တပ်ကုန်းမြို့က ဆရာတော်ကြီးတစ်ပါးနဲ့ တွေ့တော့ ဆရာတော်ကြီးက "သူများတွေတော့ စာမေးပွဲ ပြန်ဖြေရမယ်ဆိုတဲ့ ကိစ္စကို ဝေဖန်ပြောဆိုနေကြပြီ။ မင်းပြောတာတော့ မကြားသေးဘူးကွ" လို့ ဆရာတော်ကြီး က မိန့်ကြားပါတယ်။ "တပည့်တော်က ပြန်ဖြေရမယ်ဆိုတဲ့ ထုတ်ပြန်ချက်မထွက်မီ မီးလောင်ဆုံးရှုံးမှုဖြစ်ပေါ်တယ်ဆိုတဲ့ သတင်းကြားပြီးကတည်းက ပြောခဲ့ပါတယ် ဘုရား" လို့ လျှောက်တင်လိုက်ပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေနဲ့ ၂၀၂၅ခုနှစ်၊ မတ်လ (၂၈) မှာ မန္တလေးငလျင်နဲ့ ပတ်သက်ပြီး မိန့်ခွန်းပြောကြားခဲ့ပါတယ်။ ငလျင်လှုပ်ရှားမှုကြောင့် ထိခိုက်ပျက်စီးမှုတွေကတော့ မန္တလေးမြို၊ စစ်ကိုင်းမြို၊ နေပြည်တော်တိုမှာ ပျက်စီးမှုများပြားခဲ့ရတဲ့ အခြေအနေကို ရှင်းလင်းပြောကြားပြီး နိုင်ငံတကာကို အကူအညီတောင်းခံခဲ့တဲ့အတွက် နိုင်ငံတကာမှ ကူညီကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိလာသလို ထောက်ပံ့ရေးပစ္စည်းများ ပို့ဆောင်ကူညီပေးခဲ့ကြပါတယ်။
ငလျင်ရဲ့ နောက်ဆက်တွဲသတင်းအနေနဲ့ ၂၀၂၅ခုနှစ်၊ မတ်လ (၂၉) ရက်နေ့မှာ သတင်းထုတ်ပြန်ရေးအဖွဲ့က "တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများ မီးလောင်ပျက်စီးဆုံးရှုးခဲ့ရမှုနှင့် ပတ်သက်၍ ထုတ်ပြန်ကြေညာခြင်း" ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းထုတ်ပြန်လာရာမှာတော့ -
မတ် ၂၈ ရက် ဒေသစံတော်ချိန်မွန်းလွဲ ၁၂ နာရီ ၅၁ မိနစ် ၀၂ စက္ကန့်အချိန်တွင် မန္တလေးမြို၏ အရှေ့မြောက်ဘက် ၂၀ ကီလိုမီတာခန့်အကွာ၌ အင်အား ရစ်(ခ်)တာ စကေး ၇ ဒသမ ၇ အဆင့်ရှိ အင်အားအလွန်ပြင်းထန်သော မြေငလျင်တစ်ခုလှုပ်ရှားသွား ခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်း ပြည်နယ်အရှေ့မြောက်ဒေသ၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသကြီးတို၌ ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုးမှုများ အများအပြားဖြစ်ပေါ်ခဲ့ရသည်။
ထိုသိုဖြစ်ပေါ်ခဲ့ရာတွင် မန္တလေးတက္ကသိုလ် ပင်မဆောင်သည်လည်း ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့်အပြင် နောက်ဆက်တွဲအဖြစ် မီးလောင်မှုများ ဖြစ်ပေါ်ခဲ့ရသည်။ အဆိုပါ မီးလောင်မှုကြောင့် မန္တလေးတက္ကသိုလ် ပင်မဆောင်သို ရောက်ရှိလျက်ရှိသည့် ၂၀၂၄-၂၀၂၅ တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများဖြစ်သည့် မန္တလေးတိုင်းဒေသကြီးမှ ဖြေဆိုသူဦးရေ ၄၆၉၄၄ ဦး၏ အဖြေလွှာအုပ်ရေ ၂၈၀၉၄၀ အုပ်၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ဖြေဆိုသူဦးရေ ၇၃၁၁ ဦး၏ အဖြေလွှာအုပ်ရေ ၄၃၈၂၇ အုပ်၊ ကချင်ပြည်နယ်မှ ဖြေဆိုသူဦးရေ ၈၆၉၉ ဦး၏ အဖြေလွှာအုပ်ရေ ၅၂၁၈၉ အုပ် တိုသည် မီးလောင်ပျက်စီးဆုံးရှုးခဲ့ရသည်။
အဆိုပါ ပြင်းထန်ငလျင်လှုပ်ခတ်ခဲ့သည့်အချိန်သည် စာစစ်လုပ်ငန်းများ လုပ်ဆောင် နေသည့်အချိန်ဖြစ်ပြီး စာစစ်လုပ်ငန်းဆောင်ရွက်နေသူ ဆရာ၊ ဆရာမ ၂၆၇ ဦးခန့်သည် စာစစ်လုပ်ငန်းများ(Code လုပ်ငန်းဆောင်ရွက်နေချိန်)၌ ပြင်းထန်ငလျင် ဖြစ်ပေါ်ခဲ့သဖြင့် ပင်မဆောင်အောက်သို့ ပြေးထွက်တိမ်းရှောင်ခဲ့ကြရသည်။ ထိုနောက် ငလျင်လှုပ်ခတ်မှုမှ နောက်ဆက်တွဲမီးလောင်မှုများဖြစ်ပေါ်ခဲ့စဉ် မန္တလေးတက္ကသိုလ် ပင်မဆောင်ကြီးတစ်ခုလုံး မီးလောင်ပျက်စီးဆုံးရှုးခဲ့ရမှုနှင့်အတူ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် ကချင်ပြည်နယ်တို့မှ ၂၀၂၄-၂၀၂၅ တက္ကသိုလ်ဝင် စာမေးပွဲ အဖြေလွှာများ သည်လည်း မီးလောင်ပျက်စီးဆုံးရှုးခဲ့ရခြင်းဖြစ်ကြောင်း စိစစ်သိရှိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ငလျင်ဒဏ်သင့်ခဲ့ရသည့်ဒေသများ၌ ပျက်စီးဆုံးရှုးမှုများအား အလျင်အမြန် စုံစမ်းစစ်ဆေးခြင်း၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများအား ဆောလျင်စွာ ဆောင်ရွက်ခြင်းတို့ကိုဆောင်ရွက်လျက်ရှိပြီး မန္တလေးတက္ကသိုလ် ပင်မဆောင်သို့ ရောက်ရှိလျက်ရှိသည့် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့မှ ၂၀၂၄-၂၀၂၅ တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာများ မီးလောင်ပျက်စီးဆုံးရှုးခဲ့ရမှုနှင့် ပတ်သက်၍ အများပြည်သူများ သိရှိနိုင်ရေး ထုတ်ပြန်အပ်ပါသည်။
အထက်ပါ ထုတ်ပြန်ချက် ထွက်ပေါ်လာပြီးတဲ့အချိန်မှာပဲ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်ဖြေရမယ်ဆိုတဲ့ သတင်းစကားကို ကြားလာရပါပြီ။ လူမှုကွန်ရက်မှာ ရေးသားဖော်ပြတာတွေ တွေ့လာရပါပြီ။ ကြိုတင်ပြီး ဝေဖန်ပြောဆိုခဲ့တာက ဆရာ/ ဆရာမတွေ ထံက ပြန်ဖြေရမယ်ဆိုတဲ့ စကားကြားရသည့်အတွက် ဒါမျိုးကတော့ လုံးဝမဖြစ်သင့်ဘူးဆိုတာကို ပြတ်ပြတ်သားသား ကန့်ကွက်ပြောဆိုခဲ့ခြင်း ဖြစ်ပါတယ်။
၂၀၂၅ခုနှစ်၊ ဧပြီ (၂၂) ရက်နေ့မှာတော့ ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန က မန္တလေးငလျင်ကြီးကြောင့် အဖြေလွှာများ မီးလောင်ပျက်စီးသွားသော တိုင်းဒေသကြီး၊ ပြည်နယ်များအတွက် ၂၀၂၅ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ကျင်းပစစ်ဆေးမည့်အစီအစဉ် ကြေညာခြင်း ခေါင်းစဉ်နဲ့ ထုတ်ပြန်လာခဲ့ပါတယ်။
ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန က ပြန်ဖြေရမယ့်အစီအစဉ်မထုတ်ပြန်မီမှာ ပြည်သူ့ရှေ့ဆောင်ပါတီက ၂၀၂၅ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့မှာ Grade-12 စာမေးပွဲနှင့်ပတ်သက်၍ ပြည်သူ့ရှေ့ဆောင်ပါတီ၏ အကြံပြုတိုက်တွန်းချက် ထုတ်ပြန်ခဲ့ပါတယ်။
၂၀၂၅ ခုနှစ်၊ မတ်လ (၂၈)ရက်နေ့တွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် မန္တလေး တက္ကသိုလ် ပင်မဆောင်ပြိုကျပျက်စီး၍ မီးလောင်ဆုံးရှုံးခဲ့ရခြင်းတွင် မြန်မာနိုင်ငံအထက် ပိုင်း Grade-12 ကျောင်းသူ၊ ကျောင်သားများ၏ အဖြေလွှာများပါဝင်ခဲ့ကြောင်း သိရှိရပါသည်။ ဤဖြစ်ရပ်သည် ကာယကံရှင်ကျောင်းသား/သူများနှင့် ကျောင်းသားမိဘများအပြင် နိုင်ငံတော်အစိုးရအတွက်လည်း ဖြေရှင်းရန်အခက်အခဲ တစ်ရပ်ကိုဖြစ်ပေါ်စေပါကြောင်း၊
ဤကိစ္စတွင် နိုင်ငံတော်အနေဖြင့် လတ်တလောပြင်းထန် ငလျင်၏ နောက်ဆက်တွဲဆိုးကျိုး များအတွက် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများဦးစားပေး ဆောင်ရွက် နေရချိန်တွင် နိုင်ငံတော်အစိုးရ နှင့် ကျောင်းသားလူငယ်ထုတစ်ရပ်လုံးက လက်ခံနိုင်မည့်ဖြေရှင်းမှု တစ်ရပ် အရေးတကြီးလိုအပ်လျက်ရှိသည်ဟု ပြည်သူ့ရှေ့ဆောင်ပါတီမှ အလေးအနက်ခံယူပါကြောင်း၊
၂၀၂၅ ခုနှစ်၊ မတ်လ (၂၈)ရက်နေ့တွင် ကြုံတွေ့ခဲ့ရသည့်ငလျင်သည် ကြိုတင်ခန့်မှန်းနိုင်ခြင်း မရှိသည့် သဘာဝဘေးအန္တရာယ်ဖြစ်သည့် မလွန်ဆန်နိုင်သောဖြစ်ရပ်(Force Majeure)ဖြစ်ပါသည်။ ဤကဲ့သို့သော အခြေအနေတွင် Grade-12 စာမေးပွဲပြန်လည်ကျင်းပမည်ဆိုပါက နိုင်ငံတော်နှင့် နိုင်ငံ့ဝန်ထမ်းများ၊ အထူးသဖြင့် ငလျင်ဘေးဒဏ်ခံစားနေရသောဝန်ထမ်းများနှင့် ငလျင်ဘေးဒဏ်ခံစား နေရသော ကျောင်းသား/သူများ၊ ကျောင်းသားမိဘများအတွက် တစ်ပူပေါ်နှစ်ပူဆင့်ပြီး မလိုလားအပ် သည့် ဝန်ထုပ်ဝန်ပိုးဖြစ်စေနိုင်သည့်အပြင် တိုက်ပွဲဒဏ်သင့်ဒေသများမှ ကျောင်းသား/သူများအတွက် ပို၍ပင် ဒုက္ခဖြစ်စေနိုင်ပါကြောင်း၊
သို့ပါ၍ စာမေးပွဲပြန်လည်စစ်ဆေးခြင်းနှင့်ပတ်သက်၍ နိုင်ငံတော်မှ အုပ်ချုပ်စီမံမှုလုပ်ငန်း ဝန်ထုပ်ဝန်ပိုးမရှိစေပဲ ကျောင်းသား/သူတစ်ဦးချင်းစီအတွက်လည်း အဆင်ပြေမည့်ဖြေရှင်းမှု အဖြစ် ငလျင်ကြောင့်အဖြေလွှာ မီးလောင်ဆုံးရှုံးခံခဲ့ရသောကျောင်းသား/သူများအား G-12 စာမေးပွဲအောင်မြင်ပြီးဟုယူဆ၍ လာမည့်ကျောင်းဖွင့်ကာလအတွက် ၎င်းတို့စိတ်ပါဝင်စားသည့် တက္ကသိုလ်တစ်ခုခုသို့ လျှောက်ထားခွင့်ပြုပြီး သက်ဆိုင်ရာတက္ကသိုလ်များက ကြီးမှုးကျင်းပသည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ သို့ G-12 တစ်နှစ်လုံး အတန်းတွင်း လစဉ်အရည်အချင်းစစ် ရမှတ်အထောက်အထားများ၊ အခြားသော လှုပ်ရှားမှုများမှ ရရှိသောရမှတ်အထောက်အထားများဖြင့်သက်ဆိုင်ရာ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲများ တွင် ဖြေဆိုစေသင့်ပါကြောင်းနှင့် ထိုကဲ့သို့ဝင်ရောက်ဖြေဆိုသော်လည်း သက်ဆိုင်ရာတက္ကသိုလ်၏ သတ်မှတ်အရည်အချင်း မပြည့်မီသည့်ကျောင်းသား/သူများကို လာမည့်စာသင်နှစ်တွင် Grade-12 ၌ ပြန်လည်ပညာသင်ကြားစေသင့်ပါကြောင်း နိုင်ငံတော်အစိုးရအား အကြံပြုတိုက်တွန်းပါကြောင်း၊
အထက်ပါအတိုင်းဆောင်ရွက်ပါက လက်ရှိရင်ဆိုင်နေရသည့် အကြပ်အတည်းအား ကျော်လွှား နိုင်မည့်အပြင် အောက်ပါကောင်းကျိုးရလဒ်များလည်း ရရှိနိုင်မည်ဖြစ်ပါကြောင်း -
(က) ကျောင်းသား/သူ တစ်ဦးချင်းအနေဖြင့် ၎င်းတို့ဝါသနာပါရာ ပညာရပ်ကို ဆည်းပူးခွင့်ရရှိခြင်း၊
(ခ) လက်ခံမည့်တက္ကသိုလ်ကလည်း မိမိတို့လိုချင်သောကျောင်းသား/သူများကို ရွေးချယ်လက်ခံ နိုင်ခြင်း၊
