နိုင်ငံတကာမှ ကူညီထောက်ပံ့သည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများနှင့် ဆေးဝါးများအား ငလျင်ဘေးဒဏ်သင့်ပြည်သူများထံ အချိန်နှင့်တစ်ပြေးညီ ဖြန့်ဝေပေးလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

နိုင်ငံတကာမှ ကူညီထောက်ပံ့သည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများနှင့် ဆေးဝါးများအား ငလျင်ဘေးဒဏ်သင့်ပြည်သူများထံ အချိန်နှင့်တစ်ပြေးညီ ဖြန့်ဝေပေးလျက်ရှိ

 




နေပြည်တော်၊  မေ  ၁၄

၂၈-၃-၂၀၂၅ ရက်ကလှုပ်ခတ်ခဲ့သော မန္တလေးမြေငလျင်ကြီးကြောင့် နေပြည်တော်ကောင်စီနယ်မြေ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင်   ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရာ ဘေးသင့်ခဲ့သော ပြည်သူများအတွက် ပြည်တွင်း/ ပြည်ပစေတနာရှင်၊ အလှူရှင်များ၏ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ၊ ဆေးဝါးများ လှူဒါန်းထောက်ပံ့မှုနှင့် ဧပြီလ၂၈ ရက်နေ့မှ မေလ ၄ ရက်နေ့အထိ   ဘေးသင့်ဒေသများသို့ ဖြန့်ခွဲထောက်ပံ့ ဆောင်ရွက်မှုများကို သတင်းထုတ်ပြန်ပြီးဖြစ်သည်။

ယခုအခါ မေလ ၅ ရက်မှ ၁၂ ရက်အထိ ရက်သတ္တတစ်ပတ်အတွင်း  ဗီယက်နမ်နိုင်ငံ၊ မလေးရှားနိုင်ငံ၊  ဘရာဇီးနိုင်ငံနှင့် ဗင်နီဇွဲလားဘိုလီဗာရီယန် သမ္မတနိုင်ငံတို့မှ ထပ်မံပေးပို့ လှူဒါန်းလာသော တာပေါ်လင်/ မိုးကာစ၊ စားသောက်ကုန်ပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ ရေသန့်စက်၊  ဆေးနှင့်ဆေးပစ္စည်းများအနက်  ဆေးနှင့်ဆေးပစ္စည်းများကို ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းကော်မတီ (ကျန်းမာရေးဝန်ကြီးဌာန)သို့ လွှဲပြောင်းပေးခဲ့ပြီး  ကျန်ပစ္စည်းများကို ဘေးသင့်လူဦးရေ အချိုးအစားအပေါ်မူတည်၍ ဖြန့်ခွဲပေးပို့ပြီးဖြစ်သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းသည့် ဒီဇယ်ဆီ တန် ၃၀၀၀၀၊ ဓာတ်ဆီ တန် ၂၀၀၀၀ အနက် ဒီဇယ်ဆီ တန် ၁၈၀၀၀ သည် ၂-၅-၂၀၂၅ ရက်တွင် လည်းကောင်း၊   ဓာတ်ဆီ  တန်  ၁၇၀၀၀ သည်  ၇-၅-၂၀၂၅ ရက်တွင် လည်းကောင်း ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိခဲ့ရာ စွမ်းအင်ဝန်ကြီးဌာနက စနစ်တကျ သိမ်းဆည်းသိုလှောင်၍ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများတွင် အသုံးပြုလျက်ရှိသည်။

