ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ၂၀၂၅ခုနှစ်၊ နှစ်သစ်မင်္ဂလာအသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ၂၀၂၅ခုနှစ်၊ နှစ်သစ်မင်္ဂလာအသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကျင်းပ












ပုသိမ်၊ ဇန်နဝါရီ ၁

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့်၂၀၂၅ခုနှစ်၊ နှစ်သစ်မင်္ဂလာ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို ယမန်နေ့က ပုသိမ်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ ဩဝါဒါစရိယဆရာတော်ကြီးများ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကို ဆရာ‌တော်၊ သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိသတ်များက “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့ကြပြီးနောက် တိုင်းဒေသကြီးသာသနာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးက ပဋ္ဌာန်းတရားနာကြားရန်အတွက် နတ်၊ ဗြဟ္မာများအား ဖိတ်ကြားသည်။ ယင်းနောက် နိုင်ငံတော်ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ နိဂြောဓာရုံညောင်ပင်သာပရိယတ္တိစာသင်တိုက် ပဓာန နာယကဆရာတော် (အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊အဂ္ဂမဟာပဏ္ဍိတ)  ဘဒ္ဒန္တဝိဿုတ မဟာထေရ်မြတ်ထံမှ ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြပြီး တိုင်းဒေသကြီးဩဝါဒါစရိယ မရမ်းချိုကျောင်းတိုက် ပဓာနနာယကဆရာတော် (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ဘဒ္ဒန္တသောဘိတ မဟာထေရ်မြတ်ထံမှ ဩဝါဒကထာ ဆက်လက်နာကြားခဲ့ကာ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားသို့ ကြွရောက်တော်မူလာကြသည့် ဆရာတော်၊ သံဃာတော်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဆက်လက်၍ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းမှ ဉီးဝေပုလ္လ အရှင်သူမြတ်နှင့် ဉီးဝိသုဒ္ဓ အရှင်သူမြတ်တို့က  ရောင်ခြည်တော်ဖွင့် ဘုရားပင့်ဂါထာဖြင့် ပင့်ဆောင်ပူဇော်ခြင်းနှင့် ပဋ္ဌာန်းဒေသနာရွတ်ဖတ်ရန် တိုက်တွန်းနှိုးဆော်လွှာဂါထာဖြင့် တိုက်တွန်း နှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး ကြွရောက်လာကြကုန်သော ဂိုဏ်းပေါင်းစုံမှ ဆရာတော်ကြီးများ၊ ဘာဏက သံဃာတော်များ၊ ပရိသတ်အားလုံးတို့က ပဋ္ဌာန်းပစ္စယုဒ္ဒေသပါဠိကို တစ်ကြိမ်ရွတ်ဖတ်ပူဇော်၍ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲအားဖွင့်လှစ်ခဲ့သည်။ ယင်းနောက် အလှည့်ကျ ပဋ္ဌာနဘာဏက သံဃာတော်အား ပလ္လင်တော်မြတ်သို့ ပင့်ဆောင်ခဲ့ပြီးနောက်  အလှည့်ကျပဋ္ဌာနဘာဏက သံဃာတော်အရှင်သူမြတ်က ပဋ္ဌာန်းဒေသနာများ စတင်ရွတ်ဖတ်ပူဇော်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီးတို့က ဆရာတော်သံဃာတော်များအား နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ သန်လျက်စွန်းကျေးရွာရှိ တောင်သူဦးမြင့်စိုး၏ စိုက်ဧက(၁၀)ဧကတွင် ( Super sun-41 )နေကြာစိုက်ပျိုးနေမှုများ၊ စိုက်ပျိုးပြီးသည့် နေကြာမျိုးစေ့များအား ရေပေးခြင်း၊ သဘာဝမြေဩဇာကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများမှ ဆီထွက်သီးနှံ(နေကြာ) စိုက်ပျိုးမှုအခြေအနေများရှင်းလင်းတင်ပြမှုအပေါ် မြေဩဇာကျွေးခြင်း၊ ရေပေးခြင်းလုပ်ငန်းများအချိန်ကိုက်စနစ်တကျဆောင်ရွက်ရန်၊ ပိုးမွှားမကျရောက်စေရေးဂရုစိုက်ဆောင်ရွက်ရန်နှင့် အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်စေရေးတို့ကို မှာကြားခဲ့သည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)