၁၄ ဦးမြောက် ပုပ်ရဟန်းမင်းကြီး Leo က ကမ္ဘာတစ်ဝန်းက သတင်းထောက်တွေနဲ့ တခြားမီဒီယာသမားတွေကို စစ်ပွဲကိုငြင်းပယ်ရမယ်ဆိုတာ အလေးပေး ပြောကြားလိုက်ပါတယ်။
ပုပ်ရဟန်းမင်းရွေးချယ်ရေးပွဲမှာ ရွေးချယ်ခံရပြီးနောက် ပုပ်ရဟန်းမင်းကြီးဟာ ထောင်နဲ့ချီတဲ့မီဒီယာသမားတွေကို တနင်္လာနေ့က ဗာတီကန်မှာ စကားပြောဆိုခဲ့ပါတယ်။
ရိုမန်ကက်သလစ်ဘုရားကျောင်းရဲ့ အကြီးအကဲအသစ်က “ငြိမ်းချမ်းရေးဆိုတာ ကျွန်ုပ်တို့က တခြားသူတွေကိုကြည့်တဲ့နည်းလမ်း၊ တခြားသူတွေရဲ့စကားကို နားထောင်တဲ့နည်းလမ်း၊ တခြားသူတွေရဲ့အကြောင်းပြောတဲ့နည်းလမ်းနဲ့ ကျွန်ုပ်တို့တစ်ဦးချင်းစီကနေ စတင်တာပါ” လို့ ပြောကြားခဲ့ပါတယ်။
“ဒီသဘောအရဆိုရင် ကျွန်ုပ်တို့ ပြောဆိုဆက်ဆံပုံဟာ အရေးပါတဲ့အခြေခံဖြစ်ပါတယ်” လို့ ဆိုပါတယ်။
“စကားလုံးတွေနဲ့ ရုပ်ပုံတွေနဲ့ စစ်ကို မလိုဘူးဆိုတာ ပြောရမယ်၊ စစ်ပွဲပုံစံအနေအထားကို ငြင်းပယ်ရမယ်” လို့ သူက အလေးအနက် ပြောကြားခဲ့ပါတယ်။
သူတို့တတွေရဲ့ အသက်ကိုရင်းပြီး စစ်ပွဲအကြောင်း သတင်းပို့တဲ့ သတင်းထောက်တွေရှိတယ်ဆိုတာကိုလည်း ပုပ်ရဟန်းမင်းကြီးက မှတ်ချက်ပြုပါတယ်။
လူသားတွေရဲ့ ဂုဏ်သိက္ခာ၊ တရားမျှတမှုနဲ့ သတင်းအချက်အလက်ရရှိကို ခုခံကာကွယ်သူတွေရဲ့ ရဲစွမ်းသတ္တိကို ချီးမွမ်းခဲ့ပါတယ်။ "အသိကြွယ်တဲ့ပုဂ္ဂိုလ်တွေပဲ လွတ်လပ်တဲ့ရွေးချယ်မှုတွေကို လုပ်နိုင်တယ်" လို့ သူက ဆိုပါတယ်။
ဉာဏ်ရည်တု လျင်မြန်စွာ တိုးတက်လာတာကို ရည်ညွှန်းပြီး AI ဟာ ကြီးမားတဲ့ အလားအလာရှိတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် "အားလုံးအကျိုးရှိဖို့အတွက် အဲဒါကို အသုံးချနိုင်ဖို့ဆိုရင် တာဝန်သိမှုနဲ့ ပိုင်းခြားသိမြင်မှု လိုအပ်တယ်ဆိုတာနဲ့ အဲဒါမှပဲ လူသားအားလုံးအတွက် အကျိုးကျေးဇူးဖြစ်ထွန်းနိုင်မှာ ဖြစ်တယ်" လို့ ပုပ်ရဟန်းမင်းကြီးက သတိပေးခဲ့ပါတယ်။
Ref - NHK
https://t.me/MyanmarNationalPost

No comments:
Post a Comment