မကွေး၊ ဖေဖော်ဝါရီ ၂၈
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့တွင် တည်ထားကိုးကွယ်မည့် စွယ်တော်မြတ်စေတီတော်အတွက် ပထမအကြိမ် အလှူငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက မကွေးမြို့၊ မြို့တော်ခမ်းမတွင်ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ်သိန်းထိန်းဦး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အလှူရှင်များ တက်ရောက်သည်။
ဦးစွာ ချောက်မြို့စွယ်တော်မြတ်စေတီတော် တည်ဆောက်ရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က အဖွင့်မှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်သို့လာရောက်ခဲ့သည့်ခရီးစဉ်၌ ချောက်မြို့နယ်နှင့် အနီးပတ်ဝန်းကျင်ရှိမြို့နှင့်ကျေးရွာများမှ အများပြည်သူများဖူးမျှော်နိုင်ရေးနှင့် အပူရှောင်နားခိုနိုင်ရေးအတွက် စွယ်တော်မြတ်စေတီတစ်ဆူအား တည်ထားကိုးကွယ်နိုင်ရေး လမ်းညွှန်ခဲ့ပါကြောင်း၊ ချောက်မြို့ဟာ ကမ္ဘာမှာအပူဆုံးမြို့အဖြစ် စံချိန်တင်ခံခဲ့ရသည့်မြို့ဖြစ်သည့်အတွက် ဘာသာ၊သာသနာထွန်းကားနိုင်ရေးရည်ရွယ်၍လည်းကောင်း၊ သက်ကြီးရွယ်အိုများအပူရှောင်နားနေနိုင်ရေးရည်ရွယ်ချက်ဖြင့်လည်းကောင်း ဉာဏ်တော် ၈၁ ပေ ရှိသည့် စွယ်တော်မြတ်စေတီအား နိုင်ငံတော်အကြီးအကဲ၏လမ်းညွှန်ချက်နှင့်အညီ တည်ထားကိုးကွယ်ရန် ယခုကဲ့သို့ ကြိုးပမ်းဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ စေတီတော်မြတ် တည်ထားကိုးကွယ်ရန် မြေနေရာဖြစ်သော ချောက်မြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ကွင်းအမှတ် ၂၂၉၃၊ ညောင်ဖြူပင်ကွင်း၊ ဦးပိုင်အမှတ်(၁၊၂)အတွင်း၊ မြေဧရိယာ (၂၀.၀၈)ဧကအား မြေပြုပြင်ခြင်းလုပ်ငန်းများအား စဉ်ဆက်မပျက်ဆောင်ရွက်ခဲ့ရာ လက်ရှိအချိန်တွင် မြေနေရာပြုပြင်ထားရှိမှုအနေဖြင့် ရာနှုန်းပြည့်ပြီးစီးခဲ့ပြီးဖြစ်ပါကြောင်း၊ ချောက်မြို့နယ်နှင့် အနီးပတ်ဝန်းကျင်ရှိ မြို့နှင့်ကျေးရွာများမှ အများပြည်သူများဖူးမျှော်နိုင်ရေး ဉာဏ်တော်အမြင့်(၈၁)ပေရှိ စွယ်တော်မြတ် စေတီတော်(ချောက်)အား တည်ထားကိုးကွယ်နိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများပါဝင်၍ ဦးစီးကော်မတီ(၁)ခု၊ လုပ်ငန်းကော်မတီ(၁)ခုနှင့် ဆပ်ကော်မတီ(၅)ခုတို့ကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီး ရရှိသောအလှူငွေများအား မကွေးမြို့၊ မြန်မာ့စီးပွားရေးဘဏ်တွင် “ချောက်မြို့ စွယ်တော်မြတ် စေတီအလှူငွေစာရင်း” အမည်ဖြင့် Account ဖွင့်လှစ် ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ စွယ်တော်မြတ်စေတီတည်ထားကိုးကွယ်မည့် မြေနေရာတွင် အကြိုအင်ဂျင်နီယာလုပ်ငန်းများဖြစ်သည့် မြေတိုင်းတာခြင်း၊ မြေစမ်းသပ်ခြင်းလုပ်ငန်း၊ လျှပ်စစ်မီးရရှိရေး၊ ရေရှိရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ ချောက်မြို့၊ စွယ်တော်မြတ်စေတီ တည်ထားဆောက်လုပ်နိုင်ရေး အလှူငွေရရှိရေးအတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း (၁.