ကျိုက်လတ် ၊ မေ ၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ကမ္ဘာ့ကြက်ခြေနီနေ့ အခမ်းအနားနှင့် ငလျင်ဘေးကူညီသူများအား ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန ရွှေဝါလတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ကြက်ခြေနီနေ့တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းဉက္ကဋ္ဌ ဒေါက်တာမျိုးညွှန့်မှပေးပို့သော သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ကိုယ်စား မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးသိန်းတိုးဝင်းက ဖတ်ကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးစိန်မြင့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ကြက်ခြေနီ အသင်းခွဲ၏အကြံပေး ဆရာကြီးဦးစိန်ဝှီးက ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ၂၀၂၅ ခုနှစ်၊ မတ်လ(၂၈) ရက် နေ့တွင် လှုပ်ခတ်သွားသော မန္တလေးငလျင်ကြီး ဖြစ်ပွားရာ စစ်ကိုင်းမြို့သို့သွားရောက်၍ ငလျင်ဘေးဒဏ်ခံရသော အဆောက်အဦးများနှင့် ဘေးဒုက္ခရောက်သူများကို စိတ်ပိုင်းဆိုင်ရာအားပေး ကူညီမှုများနှင့်အတူ ကိုယ်အားစိတ်အားတက်ကြွစွာ ပါဝင်လုပ်အားပေးကူညီခဲ့ကြသော ကျိုက်လတ်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ပြီး (၃/၂၀၂၅) အခြေခံရှေးဦးပြုစုခြင်း သင်တန်းတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော တပ်ဖွဲ့ဝင်များအားတာဝန်ရှိသူများက အောင်လက်မှတ်နှင့် ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
လှိုင်မင်းအောင်
https://t.me/MyanmarNationalPost

No comments:
Post a Comment