နေပြည်တော်၊ မေ ၈
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ယမန်နေ့က မန္တလေးတိုင်းဒေသကြီးရှိ မန္တလေးနည်းပညာတက္ကသိုလ်နှင့် အစိုးရနည်းပညာကောလိပ် (မန္တလေး)သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့်ထိခိုက်မှုများဖြစ်ပေါ်ခဲ့သော ပင်မစာသင်ဆောင်၊ အလုပ်ရုံများ၊ ဝန်ထမ်းအိမ်ရာများနှင့် ကျောင်းသား၊ ကျောင်းသူဆောင်များ အကြီးစားပြုပြင်ရန် လိုအပ်မှု အခြေအနေများ၊ သာမန်အဆင့် ထိခိုက်ပျက်စီးမှုနှင့်ပြုပြင်ထိန်းသိမ်းရန် လိုအပ်မှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ ဇွန်လဆန်းတွင် တက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်နိုင်ရေး စာသင်ခန်းများ၊ ကွန်ပျူတာခန်းများနှင့် Lab ခန်းများ၊ အလုပ်ရုံများအဆင်သင့်ဖြစ်စေနိုင်ရေးနှင့် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာပညာသင်ကြားနိုင်ရေး၊ သင်ကြားသင်ယူမှုဝန်းကျင်ကောင်းများ ဖြစ်စေရေး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အစိုးရနည်းပညာကောလိပ် (မန္တလေး)သို့ ရောက်ရှိပြီး ငလျင်ဒဏ်သင့် ပင်မဆောင်၊ အလုပ်ရုံနှင့် ကျောင်းသား၊ ကျောင်းသူ အိပ်ဆောင်များကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လတ်တလောပြုပြင်ရေးလုပ်ငန်းများကိုသတ်မှတ်ကာလအတွင်း ပြုပြင်ရေး လုပ်ငန်းများဆောင်ရွက်နိုင်ရေး၊ ရေရှည်တွင် ငလျင်ဒဏ်ကို ကြံ့ကြံ့ခံနိုင်ရေးနှင့်ထိခိုက်မှုလျော့နည်းအောင်ပြင်ဆင်ဆောင်ရွက်ရမည့်လုပ်ငန်းများကိုမှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဝန်ကြီးဌာန၊ ဦးစီးဌာနများမှတာဝန်ရှိသူများနှင့်အတူ မန္တလေးနည်းပညာတက္ကသိုလ် သို့ရောက်ရှိပြီး တာဝန်ခံပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမဝန်ထမ်းများနှင့် တွေ့ဆုံ၍ တက္ကသိုလ်များအနေဖြင့် အရည်အသွေးပြည့်ဝသော လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင်ပေးရန်နှင့် နိုင်ငံတော်အတွက် လိုအပ်သော နည်းပညာများ ဖွံ့ဖြိုးတိုးတက်ရေးကို ထောက်ပံ့ဆောင်ရွက်ပေးရန် အဓိကအရေးကြီးကြောင်း၊ Digital ခေတ်၊ ICT ခေတ်၊ AI ခေတ်ဖြစ်သည့်အတွက် ခေတ်ကာလ လိုအပ်ချက်နှင့်ကိုက်ညီသော လူ့စွမ်းအား အရင်းအမြစ်များ၊ ကျင့်ဝတ်သိက္ခာနှင့် ပြည့်စုံသော အင်ဂျင်နီယာပညာရှင်များ၊ ဗိသုကာပညာရှင်များ မွေးထုတ်ပေးရန် လိုအပ်ကြောင်း မှာကြားခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment