စစ်ကိုင်း , ဒီဇင်ဘာ ၂၃
စစ်ကိုင်းမြို့၊ အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာပညာရေးစင်တာ (IBEC)၊ IBEC-KBU Buddhist University ၏ ဒုတိယအကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားနှင့် သုတေသနစာတမ်း နှီးနှောဖလှယ်ပွဲကို ဒီဇင်ဘာလ (၂၁) ရက်၊ နံနက် (၈) နာရီခွဲအချိန်က အဆိုပါကျောင်း ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိဆရာတော် ဘဒ္ဒန္တဉာဏိဿရ အမှူးပြုသော ဆရာတော်၊ သံဃာတော်များနှင့် ဧည့်ပရိသတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ပေးကြပြီး စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က ပေးပို့သော သာသနာရေးဆိုင်ရာ လျှောက်ထားလွှာကို စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးအောင်က ဖတ်ကြားလျှောက်ထားခဲ့သည်။
ဆက်လက်၍ ထိုင်းနိုင်ငံ၊ မဟာချူလာလောင်ကွန်းတက္ကသိုလ်၊ IBSC ဌာနအကြီးအကဲနှင့် အိန္ဒိယနိုင်ငံ၊ ပန်ချပ်တက္ကသိုလ် (ပတ္တယာလ) ကိုယ်စားလှယ်အကြီးအကဲတို့က ဘွဲ့နှင်းသဘင်ဂုဏ်ပြုလွှာများကို ဗီဒီယိုမက်ဆေ့ဖြင့်လည်းကောင်း၊ နီပေါနိုင်ငံ၊ လုမ္ဗိနီဗုဒ္ဓတက္ကသိုလ် Vice-Chancellor ၏ ကိုယ်စား ဒေါက်တာပိယရတနမဟာရာဇာက ဘွဲ့နှင်းသဘင်ဂုဏ်ပြုစကားကိုလည်းကောင်း ပြောကြားခဲ့ပြီး IBEC-KBU Buddhist University ၏ (၁၈) နှစ်တာကာလ ဆောင်ရွက်ခဲ့သည့် သမိုင်းအကျဉ်း ဗီဒီယိုအား ပြသခဲ့သည်။
ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ၊ IBEC နှင့် KBU အဓိပတိဆရာတော် ဘဒ္ဒန္တဉာဏိဿရက ဘွဲ့အပ်နှင်းခြင်းဆိုင်ရာ အထူးဩဝါဒကထာကို ချီးမြှင့်တော်မူပြီး ဘွဲ့လက်မှတ် များကို အတည်ပြုလက်မှတ်ရေးထိုးကာ ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ (၇) ဦး၊ မဟာဝိဇ္ဇာဘွဲ့ (၁) ဦး၊ ဝိဇ္ဇာဘွဲ့ (၁၆) ဦး၊ ဒီပလိုမာအောင်လက်မှတ်ရရှိသူ (၃၁) ဦးတို့အား ဘွဲ့လက်မှတ်များ ချီးမြှင့်တော် မူခဲ့သည်။
ဆက်လက်၍ ဘွဲ့ရဆရာတော်များနှင့် လူပုဂ္ဂိုလ်များက ကတိသစ္စာပြုလျှောက်ထား၍ အခမ်းအနားအား ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ ဘွဲ့နှင့်သဘင်အခမ်းအနားအား ရုပ်သိမ်းခဲ့ကြပြီး သုတေသနစာတမ်း နှီးနှောဖလှယ်ပွဲကို ဆက်လက်ကျင်းပခဲ့ရာ ပြည်တွင်း၊ ပြည်ပမှ စာတမ်းရှင် ဆရာတော်များ၊ သီလရှင်ဆရာကြီးများနှင့် လူပုဂ္ဂိုလ်များက ပါဠိဘာသာဖြင့် စာတမ်း (၃) ခု၊ အင်္ဂလိပ် ဘာသာဖြင့် စာတမ်း (၈) ခုနှင့် မြန်မာဘာသာဖြင့် စာတမ်း (၁၇) ခုကို ဒီဇင်ဘာလ (၂၁) ရက်နှင့် (၂၂) ရက်တို့တွင် (၂) ရက်ကြာ ဖတ်ကြားဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။
ဇော်မြင့်နိုင်
https://t.me/MyanmarNationalPost
No comments:
Post a Comment