တရားသူကြီးများ အမှန်တရားကို ချစ်မြတ်နိုးရန်၊ နိုင်ငံအတွက် အများပြည်သူအတွက် စိတ်ကောင်းစေတနာထားရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တရားသူကြီးများ အမှန်တရားကို ချစ်မြတ်နိုးရန်၊ နိုင်ငံအတွက် အများပြည်သူအတွက် စိတ်ကောင်းစေတနာထားရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ပြောကြား







နေပြည်တော်၊ ဇန်နဝါရီ ၂

နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်ရှိ ပြည်ထောင်စုတရား လွှတ်တော်ချုပ်၊ Judicial College အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီးအောင်လင်းဒွေး တက်ရောက်ဖွင့်လှစ်သည်။

အခမ်းအနားသို့ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိ ကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်တရားသူကြီးများ၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံ ရုံးအဖွဲ့ဝင်များ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင်များ၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များ၊ ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးဥက္ကဋ္ဌ၊ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှ တရားရေးအရာရှိများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးအောင်ဇော်သိန်း နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် တို့က Judicial College အဆောက်အဦအသစ် အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက Judicial College အဆောက်အဦသစ် ဆိုင်းဘုတ်အား စက်ခလုတ် နှိပ်ဖွင့်လှစ်ပေးပြီး အခမ်းအနားတက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ် တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူးနှင့် အခမ်း အနား တက်ရောက်လာကြသူများသည် Judicial College အဆောက်အဦသစ် ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးသည်။

ယင်းနောက် အခမ်းအနားဒုတိယပိုင်းကို ဆက်လက်ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး နှင့် အခမ်းအနား တက်ရောက် လာကြသူများသည် Judicial College နှင့်စပ်လျဉ်းသည့် Video Clip ကိုကြည့်ရှုကြသည်။

ထို့နောက် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက Judicial College အဆောက်အဦသစ်နှင့် သက်ဆိုင်သည့် စာရွက်စာတမ်းများကို ပြည်ထောင်စု တရားသူကြီးချုပ်ထံသို့လွှဲပြောင်းပေးအပ်သည်။ ယင်းနောက် ပြည်ထောင်စုတရား သူကြီးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူးထံ Judicial College အဆောက်အဦသစ်ဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်အား ဂါရဝပြုပေးအပ်သည်။

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူးက အမှာစကားပြောကြား ရာတွင် ယနေ့သည် မြန်မာနိုင်ငံတွင် ပထမဦးဆုံး အဆင့်မြင့်တရားစီရင်ရေးဆိုင်ရာ သင်ကြားရေးဌာနတစ်ခုဖြစ်သော Judicial College အဆောက်အဦသစ်ကြီးကို စတင် ဖွင့်လှစ်နိုင်သည့် နေ့ဖြစ်သဖြင့် တရားစီရင်ရေးမဏ္ဍိုင်အတွက် သာမကဘဲ နိုင်ငံတော် အတွက်ပါ ဂုဏ်ယူဝမ်းမြောက်စွာဖြင့် မှတ်တမ်းတင်ရမည့်နေ့တစ်နေ့ ဖြစ်ကြောင်း။

ကမ္ဘာ့နိုင်ငံအသီးသီးတွင် တရားရေးကဏ္ဍ မြင့်မားရေးနှင့် တရားရေးဆိုင်ရာ အသိပညာဗဟုသုတများ တိုးတက်ရေးအတွက် Judicial Academy, Judicial College, Judicial Training Centre စသည့် အမည်အမျိုးမျိုးဖြင့် တည်ထောင်ထား သည်ကိုတွေ့ရကြောင်း၊ အဆိုပါ သင်ကြားသင်ယူမှုဌာနများတွင် နိုင်ငံတကာတရား သူကြီးများကိုဖိတ်ခေါ်ပြီး တရားစီရင်ရေး လေ့ကျင့်သင်ကြားပေးခြင်း၊ တရား စီရင်ရေး စနစ် ထွန်းကားရန်အတွက် ညှိနှိုင်းဆွေးနွေးခြင်း၊ ဟောပြောပို့ချခြင်း၊ အပြန်အလှန် အသိပညာဖလှယ်ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို လုပ်ဆောင်နေကြခြင်း တွေ့ရမည် ဖြစ်ကြောင်း၊ နိုင်ငံများအကြားတရား စီရင်ရေးဖလှယ်မှုအစီအစဉ် (Judicial Exchange Programme) သည် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုကို ဖြစ်ထွန်းစေရုံသာမကဘဲ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတွက်ပါ အာမခံချက်ပေးနိုင်သည့် အခွင့်အလမ်းဖြစ်သဖြင့် နိုင်ငံအတွက် အရေးပါအရာရောက်သည့် နေရာတစ်ခု ဖြစ်ကြောင်း။

ထို့ပြင် ယခုကဲ့သို့နိုင်ငံတော်ငွေ ကုန်ကျစရိတ်များစွာကျခံပြီး ခမ်းနားထည်ဝါ စွာတည်ဆောက်ပေးထားသည့် Judicial College ကြီးတွင် ပြည်ပသင်တန်းသား များအပြင် မြန်မာနိုင်ငံက တရားသူကြီးအသစ်များ၊ အလယ်အလတ်အဆင့် တရား သူကြီးများ၊ အဆင့်မြင့်တရားသူကြီးများ အတွက်လည်း လေ့လာသင်ယူ ဆွေးနွေး ပို့ချသည့်နေရာအဖြစ် အသုံးပြုသွားမည်ဖြစ်သဖြင့် တရားသူကြီးအသီးသီး၏စွမ်းရည် တိုးတက်ရေး အကျိုးရှိရှိထိထိရောက်ရောက် အသုံးချနိုင်မည်ဟု ယုံကြည်မျှော်လင့်ကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၁၉ အရ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ဆိုသည့် နိုင်ငံတော်အာဏာသုံးရပ်ကို ဥပဒေနှင့်အညီ ကျင့်သုံးဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၉ အရ ဥပဒေနှင့်အညီ လွတ်လပ်စွာတရားစီရင်ရေး၊ မှန်မှန်နှင့်မြန်မြန် တရားစီရင်ရေး ရှင်သန်စေရန်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၁၁ အရ ဥပဒေပြုမှုနှင့် အုပ်ချုပ်မှုအာဏာရပ်များက တရားစီရင်ရေးအာဏာအပေါ် ဝင်ရောက် စွက်ဖက်မှုကင်းပြီး အာဏာသုံးရပ် ပိုင်းခြားခွဲဝေကျင့်သုံးမှု တတ်နိုင်သမျှဆောင်ရွက် ရန် စသည့်နိုင်ငံတော်၏ တရားစီရင်ရေးဆိုင်ရာမူများ၊ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို အပြည့်အဝ လွှဲအပ်ကျင့်သုံးလျက်ရှိသည်ကို အားလုံးအသိပင်ဖြစ်ကြောင်း။

တရားစီရင်ရေးမဏ္ဍိုင် တိုးတက်ဖွံ့ဖြိုးစေရေးနှင့် ပြည်သူအများ ယုံကြည် ကိုးစားသည့် တရားစီရင်ရေးစနစ် ဖြစ်ထွန်းစေရေးအတွက် နိုင်ငံတော်အစိုးရ၏ ဆောင်ရွက်ပေးနေမှုများကိုလည်း ထည့်သွင်းပြောကြားလိုကြောင်း၊ ပြည်သူအများ ယုံကြည်ကိုးစားသည့် တရားစီရင်ရေးစနစ် ဖြစ်ထွန်းစေရေးတွင် တရားသူကြီးများ၏ ဆင်ခြင်တုံတရား၊ စိတ်ဓာတ်နှင့်စွမ်းဆောင်ရည် မြင့်မားမှုများသည် အဓိကကျသကဲ့ သို့ တရားရုံးများ၏ဖွဲ့စည်းတည်ဆောက်မှုနှင့် ဥပဓိရုပ်ကောင်းမွန်မှုသည်လည်း အရေး ပါသည့် အခန်းကဏ္ဍ ဖြစ်ကြောင်း။

ထို့ကြောင့် တရားရုံးများ ဥပဓိရုပ်ကောင်းမွန်ပြည့်စုံစေရန်အတွက် နိုင်ငံတော် အစိုးရအနေဖြင့် မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ် စသည့်တရားလွှတ်တော် (High Court)များကို အသစ်ဆောက်လုပ်ပေးခဲ့သကဲ့သို့ ခရိုင်တရားရုံး ၅ ခုကိုလည်း အသစ် ဆောက်လုပ်ပေးခဲ့ပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံ တရားသူကြီးအားလုံးအတွက် ဝန်ထမ်း တိုင်းခံစားခွင့်ရှိသည့် ဝတ်စုံစရိတ် (Outfit Allowance) အပြင် လုပ်ငန်းတာဝန်အရ မဖြစ်မနေဝတ်ဆင်ရသည့် ဝတ်ရုံစရိတ်များခွင့်ပြုပေးခြင်း စသည်များကိုလည်း နိုင်ငံတော်က တရားစီရင်ရေးကဏ္ဍအတွက် လိုအပ်ချက်များကို ဆောင်ရွက်ပေးလျက် ရှိကြောင်း။

