ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈
အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ ဧကူနဝီ သတိမ အစည်းအဝေးပထမနေ့ကို ယမန်နေ့က ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ ဝိဇယမင်္ဂလာဓမ္မသဘင်တွင် ကျင်းပသည်။
အစည်းအဝေးသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မြို့ မင်းကျောင်း ပထမပြန်စာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ အမှူးပြုသည့် နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီးသာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် ဒုတိယပါမောက္ခချုပ်(စီမံ)နှင့် သာသနာရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ တိုင်းဒေသကြီး/ ပြည်နယ်သာသနာရေးမှူးများ တက်ရောက်ကြည်ညိုကြသည်။
အစည်းအဝေးမစတင်မီသာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ကြီးအမှူးပြုသော နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းသည်။
အစည်းအဝေးတွင် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာဘဒ္ဒန္တစန္ဒိမာ ဘိဝံသကသဘာပတိအဖြစ် ဆောင်ရွက်တော်မူပြီး တွဲဖက်အကျိုးတော်ဆောင်ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာဓဇက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်တော်မူသည်။
ဦးစွာ အခမ်းအနားမှူး ဆရာတော်က အစည်းအဝေးစတင်ကြောင်းနှင့် ကြွရောက်တော်မူလာကြသော နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများ၏ အရေအတွက်ကို ဖတ်ကြားလျှောက်ထားပြီး အစည်းအဝေးအထမြောက်အောင်မြင်ကြောင်း ကြေညာသည်။
ထို့နောက် နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသက အစည်းအဝေးဖွင့်သာရဏီယ သြဝါဒကထာကို မြွက်ကြားတော်မူသည်။
ယင်းနောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က သာသနာတော်၏လုပ်ငန်းများကို ဆရာဒကာ ညီညာလက်တွဲ အားခဲနှိုင်းချင့်ကျွန်းနှင့်ကိုင်းမှီ ရှေ့သွားညီအောင်ရည်ရွယ်ပံ့ပိုး ကြိုးစားဆောင်ရွက်လျက်ရှိသည့်အပြင် ဒကာ့တာဝန် ကျေပွန်ကြရ၊ နုဂ္ဂဟနှစ်ဖြာ၊ ဓမ္မာပစ္စယ၊ ကုသိုလ်အဝဝကိုလည်း၊ မဆုတ်မနစ်၊ အားအသစ်သစ်တို့ဖြင့်တိုးမြှင့် လှူဒါန်းလျက်ရှိပါကြောင်း၊ ပြည်သူပြည်သားအပေါင်း သူတော်ကောင်းတို့သည် သာသနာတော် မြတ်ကြီးအတွက် စေတနာသုံးတန်ပြဋ္ဌာန်းလျက် ဆပွားထပ်ဆင့် ထောက်ပင့်ဝေဆာ ပူဇော်ကြမည် သာဖြစ်ပါကြောင်း လျှောက်ထားသည်။
ဆက်လက်၍ အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ပထမအဖွဲ့ခွဲ၏ ဆဋ္ဌအကြိမ်တာဝန်ကျရာ ကာလအတွင်း ဆောင်ရွက်ချက်အစီရင်ခံစာအကျဉ်းကို တာဝန်ကျအဖွဲ့ခွဲကိုယ်စား တွဲဖက်အကျိုးတော်ဆောင်ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တဣန္ဒာစရယက တင်သွင်းလျှောက်ထားပြီး အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့၊ ပထမအဖွဲ့ခွဲ၏ ဆဋ္ဌအကြိမ်တာဝန်ကျရာကာလအတွင်း ဆောင်ရွက်ချက်အစီရင်ခံစာနှင့်စပ်လျဉ်း၍ ဝိနိစ္ဆယရေးရာ ဆောင်ရွက်ချက်များအပေါ် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသီဟက လည်းကောင်း၊ သာသနာရေးရာ ဆောင်ရွက်ချက်များအပေါ် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကောဝိဒက လည်းကောင်း၊ ပညာရေးရာ ဆောင်ရွက်ချက်များအပေါ် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တသူရိယကလည်းကောင်း ကဏ္ဍအလိုက် တင်သွင်းလျှောက်ထားသည်။
ထို့နောက် သာသနာရေးရာ၊ ဝိနိစ္ဆယရေးရာကိစ္စများကို တင်ပြလျှောက်ထားရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများက ဝေဖန်ဆွေးနွေးဆုံးဖြတ်တော်မူကြပြီး အစည်းအဝေးကို နံနက် ၉ နာရီခွဲတွင် ရပ်နားသည်။
အဋ္ဌမအကြိမ်နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ ဧကူနဝီသတိမ အစည်းအဝေး ပထမနေ့ ဒုတိယပိုင်းကို မွန်းလွဲ ၁ နာရီ၌ ဆက်လက်ကျင်းပခဲ့ပြီး သာသနာရေးရာ၊ ဝိနိစ္ဆယရေးရာ ကိစ္စရပ်များကို တင်ပြလျှောက်ထားရာ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများက ဝေဖန်ဆွေးနွေး ဆုံးဖြတ်တော်မူကြပြီး အစည်းအဝေးကို မွန်းလွဲပိုင်း၌ ရပ်နားသည်။
ယနေ့ အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသော နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဆရာတော်ကြီးများအား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ(ငြိမ်း) + ဒေါ်ကြိုင်ကြိုင် မိသားစုနှင့် ဓမ္မမိတ်ဆွေများက အရုဏ်ဆွမ်း၊ နေ့ဆွမ်းတစ်နေ့တာ ဆွမ်းဆက်ကပ်လှူဒါန်းသည်။
#News #MNP
https://t.me/MyanmarNationalPost

No comments:
Post a Comment