(ဂ) နိုင်ငံတော်နှင့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပို၍အရေးကြီးသော ငလျင်ကပ်ဘေးအလွန် ကူညီ ကယ်ဆယ်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကိုအာရုံစူးစိုက်နိုင်ခြင်း။
ဆိုပြီး ပြည်သူ့ရှေ့ဆောင်ပါတီ က အပြုသဘောဆန်ဆန် ထုတ်ပြန်အကြံပြုထားတာကို တွေ့မြင်ရပါတယ်။
အခြားပါတီတွေက ဒီကိစ္စနဲ့ ပတ်သက်လို့ သဘောထားမှတ်ချက်များ၊ ထုတ်ပြန်ကြေညာချက်များ ထွက်လာတာကို မတွေ့ရပါဘူး။ ထုတ်ပြန်ကြေညာ တိုက်တွန်းပြောဆိုလည်း ဘာမှမထူးဘူး၊ လုပ်ချင်ရာ လုပ်နေကြတာလို့ သဘောထားလို့ပဲလား မသိ။ ပညာရေးဝန်ကြီးဌာနရဲ့ လုပ်ဆောင်ချက်အပေါ်မှာ သဘောတူမျှတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန က တရားဝင်ထုတ်ပြန်တဲ့နေ့မှာပဲ စာရေးသူအနေနဲ့ နတ်မောက်မြို့က ဆရာဦးဌေး ထံ ဆက်သွယ်မေးမြန်းပြီး သဘောထားရယူခဲ့ပါတယ်။ ဆရာကတော့ ပညာရေး နယ်ပယ်က ပညာရှင်တစ်ယောက်ပါ။ ဆရာဦးဌေး နဲ့ ကျွန်တော် အဆက်အသွယ်မရမီကတည်းက တူညီတဲ့ ဆန္ဒတစ်ခုက KG+12 စနစ်ကို လုံးဝ မကြိုက်တာပါပဲ။ ကျွန်တော်က အခြေခံလူတန်းအမြင်က မကြိုက်တာပါ။ ဆရာဦးဌေးက ပညာရှင်ရှုထောင့်ကနေ မကြိုက်တာပါ။ သို့သော်လည်း ပညာရေးရာစီမံခန့်ခွဲသူ အာဏာရှင်တွေ စီမံသလိုပဲ တတ်ကြပေါ့။ ကျောင်းမတက်နဲ့ ကျောင်းထွက်လို့လည်း မလှုံ့ဆော်ရဲပါဘူး။ ဒီစနစ်ဟာ ကျွန်တော်တို့အတွက် နစ်နာတာတော့ အမှန်ပါပဲ။ နိုင်ငံတော်အကြီးအကဲတွေကို ပြောရေးဆိုခွင့်ကြတော့ ပညာရှင် လူလည် လူလိမ်တွေ က သူတို့လိုလားချက်ကို နိုင်ငံတော်အကြီးအကဲများ လက်ခံအောင် မလိမ့်တပတ် ပြောရေးဆိုခွင့် ရှိတယ်။ ကျွန်တော်တို့ရဲ့ ဆွေးနွေးတင်ပြချက်တွေက အလှမ်းဝေးတယ်။ အလေးမထားဘူး။ အဲဒီတော့ လူလိမ် လူညာ ပညာရှင်များ စီမံသည့်အတိုင်း ရေလိုက်ငါးလိုက် မလိုက်ချင်လည်းလိုက်၊ လိုက်ချင်လည်းလိုက် နေရတာပါပဲ။
အခုစာမေးပွဲ ပြန်ဖြေရမယ်ဆိုတဲ့ အစီအစဉ်နဲ့ ပတ်သက်လို့ ဆရာဦးဌေးကို မေးလိုက်တော့လည်း ဆရာဦးဌေးက ပညာရေးဝန်ကြီးဌာနက စီမံခန့်ခွဲသူတွေရဲ့ လိမ်ညာကောက်ကျစ်မှုတွေကို ပီပီပြင်ပြင် ရှင်းလင်း ပြောဆိုပါတယ်။ ပညာရှင်ဆိုသူတွေဟာ ဗိုလ်ချုပ်မှူးကြီး ကို ပြည်သူများမုန်းတီးအောင် ရည်ရွယ်ချက်ရှိရှိ လုပ်နေတာကိုလည်း သုံးသပ်ပြောဆိုပါတယ်။ ဗိုလ်ချုပ်မှူးကြီး အနီးအနားမှာ ပညာရေးပတ်သက်လို့ ကောင်းမွန်တဲ့ အကြံပြုနိုင်တဲ့သူမရှိဘူး။ ဆရာကြီး ဒေါက်တာခင်မောင်ညို၊ ဆရာကြီး ဒေါက်တာတိုးလှတို့နဲ့ ဆွေးနွေးတိုင်ပင်ပြီး စနစ်ကို ပြင်သင့်တယ်။ စာမေးပွဲ ပြန်ဖြေရမယ်ဆိုတဲ့ အမိန့်ကို ပြန်ရုပ်သိမ်းသင့်တယ် လို့ ဆွေးနွေးပြောဆိုပါတယ်။
ဒီနောက်မှာတော့ မင်းကွန်းပုထိုးတော်ကြီးပညာရေးအကယ်ဒမီရဲ့ ပဲ့ကိုင်ရှင် ဆရာတော်ဦးဝီရသူ ရဲ့ သဘောထားအမြင်ကို ပြောဆိုထားတဲ့ ရုပ်သံကိုလည်း တွေ့မြင်လိုက်ရပါတယ်။ ပညာရေးဝန်ကြီးဌာန က ပညာရှင်တွေရဲ့ မလျော်ကန်တဲ့ လုပ်ရပ်တွေကို ဆရာတော်က ကွက်ကွက်ကွင်းကွင်း ထောက်ပြပြောဆိုပါတယ်။ ဂုဏ်ထူးတွေ အရောင်း/ အဝယ်လုပ်နေကြောင်းကိုပါ ဆရာတော်က ထည့်သွင်းပြောဆိုသွားပါတယ်။
အခြားသော ပညာရှင်များက ပြန်မဖြေသင့်တဲ့အကြောင်း ထောက်ပြပြောဆို ရေးသားကြတာတွေလည်း တွေ့မြင်ရပါတယ်။ ငလျင်ဘေး ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေတဲ့ ကိုမင်းမြတ်ဦး က စစ်ကိုင်းဘက်မှာ ကျောင်းသား/ ကျောင်းသူများနဲ့ တွေ့ဆုံခဲ့ရကြောင်း၊ ယာယီတဲများမှာ နေထိုင်နေရကြောင်း၊ တချို့ ယာယီတဲမရသေးလို့ လမ်းဘေးမှာ နေရကြောင်း၊ စာအုပ်စာတမ်းများလည်း မရှိတော့ကြောင်း၊ ပြန်ဖြေဆိုရမည်ဆိုသည့်အတွက် ကျောင်းသား/ ကျောင်းသူများအနေဖြင့် အခက်အခဲ ရှိနေကြောင်း မြေပြင် အခြေအနေကို ထင်ဟပ်ပြောဆိုထားပါတယ်။
ပြန်ဖြေမခိုင်းသင့်ဘူးဆိုတဲ့ ရှုထောင့်ကနေ ဝေဖန်ထောက်ပြ ပြောဆိုတာတွေ ရှိသလို ကိုယ်ပိုင်ကျောင်း၊ ကျူရှင်ကျောင်းကို ပြန်ခေါ်ပြီး ပိုက်ဆံတောင်းလိုတဲ့ ပညာရေးလုပ်ငန်းရှင်များသည် ပြန်ဖြေသင့်တဲ့ဘက်က ထောက်ခံတာမျိုးတွေလည်း ရှိပါတယ်။ မနေ့က မိတ္ထီလာဘက်က ဆက်သွယ်ပြောဆိုလာတာကတော့ ကိုယ်ပိုင်ကျောင်းတွေက ကျောင်းသားတွေကို ပြန်ခေါ်နေပြီ။ ပြန်ဖြေရမယ့် စာမေးပွဲအတွက် ပိုက်ဆံလည်း တောင်းနေကြပြီလို့ ဆိုပါတယ်။ ဒါကတော့ ပညာရေးဝန်ကြီးဌာနက ဖန်တီးပေးတဲ့ ဂွင်၊ ပညာရေး လုပ်ငန်းရှင်တွေကလည်း လာဘ်မြင်တာပေါ့ဗျာ။
