ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် အိန္ဒိယနိုင်ငံ၌ ကျင်းပသည့် (၉) ကြိမ်မြောက် ကမ္ဘာ့စီးပွားရေးထိပ်သီးဆွေးနွေးပွဲ တက်ရောက်ခဲ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် အိန္ဒိယနိုင်ငံ၌ ကျင်းပသည့် (၉) ကြိမ်မြောက် ကမ္ဘာ့စီးပွားရေးထိပ်သီးဆွေးနွေးပွဲ တက်ရောက်ခဲ့



နေပြည်တော်၊ ဖေဖော်ဝါရီ ၁၈

အိန္ဒိယနိုင်ငံ The Times Group ၏ ဖိတ်ကြားချက်အရ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ ဖေဖော်ဝါရီ ၁၅ ရက်မှ ၁၆ ရက်အထိ ကျင်းပသည့် (၉) ကြိမ်မြောက် ကမ္ဘာ့စီးပွားရေးထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြသည်။

အဆိုပါထိပ်သီးဆွေးနွေးပွဲကို ကမ္ဘာ့စီးပွားရေးစိန်ခေါ်မှုနှင့် အခွင့်အလမ်းများ ဆွေးနွေးနိုင်ရန်၊ ရေရှည်တည်တံ့သော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် မဟာဗျူဟာများ ထုတ်ဖော်ရန်၊ နည်းပညာနှင့် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုများကို မြှင့်တင်ရန် စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်သည်။

ဆွေးနွေးပွဲပထမရက်တွင် ပြည်ထောင်စုဝန်ကြီးသည် အယ်ဘေးနီးယားနှင့် သီရိလင်္ကာနိုင်ငံများမှ စီးပွားရေးနှင့်စက်မှုဆိုင်ရာဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့်အတူ “Global Cooperation in a Polarized World” ခေါင်းစဉ်ဖြင့် ကျင်းပသည့် စကားဝိုင်းဆွေးနွေးပွဲတွင် စကားဝိုင်းဆွေးနွေးသူ Panelist အဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးသည် လက်ရှိဖြစ်ပေါ်နေသည့် ကမ္ဘာ့စီးပွားရေးအခင်းအကျင်းများ၊ ပြောင်းလဲလာနိုင်ခြေရှိသည့် စီးပွားရေးဆိုင်ရာမူဝါဒများ၊ မြန်မာနိုင်ငံအနေဖြင့် ဆောင်ရွက်လျက်ရှိသည့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးလုပ်ငန်းစဉ်များနှင့် ရင်းနှီးမြှုပ်နှံသူများကို အားပေးဖိတ်ခေါ်နေသည့် အခြေအနေများကို အလေးထားဆွေးနွေးပြောကြားခဲ့သည်။

ညပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရင်ဒြာမိုဒီက အိန္ဒိယနိုင်ငံ စီးပွားရေးမဟာဗျူဟာမျှော်မှန်းချက်များကို ထုတ်ဖော်ပြောကြားသည့် အခမ်းအနားသို့ တက်ရောက်ခဲ့ကြပြီး ဆွေးနွေးပွဲတက်ရောက်လာကြသူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကာ ထိပ်သီးဆွေးနွေးပွဲတက်ရောက်သည့် ကိုယ်စားလှယ်များကို တည်ခင်းဧည့်ခံသည့် ကြိုဆိုဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ခဲ့ကြသည်။

ထို့အတူ ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ထိပ်သီးဆွေးနွေးပွဲ ဒုတိယနေ့ အစီအစဉ်များတွင်လည်း ပါဝင်တက်ရောက်ခဲ့ကြ သည်။

ဆွေးနွေးပွဲအတွင်း နိုင်ငံတကာမှ ကျွမ်းကျင်ပညာရှင်များ၊ ထင်ပေါ်ကျော်ကြားသည့် ပုဂ္ဂိုလ်များ၊ ကမ္ဘာ့စီးပွားရေးခေါင်းဆောင်များသည် ကမ္ဘာ့စီးပွားရေးအကျပ်အတည်း ကာလအတွင်း ကြံ့ကြံ့ခိုင်ဆောင်ရွက်နိုင်မှုမှစ၍ စက်မှုလုပ်ငန်း ၅ ဒသမ ၀ ပေါ်ထွက်လာသည့် အခြေအနေ၊ ကမ္ဘာလုံးဆိုင်ရာ ငွေကြေးမူဝါဒပြောင်းလဲမှုများ၊ စွမ်းအင်လုံခြုံရေးနှင့် အနာဂတ်အလုပ်အကိုင်အခွင့်အလမ်းတို့နှင့် စပ်လျဉ်း၍ ကဏ္ဍအလိုက်တက်ကြွစွာဆွေးနွေးခဲ့ကြသည်။

နှစ်ရက်တာ ကျင်းပခဲ့သည့် ထိပ်သီးဆွေးနွေးပွဲသို့ အိန္ဒိယနိုင်ငံဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ နိုင်ငံတကာမှ အဆင့်မြင့်ကိုယ်စားလှယ်များ၊ မူဝါဒချမှတ်သူများနှင့် စီးပွားရေးကျွမ်းကျင်ပညာရှင်များ၊ နိုင်ငံပေါင်း ၂၀ ကျော်မှ ကိုယ်စားလှယ်စုစုပေါင်း ၂၀၀၀ ကျော် ပါဝင်တက်ရောက်ခဲ့ကြသည်။

ကမ္ဘာ့စီးပွားရေးထိပ်သီးဆွေးနွေးပွဲ တက်ရောက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ယနေ့မွန်းလွဲပိုင်း၌ လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြသည်။


#News #MNP 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)