ပန်းတောင်း၊ မတ် ၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် မြို့မစာကြည့်တိုက်တွင် ယနေ့နံနက် (၈) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စာရေးဆရာအသင်းနှင့် မြို့မစာကြည့်တိုက်ကော်မတီတို့မှကြီးမှူး၍ နွေရာသီလူငယ် အခြေခံအင်္ဂလိပ်စကားပြော၊ အခြေခံပန်းချီနှင့် ကဗျာရေးစပ်နည်းသင်တန်းဖွင့်လှစ်ခဲ့ရာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုနှင့်ဝန်ထမ်းများ၊ မြို့နယ်စာရေးဆရာအသင်းနှင့် မြို့မစာကြည့်တိုက်ကော်မတီဝင်များ၊ ရပ်မိရပ်ဖများ၊ သင်တန်သား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
သင်တန်းဖွင့်ပွဲတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုက မြို့နယ်အတွင်းရှိကလေးသူငယ်များကို တိုးတက်လာသောခေတ်ရေစီးကြောင်းနှင့်အညီ နည်းပညာများ၊ စီးပွားရေးနယ်ပယ်များတွင် လိုက်လျောညီထွေစွာအသုံးချနိုင်စေရေးအတွက် မိခင်ဘာသာစကားအပြင် နိုင်ငံတကာတွင်အသုံးများလျက်ရှိသော အင်္ဂလိပ်ဘာသာစကားကို ငယ်စဥ်အရွယ်ကပင် မှန်မှန်ကန်ကန် ရေးတတ်၊ ဖတ်တတ်၊ ပြောဆိုတတ်စေရန် လေ့ကျင့်သင်ကြားပေးမည်ဖြစ်ရာ နောင်တစ်ချိန်တွင် နိုင်ငံ့ဂုဏ်ဆောင်နိုင်သော သားကောင်းသမီးများပေါ်ထွန်းလာစေရန် ကြိုးစားလေ့လာသင်ယူမှတ်သားကြရန် ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့မစာကြည့်တိုက်ဥက္ကဋ္ဌ ဦးလှကျော်က နွေရာသီကျောင်းပိတ်ချိန် အားလပ်ရက်များတွင် ကလေးသူငယ်များ ဘာသာစကားတစ်ခု ကျွမ်းကျင်ပိုင်နိုင်စွာ ပြောဆိုတတ်စေရန်၊ ကဗျာစာပေ၊ ယဥ်ကျေးမှုအနုပညာများကို ထိတွေ့အကျွမ်းတဝင်ရှိစေရန်၊ ဂိမ်းဆော့၍အချိန်ဖြုန်းတီးမှုများကိုကုစားရန်ရည်ရွယ်၍ အင်္ဂလိပ်စကားပြောသင်တန်းများ၊ ကဗျာသင်တန်းများ၊ အခြေခံပန်းချီသင်တန်းများ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုနှင့်ဝန်ထမ်းများက သင်တန်းသား၊ သင်တန်းသူများကို စာအုပ်၊ ခဲတံ၊ ပေတံများ ပေးဝေခဲ့ကြသည်။ အဆိုပါသင်တန်းကို မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအတွက် မတ်လ ၃ ရက်နေ့မှ ၁၂ ရက်နေ့ထိလည်းကောင်း၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအတွက် မတ်လ ၁၃ ရက်နေ့မှ ၂၂ နေ့အထိလည်းကောင်း ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
လပြည့်လင်း
#News #MNP
https://t.me/MyanmarNationalPost
No comments:
Post a Comment