှာပဲ ဖြစ်ပါတယ်။ လက်ရှိ အရွယ်ရောက်ပြီး ဥပဒေအရ အကြုံးဝင်သူတွေလည်း ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။
ဥပဒေကို အသက်သွင်းပြီး အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ အပိုင်းမှာတော့ အားနည်းချက်တွေ ရှိသလို မမှန်မကန် လုပ်ရပ်တွေလည်း များစွာဖြစ်ပေါ်လာပါတယ်။ ဥပဒေအရ မြန်မာနိုင်ငံသား အားလုံး အနီ၊ အစိမ်းခွဲခြားထားခြင်းမျိုး မရှိပါဘူး။ အဖြူအမဲ ခွဲခြားထားခြင်းမျိုး မရှိပါဘူး။ မြို့နယ်၊ ကျေးရွာအလိုက် စာရင်းများလည်း သက်ဆိုင်ရာဌာနများမှာ ရှိနေပြီးဖြစ်ပါတယ်။ ဌာနဆိုင်ရာ တာဝန်ရှိသူတွေက မမှန်မကန် လုပ်ထားရင်တော့ အတိအကျ မရှိနိုင်ပါဘူး။ မှန်မှန်ကန်ကန် လုပ်ထားတယ်ဆိုရင်ဖြင့် ကျေးရွာ/ ရပ်ကွက်များမှာ စစ်မှုထမ်းဆောင်ရမယ့် အသက်အရွယ်အပိုင်းအခြားရှိ စာရင်းဟာ မြေပြင်ကို ဆင်းကြည့်ဖို့မလိုဘဲ တွက်ထုတ်လို့ ရရမှာ ဖြစ်ပါတယ်။ အဲဒီ စာရင်းထဲမှာမှ ကင်းလွတ်ခွင့်ပေးရမယ့်သူ၊ ယာယီကင်းလွတ်ခွင့် ပေးရမယ့်သူလည်း စိစစ်ဆောင်ရွက်နိုင်ရမှာ ဖြစ်ပါတယ်။
ယနေ့ ဒီဥပဒေကို အကောင်အထည်ဖော်နေတဲ့ အစိုးရယန္တရားဟာ စာရင်းဇယားနဲ့ ဥပဒေကို လေးစားလိုက်နာပြီး လုပ်ဆောင်နေခြင်းမျိုး မဟုတ်ဘဲ လူငယ်လူရွယ်တွေကို ဒုက္ခပေးတဲ့ ပုံစံမျိုး လုပ်ဆောင်နေတဲ့ လုပ်ရပ်တွေဟာ အစိုးရအပေါ် ယုံကြည်လေးစားမှု ပျက်ပြားအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေခြင်းမျိုး ဖြစ်ပါတယ်။
ပြည်သူ့စစ်မှုထမ်းဥပဒေပေါ်ပေါက်လာပြီးချိန်မှာ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေရဲ့ မလျော်ကန်တဲ့ လုပ်ရပ်တွေ အသံမျိုးစုံထွက်လာတယ်။ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက ဘယ်သူတွေရဲ့ လမ်းညွှန်မှုနဲ့ လုပ်နေသလဲ ဆိုရင် မြို့နယ်စီမံအုပ်ချုပ်ရေးတာဝန်ရှိသူတွေနဲ့ လက်ဝါးချင်းရိုက် လုပ်နေခြင်း ဖြစ်ပါတယ်။