စာမေးပွဲ ပြန်ဖြေရမယ်ဆိုတဲ့ အစီအစဉ်နဲ့ သဘောထားအမြင် အမျိုးမျိုးကိုတော့ ကြားသိခဲ့ရပြီးပါပြီ။ ဒီနေရာမှာတော့ ကျွန်တော်က တရားခံရှာချင်တာ ဖြစ်ပါတယ်။ အဖြေလွှာတွေ မီးလောင် ပျက်စီးဆုံးရှုံးတာ ဘယ်သူ့ကြောင့်လဲ။ ကျောင်းသားတွေကြောင့်လား။ ကျောင်းသားတွေ လက်ထဲမှာ မီးလောင်ပျက်စီးဆုံးရှုံးတာ မဟုတ်ပါဘူး။ ဒီအဖြေလွှာတွေ ဘယ်လိုအကြောင်းကြောင့်ဖြစ်စေ မပျက်စီး၊ မဆုံးရှုံးအောင် ထိန်းသိမ်းစောင့်ရှောက်ရမယ့် တာဝန်က ပညာရေးဝန်ကြီးဌာနရဲ့ တာဝန်ပဲ ဖြစ်ပါတယ်။ မြန်မာပြည်မှာ သဘာဝဘေးအန္တရာယ်တွေလည်း ကြုံနေရတယ်။ အကြမ်းဖက်ဘေးအန္တရာယ်လည်း ကြုံရတယ်။ ဒီလို အချိန်မျိုးမှာ အရေးကြီးရင် ကြီးသည့်အလျောက် မပျက်စီး၊ မဆုံးရှုံးအောင် ထိန်းသိမ်းစောင့်ရှောက်ရမှာ ဖြစ်ပါတယ်။
သတင်းထုတ်ပြန်ရေးအဖွဲ့ရဲ့ ၂၀၂၅ခုနှစ်၊ မတ်လ (၂၉) ရက်နေ့ သတင်းထုတ်ပြန်ချက်မှာ "ထိုသိုဖြစ်ပေါ်ခဲ့ရာတွင် မန္တလေးတက္ကသိုလ် ပင်မဆောင်သည်လည်း ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့်အပြင် နောက်ဆက်တွဲအဖြစ် မီးလောင်မှုများ ဖြစ်ပေါ်ခဲ့ရသည်။" လို့ ထုတ်ပြန်ထားတာပါတယ်။ နောက်ဆက်တွဲ မီးလောင်တာ ဘယ်လိုကြောင့် လောင်တာလဲ သတင်းထုတ်ပြန်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ မပါသလို ပြန်ဖြေရမယ်ဆိုတဲ့ ထုတ်ပြန်ချက်မှာလည်း ငလျင်ကြောင့်ပဲ မီးလောင်တဲ့ ပုံစံမျိုး ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
မီးလောင်တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ စဉ်းစားတဲ့အခါ ဆက်စပ်စဉ်းစားတဲ့အခါ မစိုးရိမ်တိုက်သစ်က ငါးထပ်ကျောင်းဆောင်ကြီး ပြိုကျခဲ့တယ်။ မီးမလောင်ခဲ့ဘူး။ Sky Villa က တိုက်တွေ ပြိုတယ်။ မီးမလောင်ဘူး။ ငလျင်မီးတော့ မဟုတ်ဘူး။ ငလျင်လှုပ်ခတ်ပြီး ဝါယာရှော့ကြောင့် မီးလောင်တာလား၊ တခြားသော အကြောင်းကြောင့်လား အဖြေထုတ်ပေးတာမျိုးတော့ မရှိဘူး။
အခုလို မီးလောင်ပျက်စီးဆုံးရှုံးသွားတဲ့အချိန်မှာ ပညာရေးဝန်ကြီးဌာနက ပြန်ဖြေဖို့ ထုတ်ပြန်လိုက်ခြင်းဟာ ဘယ်လို သဘောမျိုး သက်ရောက်နေသလဲဆိုရင် ခပ်ရိုင်းရိုင်းပြောတတ်တဲ့ နိုင်ငံရေးသမားတွေရဲ့ အပြောမျိုးနဲ့ ပြောရရင် လူပေါ်ကျတဲ့ မီးပွား၊ ခွေးပေါ် မှုတ်ချလိုက်တာမျိုးပါပဲ။ အဖြေလွှာတွေ ပျက်စီးဆုံးရှုံးမှုနဲ့ ပတ်သက်လို့ အဓိက တာဝန်ယူ တာဝန်ခံရမှာက ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ဖြစ်ပါတယ်။ သူတို့က တာဝန်မယူပဲ ကျောင်းသား၊ ကျောင်းသူတွေကို တာဝန်ယူခိုင်းခြင်းဟာ လူကြီးမပီသတဲ့ လူတွေရဲ့ လုပ်ရပ်မျိုး ဖြစ်နေပါတယ်။ ကျောင်းသား လူငယ်တွေက ပြန်ဖြေကြမယ်ဆိုရင် အဲဒီ လူငယ်တွေဟာ တကယ်ကို လေးစားထိုက်တဲ့ လူငယ်တွေပါ။ လူကြီးမပီသူတွေက တာဝန်မယူရဲ၊ တာဝန်မခံရဲတာကို တာဝန်ကိုယ်စား ယူပေးတဲ့ လူငယ်တွေအဖြစ် လေးစားဂုဏ်ပြုရမှာ ဖြစ်ပါတယ်။
ပညာရေးဝန်ကြီးဌာနအနေနဲ့ အဖြေလွှာများကို မပျက်စီးအောင် ထိန်းသိမ်းစောင့်ရှောက်နိုင်ခြင်း မရှိတဲ့အတွက် ပြန်တောင်းပန်ရမှာ ဖြစ်ပါတယ်။ "အဲဒီလို ပျက်စီးဆုံးရှုံးမှုနဲ့ ပတ်သက်လို့ ပညာရေးဝန်ကြီးဌာနမှာ တာဝန်ရှိတဲ့အတွက် ကျောင်းသား၊ ကျောင်းသူများနဲ့ မိဘပြည်သူများကို တောင်းပန်ပါတယ်။ ဒီအထဲမှာ အကြုံးဝင်နေတဲ့ ကျောင်းသား၊ ကျောင်းသူများရဲ့ ပညာရေးရှေ့ခရီးကို ပညာရေးဝန်ကြီးဌာန က တာဝန်ယူတဲ့ အနေနဲ့ လာမယ့် ပညာသင်နှစ် တက္ကသိုလ်များ တက်ရောက်တဲ့အခါ မိမိတို့ ရည်မှန်းထားတဲ့ တက္ကသိုလ်ကို တက်ခွင့်ပေးပါမယ်။ တက်ရောက်ကြမယ့် ကျောင်းသား၊ ကျောင်းသူများအတွက် အစစအရာရာ အဆင်ပြေအောင် ပညာရေးဝန်ကြီးဌာနက တာဝန်ယူပြီး ကူညီဆောင်ရွက်ပေးသွားပါမယ်" လို့ တောင်းပန်ရမှာ ဖြစ်ပါတယ်။
ကျောင်းသား၊ ကျောင်းသူတွေက ပြန်ဖြေစရာမလိုလောက်အောင် အရည်အချင်းက ပေါ်လွင်နေပြီ ဖြစ်ပါတယ်။ စာမေးပွဲကြီးမတိုင်မီမှာလည်း ကျောင်းတွင်းစစ်စာမေးပွဲ ဖြေဆိုထားပါတယ်။ ကျောင်းတွင်းစစ်မှာကတည်းက စာမလိုက်နိုင်တဲ့ ကျောင်းသားတွေက လုံးဝမဖြေကြတော့ပါဘူး။ စာမေးပွဲခန်းထဲ လာထိုင်ရုံသက်သက်ပါပဲ။ အဲဒီအဖြေလွှာတွေကတော့ မီးလောင်ပျက်စီးဆုံးရှုံးတဲ့အထဲ မပါသွားပါဘူး။ ကျောင်းများမှာ ရှိနေမှာပဲ ဖြစ်ပါတယ်။ အစားထိုး အဖြေလွှာဆိုရင် ပြန်ဖြေခိုင်းမယ့်အစား ကျောင်းတွင်းစစ် အဖြေလွှာများကို စိစစ်ပြီး အဖြေထုတ်ပေးနိုင်ပါကြောင်း တင်ပြလိုက်ရပါတယ်။
နောင်တော်လေး (ဘိုကလေး)
https://t.me/MyanmarNationalPost
No comments:
Post a Comment