လယ်ဝေး၊ ဇန်နဝါရီ ၁၂
နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် ယမန်နေ့နံနက် ၈ နာရီက လယ်ဝေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဇင်မင်းကို၊ လယ်ဝေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူရ၊ အဖွဲ့ဝင်ဦးဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ လယ်ဝေးမြို့နယ်၊ မဒေါ့ပင်ကျေးရွာအုပ်စု၊ ဂုဏ်မင်းမြှောင်ရွာ၊ ဘုန်းတော်ကြီးကျောင်းတွင် နေပြည်တော်ကုသရေးဦးစီးဌာနမှ အထူးကုသမားတော်ကြီးများက ဆေးကုသပေးနေမှုများကို ကြည့်ရှုအားပေးသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးက ကျေးလက်ပြည်သူများ၏ ကျန်းမာရေးအတွက်အထောက်အကူဖြစ်စေရန်နှင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသည့် ကျန်းမာရေးစောင့်ရှောက်မှုများကို ကွင်းဆင်းဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းပြောကြားပြီး ဆေးကုသမှုခံယူနေသည့် ပြည်သူများအား စားသောက်ဖွယ်ရာများ ပေးအပ်သည်။ ထို့နောက် နေပြည်တော်ကုသရေးဦးစီးဌာနမှ တိုင်းဦးစီးမှူးဒေါက်တာသန်းနိုင်စိုးဦးဆောင်၍ တိုင်းကျန်းမာရေးဦးစီးဌာန၊ ပျဉ်းမနားခုတင် ၂၀၀ ဆေးရုံနှင့် လယ်ဝေးခုတင် ၁၀၀ ဆေးရုံတို့မှ အထူးကုသမားတော်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများက အရိုးအကြော ခွဲစိတ်၊ ကလေး၊ အထွေထွေ၊ သားဖွားမီးယပ်၊ မျက်စိ၊ သွားရောဂါဝေဒနာရှင်များအား ဆေးကုသပေးနေမှုများအား ကြည့်ရှုအားပေးကာ အထူးကုဆရာဝန်ကြီးများအား ဂုဏ်ပြုသစ်သီးခြင်းပေးအပ်ခဲ့သည်။ အဆိုပါ အထူးကုသမားတော်ကြီးများနှင့်အဖွဲ့မှ ဂုဏ်မင်းမြှောင်ရွာနှင့် အနီးဝန်းကျင်ကျေးရွာအုပ်စု ၅ အုပ်စုမှ ဒေသခံပြည်သူ ၄၉၈ ဦးအား ဆေးကုသပေးခဲ့ပြီး ၂၉ ဦးဆေးရုံသို့ ညွှန်းပို့ကုသခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုး၊ ပြည်ထောင်စုနယ်မြေ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးဒေါ်သင်းသင်းဇင်နှင့် တာဝန်ရှိသူများနှင့်အတူ ဂုဏ်မင်းမြှောင်ကျေးရွာ၊ ဂုဏ်စာကြည့်တိုက်သို့ရောက်ရှိကာ စာကြည့်တိုက်အတွက် ငွေကျပ်နှစ်သိန်းရှစ်သောင်းတန်ဖိုးရှိ သုတရသစာအုပ်များနှင့် အလှူငွေကျပ် တစ်သိန်းငါးသောင်းကို ပေးအပ်လှူဒါန်းပြီး စာကြည့်တိုက်ဆက်လက်ရှင်သန်ခိုင်မာရေးအတွက် ရပ်မိရပ်ဖများ၊ ပြည်သူများက ဝိုင်းဝန်းကူညီဆောင်ရွက်ရန် မှာကြားခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဝင်သည် ဂုဏ်မင်းမြှောင်ကျေးရွာ၊ ကွင်းအမှတ် ၁၈၅၇ တောင်သူဦးတင်လေး၏ ဆောင်းသီးနှံ မြေပဲစိုက်ခင်း ၁၀ဧက အား သွားရောက်ကြည့်ရှုရာ စိုက်ပျိုးရေးဦးစီးဌာန၊ လယ်ဝေးမြို့နယ်ဦးစီးမှူး ဦးစောဝင်းက ၂၀၂၄-၂၀၂၅ ခုနှစ်၊ လယ်ဝေးမြို့နယ်၊ ဆီထွက်သီးနှံစီမံကိန်း၊ ဆောင်းမြေပဲဧက ၂၀၀ တွင်ပါဝင်သည့် မြေပဲစိုက်ခင်းများဖြစ်ထွန်းနေမှုနှင့် အထွက်နှုန်းတိုးတက်မှုများအား ရှင်းလင်းတင်ပြရာနေပြည်တော်ကောင်စီဝင်က ကျေးလက်နေပြည်သူများ စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းများအား ကြိုးပမ်းဆောင်ရွက်ကြရန်၊ သီးထပ်စွမ်းအားမြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး၊ ဆောင်းသီးနှံများနှင့် ဆီထွက်သီးနှံများကို အောင်မြင်အောင် စိုက်ပျိုးရေး၊ စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်း ပြည့်မီစွာ ထွက်ရှိရေး ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးမှာကြားသည်။
နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများသည် ဆက်လက်၍ နေပြည်တော်ကောင်စီအရေးပေါ်ရန်ပုံငွေနှင့် ငွေလုံးငွေရင်းရန်ပုံငွေတို့ဖြင့် လယ်ဝေးမြို့နယ် ကန်လှကျေးရွာမှ ဥသျှစ်လှိုင်းကျေးရွာအထိ ဆက်သည့်လမ်းအရှည် ၁၀ မိုင်အား ထု ၇ လက်မ၊ လမ်းအကျယ် ၁၂ ပေ ရှိကွန်ကရစ်လမ်းခင်းရန် ဆောင်ရွက်နေမှုအားကြည့်ရှုစစ်ဆေးရာ လမ်းဦးဌာန၊ ကြီးကြပ်ရေးအဖွဲ့(နေပြည်တော်)မှ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးမျိုးဇာနည်ကျော်နှင့်တာဝန်ရှိသူများက လမ်းအလွှာအလိုက်ခင်းကျင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြသည်။ အဆိုပါ လမ်းပြီးစီးပါက ကျေးရွာအုပ်စု ၇ အုပ်စုအတွင်းရှိ ကျေးရွာ ၃၅ ရွာ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
ဝေကြည်
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment