မင်္ဂလာဒုံ , မတ် ၇
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် အစားအသောက်နှင့် ရေမှတဆင့် ကူးစက်တတ်သောရောဂါများနှင့် ပတ်သက်၍ ကာကွယ်တားဆီးရေးအတွက် အသိပညာပေးခြင်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့သည် ယမန် နေ့နံနက်ပိုင်းက ဧကရာဇ်ရပ်ကွက်၊ ထောက်ကြန့်ရတနာသီရိဈေးအတွင်းရှိ စားသောက်ဆိုင်များသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာဝင်းဝင်းမာနှင့် ကျန်းမာရေးဝန်ထမ်းများက ဈေးရောင်းချနေသူများအား သန့်ရှင်းလတ်ဆတ်သော အစားအစာများကို ရောင်းချရေး၊ အစားအစာများအား ယင်မနားစေရေး၊ လက်ကိုစနစ်တကျ စင်ကြယ်စွာဆေးကြောစေရေး၊ သောက်သုံးရေများအား ကလိုရင်းခတ်ထားသော ရေကိုသာသုံးစွဲစေရေးနှင့် အသည်းရောင်အသားဝါ (အေ) ရောဂါနှင့် ပတ်သက်၍ ရောဂါကူးစက်နိုင်သည့် နည်းလမ်းများ၊ ရောဂါလက္ခဏာများ၊ ကာကွယ်နိုင်သည့် နည်းလမ်းများအား ဟောပြောပေးခြင်း၊ သောက်သုံးရေများအား ရေသန့်ဆေးပြားများ ခပ်ပေးခြင်း၊ ရေသန့်ဆေးကတ်များ ဖြန့်ဝေပေး၍ အသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါအသိပညာပေးဆောင်ရွက်ရာသို့ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးသန်းဦး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်ဒုတိယဦးစီးမှူး ဦးမျိုးဦးနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး (ကျန်းမာရေးဌာန) မှ ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းမှ အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးမှ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဈေးတာဝန်ခံများက ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
#NEW #MNP
join-
https://t.me/MyanmarNationalPost
No comments:
Post a Comment