ယာယီရုံးအဖြစ်အသုံးပြုရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းသည့် Prefabricated Office ၅၀၀ လုံးအနက် ၃၄၀ လုံးသည် ၂-၅-၂၀၂၅ ရက်တွင် ရန်ကုန်မြို့   သီလဝါဆိပ်ကမ်းသို့ ရောက်ရှိခဲ့ရာ ၂၁၆ လုံးကို နေပြည်တော်သို့ ၆-၅-၂၀၂၅ ရက်တွင်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးသို့ ၈၀ လုံးနှင့် နေပြည်တော်သို့ ၄၄ လုံးတို့ကို  ၁၂-၅-၂၀၂၅ ရက်တွင်လည်းကောင်း မြန်မာ့မီးရထားဖြင့် သယ်ဆောင်ခဲ့ပြီးဖြစ်၍ ယာယီရုံးခန်းများအဖြစ် အသုံးပြုနိုင်ရန် ဖြန့်ခွဲဆောင်ရွက်လျက်ရှိသည်။

ယာယီနေအိမ်အဖြစ် အသုံးပြုရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းသည့် Prefabricated House ၄၅၀၀ လုံးအနက် ၁၅၇၆ လုံးသည် ၉-၅-၂၀၂၅ ရက်တွင် ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိခဲ့ပြီး မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးသို့ ၂၁၆ လုံး၊ နေပြည်တော်သို့ ၁၈၄ လုံးတို့ကို ၁၁-၅-၂၀၂၅ ရက်တွင် မြန်မာ့မီးရထားဖြင့် ပို့ဆောင်ခဲ့ရာ  ၁၂-၅-၂၀၂၅  ရက်တွင် ရောက်ရှိခဲ့သဖြင့် ဖြန့်ခွဲဆောင်ရွက်လျက်ရှိပြီး ထပ်မံပို့ဆောင်ရန်လည်း စီစဉ်ဆောင်ရွက်လျက်ရှိသည်။

ရက်သတ္တတစ်ပတ်အတွင်း လက်ခံရရှိသော လှူဒါန်းပစ္စည်းများ ခွဲဝေထောက်ပံ့မှုနှင့် စပ်လျဉ်း၍ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ဘေးသင့်ပြည်သူများနှင့် ဝန်ထမ်းမိသားစုများကို နေပြည်တော်ကောင်စီနှင့် သက်ဆိုင်ရာဝန်ကြီးဌာနတို့၏ အစီအစဉ်ဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် အစိုးရအဖွဲ့များ၏ အစီအစဉ်ဖြင့်လည်းကောင်း ခွဲဝေထောက်ပံ့ ဆောင်ရွက်ပေးခဲ့သည်။

ငလျင်လှုပ်ခတ်ခဲ့သည့် ၂၈-၃-၂၀၂၅ ရက်မှ ယနေ့အထိ  လှူဒါန်းပစ္စည်းများ ဖြန့်ခွဲပေးပို့မှုစုစုပေါင်းမှာ မန္တလေးတိုင်းဒေသကြီးသို့ မော်တော်ယာဉ် ၅၇ စီး၊ စစ်ကိုင်းတိုင်း‌ဒေသကြီးသို့ မော်တော်ယာဉ် ၂၉ စီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)သို့ မော်တော်ယာဉ်ကိုးစီးဖြစ်သည်။

နိုင်ငံတကာအလှူရှင်များမှ ၅-၅-၂၀၂၅ ရက်မှ  ၁၂-၅-၂၀၂၅ ရက်အထိ ရက်သတ္တ တစ်ပတ်အတွင်း   ပေးပို့လှူဒါန်းသည့် ပစ္စည်းများကို   ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) ရှိ ဘေးသင့်ပြည်သူများအတွက်  ဖြန့်ခွဲပေးပို့ထားမှုကို  ပူးတွဲပါဇယားများဖြင့် ဖော်ပြအပ်သည်။ ထပ်မံလှူဒါန်းလာသည့် ပစ္စည်းများရောက်ရှိမှုနှင့် ငလျင်ဘေးသင့် ပြည်သူများထံ အမြန်ဆုံးရောက်ရှိ ဖြန့်ခွဲမှုတို့ကို တစ်ပတ်လျှင် တစ်ကြိမ် ဆက်လက် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သတင်း ထုတ်ပြန်ထားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)