ဒီဥပဒေကို အဓိက ရှောင်လွှဲချင်တာက နီပိန်းတွေပါ။ ဥပဒေကို လေးစားလိုက်နာခြင်းမရှိတဲ့ နီပိန်းတွေကို ပညာပေးတာမျိုးကို မပြောလိုပါဘူး။ ပြည်သူ့စစ်မှုမထမ်းချင်တဲ့ နီပိန်းတွေက ပြေးတယ်။ အရေးယူဆောင်ရွက်မှု မရှိဘူး။ တချို့ ငွေယူပြီး လူစားရှာပေးတာမျိုးတွေ လုပ်နေကြတာလည်း မှန်ပါတယ်။ အထင်ရှားဆုံး ကိစ္စ က တော့ နေပြည်တော်မှာ အလုပ် လုပ်ကိုင်နေပြီး နတ်မောက်မြို့ကို ခေတ္တပြန်ရင်းက စစ်မှုထမ်းဖို့ အစွဲခံခဲ့ရတဲ့ ဖြစ်စဉ်တစ်ခု ရှိခဲ့ပါတယ်။ အစွဲခံရတဲ့ လူငယ်ရဲ့ မိသားစုက သိန်း(၁၅၀) ကျပ် ပေးပြီး သွားပြန်ထုတ်ခဲ့ရပါတယ်။ စစ်မှုထမ်း ဥပဒေမှာ အဲဒီလို ပြဋ္ဌာန်းချက်မျိုးရှိလို့လား မေးရင် မရှိပါဘူး။ ဒီလူငယ်ဟာ စစ်မှုထမ်းရတော့မယ်ဆိုရင် တရားဝင်စာနဲ့ ဆင့်ခေါ်ရမှာ ဖြစ်ပါတယ်။ တနယ်တကျေးကို ရောက်နေရင်လည်း မိသားစုဝင်များက ပြန်ခေါ်ပေးရမှာ ဖြစ်ပါတယ်။ ပြန်ခေါ်မပေးဘဲ ရှောင်ပြေးတယ်ဆိုရင် ဥပဒေအရ အရေးယူဆောင်ရွက်ရမယ့် အပိုင်းဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်ကို မလုပ်ပါဘူး။
မြန်မာနေရှင်နယ်ပို့စ် မှာ ဖော်ပြထားပြီး ဖြစ်ပါတယ်။ တောင်ဒဂုံမှာ နေထိုင်တဲ့ ကျွန်တော့် မိတ်ဆွေ ဦးထွန်းလင်း သူ့တူလေး ကို အမည်မသိ လူမှောင်ခိုအဖွဲ့က စွဲသွားလို့ လိုက်လံစုံစမ်းရာမှာ တွံ့တေးမြို့နယ်ထွေအုပ်ရုံးကနေ ပြန်ရခဲ့ပါတယ်။ ထွေအုပ်ရုံးက ဒီလူငယ်ကို စစ်မှုထမ်းထဲ ထည့်ဖို့ လူမှောင်ခိုအဖွဲ့ထံကနေ ၁၄သိန်းနဲ့ ယူထားလိုက်တာ ဖြစ်ပါတယ်။ မိသားစုဝင်တွေက ပြန်လိုက်ခေါ်တဲ့အချိန် လူမှောင်ခိုအဖွဲ့ကို ပေးလိုက်ရတဲ့ ၁၄သိန်း ပြန်တောင်းချင်ပါသေးတယ်။ မိသားစုဝင်တွေက မတတ်နိုင်လို့သာ မပေးခဲ့ရတာပါ။
တောင်ဒဂုံမြို့နယ်မှာ နေတဲ့သူ တွံ့တေးစစ်မှုထမ်းစာရင်းထဲ ထည့်ရမယ်လို့ ဥပဒေမှာ မရှိပါဘူး။ သူနေထိုင်ရာ ရပ်ကွက်၊ မြို့နယ် က တာဝန်ထမ်းဆောင်ရမယ့် အချိန်မှာ ဆင့်ခေါ်ဖို့ပဲ ရှိပါတယ်။ ဥပဒေမဲ့ လုပ်ရပ်တွေကတော့ ဆိုးသထက် ဆိုးရွားလာတဲ့ အခြေအနေရှိပါတယ်။ နေပြည်တော်၊ ပျဉ်းမနားမြို့ထဲက ဖြစ်စဉ်တစ်ခုနဲ့ ပတ်သက်လို့ တာဝန်ရှိသူများထံ ရုပ်သံမှတ်တမ်းပေးပို့ပြီး တင်ပြဖူးပါတယ်။ ဆိုင်ကယ်တိုက်မှုဖြစ်ပြီး ကိုယ်အင်္ဂါချို့ယွင်းနေတဲ့သူကို အုပ်ချုပ်ရေးမှူးက မလိမ့်တပတ်နဲ့ ခေါ်သွားတယ်။ စစ်ဆေးပြီး ပြန်လွှတ်မှာပါလို့ ပြောသွားတယ်။ ပြန်မလွှတ်ဘဲ စစ်မှုထမ်းစာရင်းထဲ ထည့်လိုက်တယ်။ မြို့နယ်ကလည်း မစစ်ဆေးပါဘူး။ လူရဖို့သာ အဓိက တခါတည်း လေ့ကျင့်ရေးကျောင်းကို ထည့်လိုက်ပါတယ်။ ဇနီးဖြစ်သူက လာရောက်ပြောဆိုလို့ သိခဲ့ရပါတယ်။ သိရတဲ့အတိုင်းပဲ အောက်ခြေယန္တရားမှာ ဖြစ်ပျက်နေပုံကို တာဝန်ရှိသူများ သိရှိအောင် ရုပ်သံမှတ်တမ်းတင်ပြီး ပို့ပေးခဲ့ခြင်း ဖြစ်ပါတယ်။
နိုင်ငံတော်အကြီးအကဲများမှာ ကမ္ဘာ့အရေး၊ မြန်မာ့အရေး ခေါင်းစားနေရချိန်မှာ ယန္တရားကို ထိန်းကျောင်းမတည့်မတ်သူ မရှိ ဖြစ်နေတဲ့ ပုံစံမျိုးပါပဲ။ တပ်မတော်အရာရှိ ဆိုသူများကလည်း တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို အလေးမထားပါဘူး။ တပ်မတော်ကို ခုတုံးလုပ်ပြီး ပြည်သူအပေါ် ဂုပ်သွေးစုပ်နေတဲ့ လုပ်ရပ်တွေဟာလည်း ပြည်သူနဲ့ တပ်မတော်ကို ရည်ရွယ်ချက်ရှိရှိ သွေးခွဲနေခြင်းပဲ ဖြစ်ပါတယ်။ ဖြစ်ပေါ်လျက်ရှိတဲ့ အခြေအနေကို မထိန်းသိမ်းဘူး၊ မတည့်မတ်ဘူး ဆိုရင်တော့ နစကအစိုးရရဲ့ သမိုင်းကို အရုပ်ဆိုးအကျည်းတန်အောင် လုပ်မယ့်သူတွေဟာ အတွင်းလူတွေပဲ ဖြစ်ပါလိမ့်မယ်။ အတွင်းလူများ (နိုင်ငံဝန်ထမ်းများ) ကမှ စည်းမစောင့်ဘဲ ဒီအစိုးရအပေါ် ပြည်သူတွေ ယုံကြည်လေးစားလာဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား။
၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ (၉)ရက်နေ့ က အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်း အနားကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန-၁ ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားခဲ့တဲ့ အမှာစကားမှာ "အဂတိလိုက်စားမှုဆိုသည်ကို သာမန်အားဖြင့် လာဘ်ပေး လာဘ်ယူမှုလောက် သာထင်မှတ်ကြသော်လည်း တကယ်တော့ လူ့ဘောင်လောကတွင် ကျယ်ပြန့်နက်ရှိုင်း သည့် မကောင်းမှုကြီးဖြစ်ကြောင်း၊ ခြိမ်းခြောက်ငွေညှစ်ခြင်း၊ လိမ်လည်ခြင်း၊ နိုင်ငံတော် ဘဏ္ဍာနှင့် ပစ္စည်းများကို အလွဲသုံးစားလုပ်ခြင်း၊ ပြည်သူပိုင်ပစ္စည်း ငွေကြေးများကို ကိုယ်ကျိုးအတွက် မသင့်မလျော်သုံးစွဲခြင်း၊ မလျော်ဩဇာသုံးပြီး ကိုယ်ကျိုးအတ္တ ကိုရယူခြင်း စသည်များသည် အဂတိလိုက်စားမှုများပင် ဖြစ်ကြောင်း၊ အဂတိလိုက် စားမှုကြောင့် ရာဇဝတ်မှုများ ကျူးလွန်ခြင်း၊ အကြမ်းဖက်တိုက်ခိုက်မှုများကို အားပေး ခြင်းများ ဖြစ်ပေါ်လာစေကြောင်း၊ ထို့အပြင်တရားဥပဒေစိုးမိုးရေးနှင့် ဒီမိုကရေစီ စနစ်ကို ထိခိုက်စေခြင်းတို့ကို ဖြစ်စေခြင်းကြောင့် ကမ္ဘာလုံးဆိုင်ရာ ပြဿနာကြီးတစ်ခု၊ ရောဂါဆိုးကြီး တစ်ခုဟု ဆိုနိုင်ကြောင်း။" ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။
အကြမ်းဖက်နှိမ်နင်းရေးမှာ အားနည်းချက်တွေ ဖြစ်ပေါ်နေခြင်းဟာလည်း တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးကို အလေးထား လုပ်ဆောင်ရမယ့် တာဝန်ရှိသူတွေရဲ့ တာဝန်ပျက်ကွက်မှု၊ တာဝန်နဲ့ လုပ်ပိုင်ခွင့်ကို အများပြည်သူကောင်းကျိုးဖြစ်စေဖို့ အသုံးမချဘဲ ကိုယ်ကျိုးစီးပွားကိုသာ မျက်နှာမူနေခြင်းကြောင့်လား ဆိုတာလည်း မေးခွန်းထုတ်စရာဖြစ်လာပါတယ်။
ယခု ပြည်သူ့စစ်မှုထမ်းဥပဒေ ကို အကောင်အထည်ဖော်တဲ့ကိစ္စမှာ သာမာန်လာဘ်ပေး လာဘ်ယူမဟုတ်တော့ဘဲ ခြိမ်းခြောက်ငွေညှစ်ခြင်း၊ လိမ်လည်ခြင်း၊ ဥပဒေကို လက်တစ်လုံးခြား လုပ်ခြင်းများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေခြင်းကြောင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားတဲ့ အမှာစကားမှာ - “အဂတိပယ်ခွာ ပြည်သာယာ” ဆိုသည့် ကော်မရှင်၏ ဆောင်ပုဒ်နှင့်အညီ အဂတိလိုက်စားမှုကင်းစင်သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ပေါ်လာစေရန် အစိုးရနှင့် ပြည်သူ လူထုတစ်ရပ်လုံးက အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများကို စိတ်ပါဝင်စား စွာဖြင့် ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ တစ်ဦးချင်း၊ တစ်ယောက်ချင်း၊ တစ်ဖွဲ့ချင်းက အဂတိကိုပယ်ခွာပြီး မိမိကိုယ်တိုင်နှင့် မိမိပတ်ဝန်း ကျင်၊ ထိုမှတစ်ဆင့် နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်သာယာအောင် ဝိုင်းဝန်းဆောင်ရွက် သွားကြရန် လေးလေးနက်နက် တိုက်တွန်းအပ်ကြောင်း။ -
လမ်းညွှန်ချက်နဲ့အညီ ထိန်းကျောင်း တည့်မတ်နိုင်စေဖို့ စုစည်းရေးသား တင်ပြလိုက်ရခြင်း ဖြစ်ပါကြောင်း။ ။
နောင်တော်လေး (ဘိုကလေး)
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment