ပြင်ဦးလွင်မြို့ အမျိုးသားကန်တော်ကြီးဥယျာဉ် နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် အလုပ်ရုံဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြင်ဦးလွင်မြို့ အမျိုးသားကန်တော်ကြီးဥယျာဉ် နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် အလုပ်ရုံဆွေးနွေးပွဲကျင်းပ


မန္တလေး၊ ဒီဇင်ဘာ ၂၃

ပြင်ဦးလွင်မြို့ အမျိုးသားကန်တော်ကြီးဥယျာဉ် နှစ် ၁၀၀ ပြည့်အထိမ်းအမှတ် အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက ပြင်ဦးလွင်မြို့ အမျိုးသားအထိမ်းအမှတ်ဥယျာဉ်ရှိ ရှင်းလင်းဆောင်၌ ကျင်းပသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်က နိုင်ငံတော်က ပြင်ဦးလွင်မြို့ကို ပန်းမြို့တော်၊ ခရီးသွားမြို့တော်၊ ပန်းအခြေခံစီးပွားရေးလုပ်ငန်းဖွံ့ဖြိုးသည့် မြို့တော်၊ ပန်းထုတ်လုပ်ဖြန့်ဖြူးရာဗဟိုချက်မဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ အမျိုးသားကန်တော်ကြီး ဥယျာဉ်နှစ် ၁၀၀ ပြည့်အထိမ်းအမှတ်ပန်းပွဲတော်သို့ ခရီးသွားဧည့်သည်များ ပျော်ရွှင်စွာပါဝင်ဆင်နွှဲနိုင်စေရန်၊ ဥယျာဉ်ကို လာရောက်လေ့လာလည်ပတ်ခြင်းဖြင့် သစ်တောသစ်ပင်များ၏ အရေးပါမှု၊ အကျိုးပြုမှုနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့ကို ပိုမိုသိရှိတန်ဖိုးထားတတ်လာစေရန်၊ ခရီးသွားဧည့်သည်များအနေဖြင့် ပွဲတော်အတွင်း စိတ်ကြည်နူးစွာ ပါဝင်ဆင်နွှဲနိုင်ရုံသာမက ဗဟုသုတတိုးပွားပြီး လေ့လာလည်ပတ်ရကျိုးနပ်စေရန်၊ ခရီးသွားလုပ်ငန်းကဏ္ဍကို အထောက်အကူပြုနိုင်ခြင်းဖြင့် အမျိုးသားကန်တော်ကြီးဥယျာဉ်နှင့် ပန်းပွဲတော်အစဉ်အလာကို ရေရှည်တည်တံ့စေရေးအတွက် ဝိုင်းဝန်းပူးပေါင်းထိန်းသိမ်းစောင့်ရှောက်နိုင်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပရခြင်း ဖြစ်ကြောင်း ပြောကြားသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် သစ်တောဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦးက အမျိုးသားကန်တော်ကြီးဥယျာဉ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဂျပန်နိုင်ငံ သဘာဝသိပ္ပံအမျိုးသားပြတိုက် (National Museum of Nature and Science - NMNS) မှ Chief Curator ဖြစ်သူ Dr. Nobuyuki Tanaka က အပင်မျိုးစုံမျိုးကွဲနှင့် ထိန်းသိမ်းကာကွယ်ခြင်းဆိုင်ရာ သုတေသနလုပ်ငန်းများတွင် ရုက္ခဗေဒဥယျာဉ်က အဓိကအခန်းကဏ္ဍမှ ပါဝင်နေမှုခေါင်းစဉ်ဖြင့်လည်းကောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ်သိပ္ပံအကယ်ဒမီ စစ်ဆောင်းပါးနား အပူပိုင်းဒေသရုက္ခဗေဒဥယျာဉ်မှ ရုက္ခဗေဒပညာရှင် ပါမောက္ခ Mr. Tang Yun Hong မှ XTBG စတင်တည်ထောင်ခဲ့ပုံနှင့် သုတေသန၊ ပညာပေးရေးနှင့် အပန်းဖြေဖျော်ဖြေရေးဆိုင်ရာ ဆောင်ရွက်မှုများ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ထိုင်းနိုင်ငံ Mae Fah Luang Foundation မှ ပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင် Dr. Supatchaya Techachoochert က ချင်းရိုင်မြို့ Doi Tung ဒေသ၏ သစ်တောများ ပြန်လည်တည်ထောင်ရေးနှင့် ထိန်းသိမ်းစောင့်ရှောက်ခြင်းဆိုင်ရာ ခေါင်းစဉ်ဖြင့်လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ ရုက္ခဗေဒပညာရှင်များဖြစ်သည့် စစ်ကိုင်းတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာစိုးမြင့်အေး၊ မြန်မာနိုင်ငံ ပန်းဝါသနာရှင်အသင်းဥက္ကဋ္ဌ ဒေါက်တာစောလွင်၊ ဟုမ္မလင်းတက္ကသိုလ်ကျောင်းအုပ်ကြီး(ငြိမ်း) ဒေါက်တာသက်နိုင်ဦး၊ မန္တလေးတက္ကသိုလ် ရုက္ခဗေဒဌာနပါမောက္ခ (ဌာနမှူး) ဒေါက်တာကလျာလူတို့က အမျိုးသားကန်တော်ကြီးဥယျာဉ် အောင်မြင်စွာဖွံ့ဖြိုးတိုးတက်စေရေး အထောက်အကူပြုနိုင်မည့် ရုက္ခဗေဒပညာရပ်ဆိုင်ရာများနှင့် ပတ်သက်၍လည်းကောင်း၊ ပွဲကောက်ရေတံခွန်မှ လက်ထောက်အထွေထွေမန်နေဂျာ ဦးအောင်ထွန်းထွန်းလွင်က မြေယာရှုခင်းနှင့် အပန်းဖြေဝန်ဆောင်မှုများနှင့်ပတ်သက်၍လည်းကောင်း၊ ထူးထရေးဒင်းကုမ္ပဏီလီမိတက်မှ ဦးဇော်မင်းထွန်းက အမျိုးသားကန်တော်ကြီးဥယျာဉ်နှင့်ပတ်သက်၍လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် အမျိုးသားကန်တော်ကြီးဥယျာဉ် အောင်မြင်စွာဖွံ့ဖြိုးတိုးတက်စေရေး အထောက်အကူပြုနိုင်မည့်နည်းလမ်းများကို “အမျိုးသားကန်တော်ကြီးဥယျာဉ် အမြဲသာယာလှပရေး၊ အမျိုးသားကန်တော်ကြီးဥယျာဉ်အတွင်း စိုက်ပျိုးသင့်သည့် ဈေးကွက်ဝင်ပန်းမျိုးစိတ်များဖော်ထုတ်ရေး၊ သုတေသနဖွံ့ဖြိုးတိုးတက်စေရေးနှင့် နည်းပညာများ တီထွင်ဆန်းသစ်ရေး” စသည့်ခေါင်းစဉ်သုံးခုဖြင့် အုပ်စုသုံးအုပ်စုဖွဲ့၍ ဆွေးနွေးအကြံပြုဖော်ထုတ်ခဲ့ကြပြီး အမျိုးသားကန်တော်ကြီးဥယျာဉ်၏ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်နှင့်ပန်းပွဲတော်အား လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြကြောင်းသိရသည်။


Join - https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)