နေပြည်တော်၊ ဒီဇင်ဘာ ၁၄
ကုလသမဂ္ဂခရီးသွားလုပ်ငန်းအဖွဲ့ (UN Tourism) နှင့် ဗီယက်နမ်နိုင်ငံ ယဉ်ကျေးမှု၊ အားကစားနှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာနတို့ ပူးပေါင်း၍ ပထမအကြိမ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ခရီးသွားလုပ်ငန်းညီလာခံကို ဗီယက်နမ်နိုင်ငံ ဟွိုင်အန်းမြို့၌ ဒီဇင်ဘာလ ၁၀ ရက်မှ ၁၁ ရက်အထိကျင်းပခဲ့ရာ ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။
ညီလာခံသို့ ကုလသမဂ္ဂခရီးသွား လုပ်ငန်းအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ် များ၊ ပစိဖိတ်-အာရှခရီးသွားလုပ်ငန်းအဖွဲ့၊ မဲခေါင်ခရီးသွားညှိနှိုင်းရေးရုံး၊ အာရှဖွံ့ဖြိုး ရေးဘဏ်၊ ကမ္ဘာ့စားနပ်ရိက္ခာနှင့်စိုက်ပျိုး ရေးအဖွဲ့တို့မှတာဝန်ရှိသူများနှင့် Fliggy, Intrepid, Japan Travel Bureau, Meta, Traveloka အစရှိသည့် ခရီးသွားကုမ္ပဏီ များနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ရုပ်သံ မီဒီယာများမှကိုယ်စားလှယ်များ စသည့် နိုင်ငံပေါင်း ၅၀ ကျော်မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
ပထမအကြိမ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ခရီးသွားလုပ်ငန်း ညီလာခံကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးတွင် ခရီးသွားလုပ်ငန်း၏အရေးပါမှုများကို အလေးထားဆွေးနွေးရန်နှင့် နိုင်ငံအဆင့်ဒေသတွင်းအစိုးရအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့်အတူတကွ ပူးပေါင်းဆောင်ရွက်ကြရန်ရည်ရွယ်၍ကျင်းပ ခြင်းဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒီဇင်ဘာလ ၁၀ ရက်နံနက်ပိုင်းတွင် ပထမ အကြိမ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ခရီးသွားလုပ်ငန်းညီလာခံသို့ တက်ရောက်ခဲ့ကြပြီး ညီလာခံတွင် ဗီယက် နမ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် H.E. Mr. Pham Minh Chinh၊ ဗီယက်နမ်နိုင်ငံ ယဉ်ကျေးမှု၊ အားကစားနှင့်ခရီးသွားလုပ်ငန်းဝန်ကြီးဌာန ဝန်ကြီး H.E. Mr. Nguyen Van Hung ဒုတိယဝန်ကြီး H.E. Mr. Ho An Phong ကွမ်နမ်ပြည်နယ် ပြည်သူ့ကော်မတီ၏ Secretary H.E. Mr. Luong Nguyen Minh Triet၊ ကုလသမဂ္ဂခရီးသွားလုပ်ငန်းအဖွဲ့၏ အမှုဆောင်ဒါရိုက်တာ Ms. Zoritsa Urosevic တို့က အဖွင့်အမှာစကားပြောကြားခဲ့ကြသည်။
ထို့နောက် ခရီးသွားလုပ်ငန်းမှတစ်ဆင့် ကျေးလက်ဖွံ့ဖြိုးရေးအတွက် မူဝါဒများ ချမှတ်ရေး၊ အကောင်းဆုံးခရီးသွားကျေးရွာ များဖော်ဆောင်ရာတွင် ဒေသခံများ၏ ဦးဆောင်မှုအခန်းကဏ္ဍ၊ စိုက်ပျိုးရေးနှင့် ခရီးသွားလုပ်ငန်း၏ဆက်နွှယ်မှု၊ ကျေးလက် ဖွံ့ဖြိုးရေးအတွက် ရန်ပုံငွေရရှိနိုင်မည့် အခွင့်အလမ်းများ၊ ခရီးသွားကျေးရွာများ ဖော်ဆောင်ရာတွင် လူငယ်များ၏အခန်း ကဏ္ဍ၊ စစ်မှန်သည့်ခရီးသွားအတွေ့အကြုံ ကောင်းများ ဖန်တီးပေးနိုင်မှု၊ ကျေးလက် ခရီးသွားလုပ်ငန်းတွင် ဒစ်ဂျစ်တယ်၏ အခန်းကဏ္ဍ အစရှိသည့်ခေါင်းစဉ်များဖြင့် စကားဝိုင်းဆွေးနွေးပွဲများ ပြုလုပ်ခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညပိုင်းတွင် ဗီယက်နမ်နိုင်ငံ ယဉ်ကျေးမှု၊ အားကစားနှင့် ခရီးသွားလုပ်ငန်းဝန်ကြီး ဌာနက တည်ခင်းဧည့်ခံသည့် ညစာစားပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။ ဒီဇင်ဘာလ ၁၁ ရက်တွင် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ၂၀၂၄ ခုနှစ်အတွက် အကောင်းဆုံးခရီးသွားကျေးရွာအဖြစ် ရွေးချယ်ခြင်းခံရသည့် Tra Que စိုက်ပျိုးရေးကျေးရွာ၊ အိုးလုပ်ငန်းများဆောင်ရွက်သည့် Thanh Ha ကျေးရွာနှင့်ဟွိုင်အန်းရှေးဟောင်း မြို့များသို့သွားရောက်၍ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်ထားသည့် ဟွိုင်အန်းဟင်းလျာများ ချက်ပြုတ်နိုင်ရန် အတွက် ဆောင်ရွက်ထားရှိမှု၊ နှစ်ပေါင်း ၅၀၀ ကျော်သက်တမ်းရှိ ရှေးဟောင်းရိုးရာ အိုးလုပ်ငန်းများနှင့် ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဟွိုင်အန်းမြို့ ရင်းဝင်ဟွိုင်အန်းမြို့ဟောင်းရှိအနောက် တိုင်းနှင့် အရှေ့တိုင်းယဉ်ကျေးမှုအဆောက် အအုံများ၊ ဗိသုကာလက်ရာများ၊ နှစ်ပေါင်း ၄၀၀ ကျော်သက်တမ်းရှိ Cau ဘုရား၊ စဉ့်ထည်ပြတိုက်နှင့် လက်မှုလုပ်ငန်းများ လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြသည်။
ဒီဇင်ဘာလ ၁၂ ရက် မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လေကြောင်းခရီးဖြင့် ဗီယက်နမ်နိုင်ငံမှ ပြန်လည်ထွက်ခွာရာ ရန်ကုန်မြို့သို့ ညနေပိုင်းတွင်ရောက်ရှိပြီး ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment