သစ်တောသယံဇာတများ ထိန်းသိမ်းရာသီဥတုဖောက်ပြန်ပြောင်းလဲမှု လျှော့ချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သစ်တောသယံဇာတများ ထိန်းသိမ်းရာသီဥတုဖောက်ပြန်ပြောင်းလဲမှု လျှော့ချ



အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ့်မြို့အနီးတွင် လောင်ကျွမ်းနေသည့်တောမီးမှာ မြို့စွန်လူနေရပ်ကွက်များအထိရောက်ရှိလာပြီး မြို့မီးဖြစ်လာသည်။ နေရာငါးနေရာခန့်ခွဲပြီး လောင်ကျွမ်းနေသည့် အဆိုပါတောမီးကြောင့် သစ်တောဧက စုစုပေါင်းသုံးသောင်းကျော်၊ လေးသောင်းခန့် ပျက်စီးဆုံးရှုးနေပြီဖြစ်သည်။ ထို့အပြင် လူလည်း ၁၀ ဦးခန့် သေဆုံးခဲ့ရပြီးဖြစ်သကဲ့သို သိန်းနှင့်ချီ၍လည်း မီးဘေးရှောင်နေကြရသည်။ တောမီးလောင်လျှင် တောကြောင်တို့ထကြွသည့် အစဉ်အလာအတိုင်းပင် မီးဘေးရှောင်သူတို့၏ နေအိမ်များကို ဖောက်ထွင်းခိုးယူသူများ သောင်းကျန်းလာကြခြင်းကို တားဆီးနှိမ်နင်းနေရကြောင်းလည်း သတင်းများတွင်တွေ့ရသည်။ ယခုတောမီးသည် ကယ်လီဖိုးနီးယား ပြည်နယ်သမိုင်းတွင် အဆိုးရွားဆုံးဖြစ်သည်ဟုလည်း ဆိုသည်။

ကမ္ဘာတစ်ခွင် သစ်တောများဖုံးလွှမ်းမှုမှာ နှစ်စဉ်အကြောင်းအမျိုး မျိုးကြောင့်ပျက်စီး၍ လျော့နည်းကျဆင်းလျက်ရှိသည်။ ကုလသမဂ္ဂစားရေရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ၏ ၂၀၂၀ ပြည့်နှစ်တွင် ထုတ်ပြန်ခဲ့သောအစီရင်ခံစာအရ ကမ္ဘာ့သစ်တောဖုံးလွှမ်းမှုသည် ကမ္ဘာ့မြေမျက်နှာပြင်၏ သုံးပုံတစ်ပုံဖြစ်သော ဧက ၁၀ ဒသမ ၀၃ ဘီလီယံခန့်ရှိသည်ဟု ဆိုသည်။ သို့ရာတွင် ၁၉၉၀ ပြည့်နှစ်မှ ၂၀၀၀ ပြည့်နှစ်အတွင်း တစ်နှစ်လျှင် ဧက ၁၉ ဒသမ ၂၇ သန်း၊ ၂၀၀၀ ပြည့်နှစ်မှ ၂၀၁၀ ပြည့်နှစ်အတွင်း တစ်နှစ်လျှင် ဧက ၁၂ ဒသမ ၈၅ သန်းနှင့် ၂၀၁၀ ပြည့်နှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း တစ်နှစ်လျှင် ဧက ၁၁ ဒသမ ၆၁ သန်း စသည်ဖြင့် ဆယ်စုနှစ်အလိုက် လျော့နည်းကျဆင်းသွားခဲ့သည်။ အာဆီယံဒေသအနေဖြင့်မူ သစ်တောဖုံးလွှမ်းမှုပမာဏ ဧက ၅၂၈ ဒသမ ၇၉ သန်းကျော်ရှိခဲ့ပြီး ၁၉၉၀ ပြည့်နှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ နှစ်ပေါင်း ၃၀ အတွင်း စုစုပေါင်းသစ်တောများ၏ ခြောက်ပုံတစ်ပုံခန့် ဧကအားဖြင့် ၉၂ ဒသမ ၉၁ သန်း ပြုန်းတီးသွားခဲ့သည်ဟု သိရသည်။

မိမိတို့မြန်မာနိုင်ငံသည် အာဆီယံအဖွဲဝင်နိုင်ငံများအတွင်း သစ်တောဧရိယာဒုတိယအများဆုံး ပိုင်ဆိုင်သည့်နိုင်ငံဖြစ်ပြီး FAO ၏ ၂၀၂၀ ပြည့်နှစ် အစီရင်ခံစာအရ နိုင်ငံဧရိယာ၏ ၄၂ ဒသမ ၁၉ ရာခိုင်နှုန်းကို သစ်တောဖုံးလွှမ်းနေသည်ဟု သိရသည်။ သစ်တော ပြုန်းတီးမှုနှုန်းအနေဖြင့် ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၅ ခုနှစ်အတွင်း နှစ်စဉ် ၁ ဒသမ ၇ ရာခိုင်နှုန်း ပြုန်းတီးခဲ့ပြီး၂၀၁၀ ပြည့်နှစ်မှ ၂၀၂၀ ပြည့်နှစ် အတွင်း နှစ်စဉ် သုည ဒသမ ၉ ရာခိုင်နှုန်းသို လျော့ကျသွားခဲ့သည်။ ထိုအပြင် ပင်လယ်ကမ်းရိုးတန်းဒေသ ဒီရေတောဧရိယာများသည် ၂၀၂၀ ပြည့်နှစ်တွင် ဧက ၁ ဒသမ ၀၇ သန်းရှိရာမှ ၂၀၂၄ ခုနှစ်တွင် ဧက ၁ ဒသမ ၁၃ သန်းအထိ တိုးလာခဲ့သည်။

မြန်မာနိုင်ငံသည် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု အကျိုးဆက်များကြောင့် ထိခိုက်နိုင်ခြေမြင့်မားသည့် နိုင်ငံများစာရင်းတွင် ပါဝင်လျက်ရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဧပြီလအတွင်း အပူလှိင်းဖြတ်သန်းမှုကြောင့် နေ့အပူချိန်များမြင့်မားခဲ့ရာ မြန်မာနိုင်ငံအလယ်ပိုင်းရှိ ချောက်မြို့၏ ၂၀၂၄ ခုနှစ် ဧပြီလ ၂၈ ရက်နေ့က နေ့အပူချိန် ၄၈ ဒသမ ၂ ဒီဂရီဆဲလ်စီးယပ်စ်သည် ကမ္ဘာ့အပူချိန်အမြင့်မားဆုံးမြို့ဖြစ်ခဲ့သည်။ မကွေး၊ မင်းဘူး၊ ညောင်ဦးနှင့် စစ်ကိုင်းတိုသည်လည်း ကမ္ဘာ့အပူဆုံးမြို့ ၁၅ မြို စာရင်းတွင် ပါဝင်ခဲ့သည်။ သစ်ပင်သစ်တောများသည် လေထုအပူချိန်ကို ထိန်းညှိပေးနိုင်ပြီး ရာသီဥတုပြောင်းလဲဖောက်ပြန်မှုများကို ဆိုးဆိုးရွားရွားမဖြစ်စေရန်လည်း ကာကွယ်ပေးကြသည်ဖြစ်ရာ သစ်ပင်သစ်တောများ မပြုန်းတီးရေးနှင့် ပြုစုပျိုးထောင်ထိန်းသိမ်းရေး တိုကို စဉ်ဆက်မပြတ်ဆောင်ရွက်သွားရန်လိုသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂ ရက်တွင် မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်အတွင်း ဧရိယာ ၉၂၈၄ ဧက ကျယ်ဝန်းသော ကဏန်းကျွန်း ဒီရေတောကြိုးပြင် တောနှင့် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်အတွင်း ဧရိယာ ၅၈၆၁ ဧကရှိသော အောင်ပင်လယ်ဆည် ကြိုးပြင်ကာကွယ်တောတိုကို သတ်မှတ်ကြေညာခဲ့သည်။ ကြိုးပြင်ကာကွယ်တောများ၊ သဘာဝထိန်းသိမ်းရေးနယ်မြေများ တည်ထောင်ဖွဲစည်းခြင်းသည် မိမိတို့နိုင်ငံ၏ သယံဇာတများဖြစ်သော သစ်တောများကို ထိန်းသိမ်းခြင်းဖြစ်သည့်အပြင် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုများကို လျော့နည်းစေမည်ဖြစ်သည့်အလျောက် ပြည်သူလူထုတစ်ရပ်လုံးက ပါဝင်ထိန်းသိမ်းစောင့်ရှောက်ကြရပါမည့်အကြောင်း။  ။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)