တရားစီရင်ရေးမဏ္ဍိုင် ဖွံ့ဖြိုးတိုးတက်ရန်အတွက် နိုင်ငံတော်၏ ဆောင်ရွက် ပေးနေမှုများကို အသိပေးပြောကြားရင်း တရားစီရင်ရေးတွင် တာဝန်ယူဆောင်ရွက် နေကြသည့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် လက်အောက်ခံတရားရုံး အဆင့် ဆင့်မှ တရားသူကြီးများကို အထူးမှာကြားလိုသည့်အချက်ရှိကြောင်း၊ “တရားစီရင် ရာတွင် အမှန်ကိုဆုံးဖြတ်ရုံမျှသာမကဘဲ ထိုသို့အမှန်တရားကိုစီရင်ကြောင်း အများမြင် စေရာသည်” ဆိုသော အသားကျနေသည့် စီရင်ထုံးလမ်းညွှန်ချက် အတိုင်းဖြစ်စေရန် နှင့် တရားသူကြီးများသည် အမှန်တရားကို ချစ်မြတ်နိုးရန်၊ နိုင်ငံအတွက် အများပြည်သူအတွက် စိတ်ကောင်းစေတနာထားရန်၊ အရည်အချင်းရှိသည့် တရားသူကြီး ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားလိုကြောင်း။

ယနေ့အချိန်အခါတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်လျက်ရှိပြီး ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက် (၉) ရပ်တို့ကို ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့်ဦးတည်ချက် (၉)ရပ်တို့တွင် “တရားဥပဒေစိုးမိုးရေး” ကိုအလေးထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို အတိအလင်းထုတ်ပြန်ကြေညာ ထားပြီးဖြစ်ကြောင်း၊ တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိစေရန် အကောင်အထည် ဖော်ရာ၌ တရားစီရင်ရေး၏ မှန်ကန်မှုနှင့်မြန်ဆန်မှုသည် အရေးပါသည့် အခန်းကဏ္ဍ တွင်ရှိသည့်အတွက် တရားစီရင်ရေးကို အကောင်အထည်ဖော်ကြရသည့် တရား သူကြီးများက ကျရာနေရာမှ အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ပေးကြရန်မှာကြားလိုကြောင်း။

Judicial College အဆောက်အဦသစ်ကြီး တည်ထောင်ဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များအတိုင်း ယခုကျောင်းတော်ကြီးမှနေ၍ အာဆီယံအပါအဝင် မိတ်ဆွေ နိုင်ငံများနှင့် နှစ်နိုင်ငံတရားစီရင်ရေးကိစ္စများကို ညှိနှိုင်းဆွေးနွေးဖလှယ်ပြီး ပူးပေါင်း ဆောင်ရွက်မှုများမှတစ်ဆင့် နိုင်ငံတကာနှင့် ချစ်ကြည်ရင်းနှီးမှု၊ ယုံကြည်စိတ်ချရသည့် တရားစီရင်ရေးအကာအကွယ်ရှိသော ရင်းနှီးမြှုပ်နှံမှုပြုလုပ်နိုင်သည့် နိုင်ငံအဖြစ် ပြသ နိုင်မှုများ ဖော်ဆောင်နိုင်အောင် ဆောင်ရွက်ပေးကြရန်၊ တရားမျှတခြင်း၊ လွတ်လပ် ခြင်းနှင့် ညီမျှခြင်းဆိုသည့် လောကပါလတရားများ ဖြစ်ထွန်းစေသည့် မြန်မာ့တရား စီရင်ရေးသည် အာဆီယံမှာသာမက ကမ္ဘာကပါ လေးစားဂုဏ်ယူရသည့် တရားစီရင် ရေးဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုတရားသူကြီးချုပ်က ကျေးဇူးတင်စကားပြောကြားပြီး အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူးနှင့် အခမ်းအနား တက်ရောက်လာကြသူများသည် Judicial College အဆောက်အဦသစ် အတွင်း လှည့်လည်ကြည့်ရှုခဲ့ကြောင်းသတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)