၅)ဘီလီယံထည့်ဝင်လှူဒါန်းသွားမည် ဖြစ်ပါကြောင်းနှင့် တိုင်းဒေသကြီးအတွင်းရှိ တိုင်းအဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ စေတနာရှင်ပြည်သူများအားလုံးအနေဖြင့် လစဉ်စုပေါင်းထည့်ဝင်လှူဒါန်းနိုင်ရေး နှိုးဆော်ဆောင်ရွက်လျက်ရှိသည့် အပြင် ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များအနေဖြင့် ရပ်ကွက်/ ကျေးရွာအုပ်စု/ ကျေးရွာများရှိ စေတနာရှင်ပြည်သူများ အလှူငွေထည့်ဝင်လှူဒါန်းနိုင်ရေး အသိပေးဆောင်ရွက်လျက်ရှိရာ ယနေ့ကျင်းပပြုလုပ်သည့် စွယ်တော်မြတ်စေတီတော်(ချောက်မြို့) အလှူငွေပေးအပ်လက်ခံပွဲ (ပထမ)အကြိမ်တွင် လှူဒါန်းသည့် အလှူရှင်များကို အသိအမှတ်ပြုကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့ တိုင်းဒေသကြီးအတွင်းရှိ စေတနာရှင်ပြည်သူများအနေဖြင့်လည်း အလှူငွေများဝိုင်းဝန်း၍ ထည့်ဝင်လှူဒါန်းစေလိုပါကြောင်း၊ ဘာသာ၊ သာသနာထွန်းကားပြန့်ပွားစေရေးအတွက် ကြုံတောင့်ကြုံခဲသည့် ကုသိုလ်ဒါနဖြစ်ခြင်း၊ နိုင်ငံတော်အကြီးအကဲ၏ဆန္ဒဖြစ်သောကြောင့် တိုင်းဒေသကြီးအတွင်းရှိဝန်ထမ်းများ၊ စေတနာရှင်ပြည်သူများမှ စွယ်တော်မြတ်စေတီ(ချောက်မြို့) တည်ထားကိုးကွယ်နိုင်ရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် အလှူရှင်များက ချောက်မြို့စွယ်တော်မြတ်စေတီတော် တည်ထားကိုးကွယ်နိုင်ရေးအတွက် အလှူငွေများကိုပေးအပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက အသီးသီးလက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ အခမ်းအနားအပြီးတွင် အလှူရှင်များနှင့်အတူ အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကူးခဲ့သည်။
အဆိုပါ မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့တွင် တည်ထားကိုးကွယ်မည့် စွယ်တော်မြတ်စေတီတော်အတွက် ပထမအကြိမ်အဖြစ် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်ကာ တိုင်းဒေသကြီးအတွင်းရှိဌာနဆိုင်ရာများ၊ ခရိုင်များအတွင်းရှိ ဒေသခံပြည်သူများ၊ စေတနာရှင်ပြည်သူများ၏ လှူဒါန်းငွေမှာ ၁,၁၀၆,၇၄၄,၁၀၀/- (ငွေကျပ်သိန်းတစ်သောင်း တစ်ထောင် ခြောက်ဆယ့်ခုနစ်သိန်း လေးသောင်းလေးထောင် တစ်ရာတိတိ) ဖြစ်ကြောင်း သိရသည်။
မောင်ညီညာ
#News #MNP
https://t.me/MyanmarNationalPost



No comments:
Post a Comment