နိုင်ငံတော်ခရီးစဉ် (သို့မဟုတ်) နိုင်ငံတော်ဝန်ကြီးချုပ်၏ နိုင်ငံတော်အတွက်ခြေလှမ်းတစ်ခု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်ခရီးစဉ် (သို့မဟုတ်) နိုင်ငံတော်ဝန်ကြီးချုပ်၏ နိုင်ငံတော်အတွက်ခြေလှမ်းတစ်ခု


နိုင်ငံတော်ခရီးစဉ်ဆိုသည်မှာ အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုကို ကိုယ်စားပြုသော နိုင်ငံ၏အကြီးအကဲတစ်ယောက်က အခြားအချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုဆီသို့ တရားဝင် သွားရောက်သည့် ခရီးစဉ်ဟူ၍ ယေဘုယျအားဖြင့် အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပါသည်။ တစ်နိုင်ငံမှ အခြား တစ်နိုင်ငံသို့ တရားဝင်သွားရောက်သည့် ခရီးစဉ်(Visit) များတွင် Forum Visit Private Visit စသည်ဖြင့် Visit ပေါင်းများစွာရှိပြီး အများအားဖြင့် Working Visit နှင့် State Visit ဟူ၍ ခွဲခြားနိုင် သည်။ ၎င်းတို့အထဲတွင် နိုင်ငံတော်ခရီးစဉ် (State Visit) များသည် အချုပ်အခြာအာဏာပိုင်နိုင်ငံနှစ်ခု အကြား ချစ်ကြည်ရင်းနှီးစွာဆက်ဆံမှုကို အမြင့်မားဆုံးဖော်ပြခြင်းဖြစ်သည်ဟု သတ်မှတ်ထားသည်။ နိုင်ငံတော်ခရီးစဉ်တွင် သွားရောက်မည့် နိုင်ငံ့ဥသျှောင်အကြီးအကဲသည် ၎င်း၏အချုပ်အခြာအာဏာ ပိုင်နိုင်ငံကို တရားဝင်ကိုယ်စားပြုထားသူဖြစ်ရရုံသာမက သွားရောက်မည့်နိုင်ငံမှ လက်ခံတွေ့ဆုံမည့် နိုင်ငံ့အကြီးအကဲသည်လည်း ၎င်း၏နိုင်ငံကိုတရားဝင်ကိုယ်စားပြုသည့် Head of Government ဖြစ်ရမည်ဖြစ်ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့သည် ပထဝီ မြေမျက်နှာသွင်ပြင်အနေအထားအရ မိုင်ပေါင်းထောင်ချီဝေးကွာသော နိုင်ငံနှစ်ခုဖြစ်ကြသည်။ သို့သော် ရှေးယခင်ကာလကတည်းက နှစ်နိုင်ငံသံတမာန်ဆက်ဆံမှု၊ မိတ်ဘက်ဆိုင်ရာကူးလူး ဆက်သွယ်မှုနှင့် နိုင်ငံတော်အဆင့်ခရီးစဉ် (State Visit) များ ရှိခဲ့ကြသည်။ ပထဝီဝင်အနေအထားအရ မိုင်ပေါင်းများစွာ ကွာဝေးသော်လည်း နှစ်နိုင်ငံဆက်ဆံရေးသည် အိမ်နီးချင်းနိုင်ငံများကဲ့သို့ပင် ကူးလူး ဆက်ဆံမှုများရှိခဲ့သည်။ မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် လွတ်လပ်ရေး ရပြီးနောက် တစ်လကျော်အကြာ ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် မြန်မာနှင့် ဆိုဗီယက် ပြည်ထောင်စုတို့ကြား သံတမန်ဆက်ဆံရေး စတင်ခဲ့သည်။ မြန်မာသံရုံးကို ၁၉၅၀ ပြည့်နှစ်တွင် ဖွင့်လှစ်ခဲ့သည်။ ပါလီမန်ဒီမိုကရေစီခေတ် ၁၉၅၀ ပြည့်လွန်ကာလများတွင် မြန်မာနိုင်ငံနှင့် ဆိုဗီယက် ပြည်ထောင်စုတို့သည် ခင်မင်ရင်းနှီးစွာ ဆက်ဆံခဲ့ကြသည်။ နိုင်ငံတော်ဝန်ကြီးချုပ်ဦးနုသည် ဆိုဗီယက်ပြည်ထောင်စုသို့ ၁၉၅၅ ခုနှစ် အောက်တိုဘာလတွင် သွားရောက်လည်ပတ်ခဲ့သည်။

အလားတူပင် ဝန်ကြီးချုပ်ဦးနု၏ ဖိတ်ကြားချက်အရ ယင်းနှစ်ဒီဇင်ဘာလတွင် ဆိုဗီယက်နိုင်ငံ ဝန်ကြီးချုပ်မာရှယ်ဘူလ်ဂါနင်နှင့် ဆိုဗီယက်နိုင်ငံကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး နီကီတာ ကရူးရှက်ဖ်တို့ မြန်မာနိုင်ငံသို့လာရောက်လည်ပတ်ခဲ့သည်။ ၁၉၆၀ ပြည့်နှစ် ဖေဖော်ဝါရီလတွင် ဆိုဗီယက်ဝန်ကြီးချုပ် နီကီတာခရူးရှက်သည် အာရှခရီးစဉ်ထွက်စဉ် မြန်မာနိုင်ငံသို့ ဒုတိယအကြိမ် ချစ်ကြည်ရေးခရီး လာရောက်လည်ပတ်ခဲ့သည်။ အဆိုပါကာလသည် ဗိုလ်ချုပ်နေဝင်း၏ အိမ်စောင့် အစိုးရလက်ထက်ဖြစ်ပြီး နီကီတာခရူးရှက်၏ ကိုယ်ရေးမှတ်တမ်းတွင် မြန်မာနိုင်ငံ၏ တခမ်းတနား ကြိုဆိုမှုကို အလွန်နှစ်ခြိုက်ကြောင်း ရေးသားဖော်ပြခဲ့သည်။ ဗိုလ်ချုပ်ကြီးနေဝင်း တော်လှန်ရေး ကောင်စီဥက္ကဋ္ဌဖြစ်လာပြီးနောက် ၁၉၆၅ ခုနှစ် စက်တင်ဘာလတွင် ဆိုဗီယက်ပြည်ထောင်စုသို့ သွားရောက်လည်ပတ်ခဲ့ကာ ဆိုဗီယက်ခေါင်းဆောင် လီယိုနိ ဒဘရယ်ရ်ဇ်ညက်ဗ်၊ အဲလက်စေကို စီဂင်န်၊ အန်နာစတပ်(စ်) မီကိုရန်တို့နှင့် တွေ့ဆုံခဲ့သည်။ ၁၉၇၀-၁၉၈၀ ပြည့်လွန်နှစ်များတွင်လည်း ဆိုဗီယက်-မြန်မာ သံတမန်ဆက်ဆံရေးကို ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးနောက် ဆက်လက်ထိန်းသိမ်းနိုင်ခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် မြန်မာနိုင်ငံနှင့် သံတမန်ဆက်ဆံရေးအခြေအနေ အားနည်းသွားခဲ့သော်လည်း ရုရှားနိုင်ငံပြန်လည်တိုးတက်လာချိန်တွင် နှစ်နိုင်ငံသံတမန် ဆက်ဆံရေး များသည်လည်း ပြန်လည်ကောင်းမွန်လာခဲ့ပါသည်။ ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲပြီးနောက် ၁၉၉၁ ခုနှစ်၊ ဒီဇင်ဘာလတွင် မြန်မာနိုင်ငံက ရုရှားနိုင်ငံကို ဆိုဗီယက်ပြည်ထောင်စုအား ဆက်ခံသည့်နိုင်ငံ အဖြစ် အသိအမှတ်ပြုခဲ့သည်။ ဤသည်တို့မှာ မြန်မာနိုင်ငံနှင့် ဆိုဗီယက်ပြည်ထောင်စုတို့အကြား ချစ်ကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်နိုင်မှု၏ အမှတ်လက္ခဏာများပင် ဖြစ်သည်။

မြန်မာ-ရုရှား နှစ်နိုင်ငံ၏ သံတမန်ဆက်ဆံရေးမှာ ၁၉၉၀ ပြည့်လွန်ကာလများတွင် ပိုမိုကောင်းမွန်ခဲ့ပြီး ၂၀၁၁ ခုနှစ် နောက်ပိုင်းတွင် သိသိသာသာအရှိန်အဟုန်မြင့်လာခဲ့သည်။ ၂၀၁၃ ခုနှစ် ဇွန်လတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားနိုင်ငံ သို့ပထမဆုံးအကြိမ် သွားရောက်လည်ပတ်ခဲ့သည်။ ၂၀၁၆ ခုနှစ် နိုဝင်ဘာလတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရုရှားစစ်ဘက်နည်းပညာပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တို့ နေပြည်တော်တွင် တွေ့ဆုံကာ မြန်မာ-ရုရှားနှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား လက်ရှိဆောင်ရွက်နေသော စစ်ဘက် နည်းပညာပူးပေါင်းဆောင်ရွက်မှု အခြေအနေများ၊ လေ့ကျင့်ရေး သင်တန်းဆိုင်ရာကိစ္စရပ်များနှင့် ဆက်လက်တိုးမြှင့်လုပ်ဆောင်မည့်အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် (7) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်သို့ တက်ရောက်ရန်ရောက်ရှိလာသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာအစိုးရအဖွဲ့ အကြီးအကဲနှင့် ကိုယ်စားလှယ်များသည် ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့တွင် ရုရှားနိုင်ငံ ဗလာဒီဗော့စတော့ခ်မြို့တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ ဗလာဒီမာပူတင်နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံ အရေးကိစ္စများကို ဆွေးနွေးခဲ့သည်။ ထိုသို့တွေ့ဆုံဆွေးနွေးခြင်းသည် မြန်မာ-ရုရှား ဆက်ဆံရေး သမိုင်းစာမျက်နှာတွင် မှတ်တိုင်သစ်တစ်ခုကို ထပ်မံစိုက်ထူနိုင်ခဲ့ခြင်း ဖြစ်သည်။

မိမိတို့နှစ်နိုင်ငံ၏ ဖြတ်သန်းလာခဲ့သည့် ဆက်ဆံရေးသမိုင်းကြောင်းကိုကြည့်ပါက အနိမ့်အမြင့်မျိုးစုံရှိခဲ့သော်လည်း လွန်ခဲ့သည့်ဆယ်စုနှစ်နှစ်ခုမှစတင်၍ နှစ်နိုင်ငံဆက်ဆံရေးသည် အရှိန်အဟုန်မြင့် တိုးတက်ပြောင်းလဲလာခဲ့သည်ကို တွေ့ရမည်ဖြစ်ပေသည်။ အထူးသဖြင့် ကမ္ဘာ့ပြဿနာရပ်များအပေါ်တွင် နှစ်နိုင်ငံ၏ရပ်တည်ချက်သဘောထားများ တူညီခဲ့ကြပြီး နိုင်ငံတကာရေးရာကိစ္စရပ်များတွင်လည်း တစ်နိုင်ငံနှင့်တစ်နိုင်ငံ အပြန်အလှန် ပံ့ပိုးကူညီဆောင်ရွက် မှုများရှိခဲ့သဖြင့် ခိုင်မာသည့်ဆက်ဆံရေးကောင်းများကို တည်ဆောက်နိုင်ခဲ့သည်ဟု ဆိုကြရမည် ဖြစ်သည်။ မိမိတို့နှစ်နိုင်ငံ၏တွေ့ကြုံခံစားခဲ့ကြရသည့် စိတ်ခံစားမှုများနှင့် သဘောသဘာဝများသည် တူညီနေကြသည့်အတွက် နှစ်နိုင်ငံပြည်သူများကြား ချစ်ကြည်ရင်းနှီးမှုများနှင့် နားလည်စာနာမှုများ ပိုမိုခိုင်မာလာခဲ့ကြသည်။ ဥပမာအားဖြင့် မြန်မာနိုင်ငံအပေါ် နိုင်ငံကြီးအချို့က နည်းလမ်းမျိုးစုံဖြင့် ဖိအားပေးအကြပ်ကိုင်မှုများ၊ အပြစ်ရှာဝေဖန်တိုက်ခိုက်မှုများ၊ ပိတ်ဆို့အရေးယူမှုများ၊ ပြည်တွင်း ရေးကို ဝင်ရောက်စွက်ဖက်မှုများ၊ နိုင်ငံပြိုကွဲအောင် လှုံ့ဆော်ဖန်တီးမှုများကို ဆောင်ရွက်နေကြ သကဲ့သို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံအပေါ်တွင်လည်း အလားတူ ဆောင်ရွက်နေကြသည်ကို တွေ့မြင်နေရသည့် အတွက် မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့ တွေ့ကြုံနေရသည့် စိတ်ခံစားမှုများမှာ တူညီနေကြသည်ဟု ဆိုနိုင်သည်။ ယနေ့ဆိုလျှင် နှစ်နိုင်ငံခေါင်းဆောင်ကြီးများ၏ ကြိုးပမ်းမှုနှင့် တစ်နိုင်ငံနှင့်တစ်နိုင်ငံအကြား စိတ်ရင်းစေတနာ မှန်ကန်စွာ ဆက်ဆံနိုင်မှုတို့ကြောင့် နှစ်ကာလများစွာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုခိုင်မြဲတိုးမြှင့်လာနိုင်ခဲ့ကြသည်။

ယခု ၂၀၂၅ ခုနှစ်တွင်လည်း ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားနိုင်ငံသို့သွားရောက်မည့် နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ်တစ်ခု ပေါ်ပေါက်လာတော့မည်ဖြစ်လေရာ နှစ်နိုင်ငံချစ်ကြည်ရေးခရီးလမ်းသည် ရှေ့သို့ဆက်လက်ခရီးဆက် နေမည်ပင် ဖြစ်ပါသည်။ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဤခရီးစဉ်မှ ရရှိလာမည့် နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားများသည် မိမိတို့နိုင်ငံအတွက်အဖိုးဖြတ်၍မရသော တန်ဖိုးရှိသည့် အရာများ ဖြစ်ပါသည်။ ပြည်ပအင်အားကြီးနိုင်ငံများနှင့် ချစ်ကြည်ရေးခရီးစဉ်သွားရောက်တိုင်း မိမိတို့နိုင်ငံ အတွက် အမျိုးသားအကျိုးစီးပွားများ တစ်ခုမဟုတ်တစ်ခု ဆောင်ကြဉ်းပေးလာတတ်သည့် နိုင်ငံတော် ဝန်ကြီးချုပ်၏ ဤခရီးစဉ်သည် မိမိတို့နိုင်ငံအတွက် လွန်စွာမှပင်တန်ဖိုးရှိပြီး ပိုမိုကောင်းမွန်သော အပြောင်းအလဲအရွေ့တစ်ခုကို မြင်တွေ့ရတော့မည်ဟု ယုံကြည်မိပါကြောင်း တင်ပြအပ်ပေသည်။


#News #MNP #Article

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)