ပီနန်၊ ဧပြီ ၁၆
အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင်၊ မြန်မာကိုယ်စားလှယ် ဦးညွန့်ဆွေ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် မလေးရှားနိုင်ငံ၊ ပီနန်ကျွန်းတွင် ၈-၄-၂၀၂၅ ရက်မှ ၁၀-၄-၂၀၂၅ ရက်အထိ ကျင်းပခဲ့သည့် အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့် အရေးကော်မရှင် အထူးအစည်းအဝေး (၁/၂၀၂၅) သို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မလေးရှားနိုင်ငံ၊ AICHR ကိုယ်စားလှယ် H.E. Edmund Bon Tai Soon က သဘာပတိအဖြစ် ဆောင်ရွက်၍ အာဆီယံနိုင်ငံများမှ AICHR ကိုယ်စားလှယ်များ/ ခေတ္တကိုယ်စားလှယ်များ၊ AICHR ကိုယ်စားလှယ်၏ လက်ထောက်များနှင့် အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။ တီမောလက်စ်တေ ကိုယ်စားလှယ်ကလည်း လေ့လာသူအဖြစ် အစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့သည်။
အစည်းအဝေးတွင် AICHR ၏ အဖွဲ့အစည်းဆိုင်ရာကိစ္စများ၊ ၂၀၂၁-၂၀၂၅ ခုနှစ်အတွက် AICHR ၏ ငါးနှစ်တာလုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှုအပေါ် သုံးသပ်ခြင်း၊ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ၌ ကျင်းပမည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ တင်ပြရန် ၂၀၂၆ခုနှစ်အတွက် AICHR ၏ ဦးစားပေးအစီအစဉ်များ/ လုပ်ငန်းစဉ်များ ကြိုတင်ပြင်ဆင် ထားရှိမှုများနှင့် ၂၀၂၅ ခုနှစ်အတွက် AICHR နှစ်စဉ်အစီရင်ခံစာတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ ကြပါသည်။ AICHR ၏ ဦးစားပေး လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရာ၌ ဖြစ်ပေါ် တိုးတက်မှုများအပေါ် ဆွေးနွေးခဲ့ကြရာတွင် ကလေးသူငယ်၊ မသန်စွမ်းသူများနှင့် အခြား အားနည်းသူ အုပ်စုများ၏ အခွင့်အရေး၊ လူငယ်များ စေ့စပ်ညှိနှိုင်းဆောင်ရွက်မှု၊ ဒီဂျစ်တယ် ခေတ် စိတ်ပိုင်းဆိုင်ရာ ကျန်မားရေး၊ စီးပွားရေးလုပ်ငန်းနှင့် လူ့အခွင့်အရေး၊ ပတ်ဝန်းကျင် ဆိုင်ရာ ရေရှည်တည်တံ့ရေး၊ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အခွင့်အရေး၊ ငြိမ်းချမ်းရေးဆိုင်ရာ အခွင့်အရေး၊ လူကုန်ကူးမှုနှင့် လူမှောင်ခိုကိစ္စများနှင့်စပ်လျဉ်းသည့် ကိစ္စရပ်များ ပါဝင်သည်။
AICHR ကိုယ်စားလှယ်များသည် ၂၈-၃-၂၀၂၅ ရက်တွင် ထုတ်ပြန်ခဲ့သည့် မြန်မာနိုင်ငံ၌ ငလျင်လှုပ်ခတ်မှုအပေါ် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ ကြေညာချက်နှင့် မြန်မာနှင့် ထိုင်းနိုင်ငံတို့၌ ငလျင်ဘေးဒဏ်သင့်အပြီး ကျင်းပခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အထူးအရေးပေါ်အစည်းအဝေး၏ ရလဒ်အဖြစ် ၃၀-၃-၂၀၂၅ ရက်တွင် ထုတ်ပြန်ခဲ့သည့် ကြေညာချက်တို့ကို ကြိုဆိုခဲ့ကြပါသည်။ AICHR အနေဖြင့် ငလျင်ကြောင့် ထိခိုက်ခံစားရသည့် မြန်မာနှင့် ထိုင်းပြည်သူများအတွက် ထပ်တူဝမ်းနည်းကြောင်းနှင့် တစိတ်တဝမ်းတည်းရှိ ကြောင်း ဖော်ပြခဲ့ကြပါသည်။ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ ကြေညာချက်များကို ထောက်ခံလျက် မြန်မာနိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှု အကူအညီများနှင့် ကယ်ဆယ်ရေးလုပ်ငန်းများအား လျင်မြန်စွာ ဘေးကင်းလုံခြုံစွာဖြင့် ပေးအပ်ဆောင်ရွက်ရန် ဖြစ်ကြောင်း ပြောကြားခဲ့ကြသည်။
အစည်းအဝေးကာလအတွင်း AICHR ကိုယ်စားလှယ်များနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အာဆီယံအဆင့်မြင့်အရာရှိကြီးများနှင့် ပထမအကြိမ် မျက်နှာစုံညီအစည်းအဝေးကို ကျင်းပ ခဲ့ပြီး ဘေးကင်းသန့်ရှင်းကျန်းမာ၍ ရေရှည်တည်တံ့သည့် ပတ်ဝန်းကျင် အခွင့်အရေးဆိုင်ရာ အဆိုပြုအာဆီယံကြေညာစာတမ်းအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
AICHR ကိုယ်စားလှယ်များသည် အားလုံးပါဝင်၍ ရေရှည်တည်တံ့သည့် ဖွံ့ဖြိုး တိုးတက်မှုဆီသို့ ရည်ရွယ်လျက် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးအခွင့်အရေး မြှင့်တင်ရေးဆိုင်ရာ အဆိုပြုအာဆီယံကြေညာစာတမ်း၏ စာသားများအပေါ်လည်း ဆွေးနွေးညှိနှိုင်း၍ သဘောတူညီခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment