တရုတ်-အမေရိကန် ကုန်သွယ်စီးပွားကဏ္ဍ ဆွေးနွေးညှိနှိုင်းမှုယန္တရားတည်ဆောက်ရန် နှစ်ဖက် အတူတကွ သဘောတူညီမှု ရရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

တရုတ်-အမေရိကန် ကုန်သွယ်စီးပွားကဏ္ဍ ဆွေးနွေးညှိနှိုင်းမှုယန္တရားတည်ဆောက်ရန် နှစ်ဖက် အတူတကွ သဘောတူညီမှု ရရှိ


ပေကျင်း၊ မေ ၁၄

တရုတ်-အမေရိကန် နှစ်နိုင်ငံသည် စီးပွားရေးနှင့် ကုန်သွယ်ရေး အဆင့်မြင့် တွေ့ဆုံဆွေးနွေးပွဲကို မေ ၁၀ ရက်မှ ၁၁ ရက်အထိ ဂျီနီဗာမြို့ ကျင်းပခဲ့သည်။ ယခုအကြိမ် တရုတ်-အမေရိကန် စီးပွားရေးနှင့် ကုန်သွယ်ရေး အဆင့်မြင့် တွေ့ဆုံဆွေးနွေးပွဲသည် ရိုးသားပွင့်လင်းမှု၊ နက်ရှိုင်းမှု၊ အပြုသဘောဆောင်မှုရှိရာ အရေးကြီး သဘောတူညီချက်များ ရရှိပြီး လက်တွေ့ တိုးတက်မှုများလည်း ရရှိခဲ့သည်။ တရုတ်-အမေရိကန် ကုန်သွယ်စီးပွားကဏ္ဍ ဆွေးနွေးညှိနှိုင်းမှုယန္တရားတည်ဆောက်ရန် နှစ်ဖက် အတူတကွ သဘောတူညီမှုရရှိခဲ့ကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။

မကြာမီကာလများက အမေရိကန်နိုင်ငံသည် အကြောင်းပြချက်မျိုးစုံဖြင့် တရုတ်အပါအဝင် ကုန်သွယ်ဖက်အားလုံးအပေါ် စည်းကြပ်ခွန် ထပ်တိုးကောက်ခံမည်ဟု ကြေညာခဲ့ရာ မူလအသားကျနေသည့် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်၊ ကုန်ထုတ်လုပ်ငန်းကွင်းဆက်သည် လူ၏အပြုအမူကြောင့် ပြတ်တောက်မှုဖြစ်ခဲ့သည်။ ဈေးကွက်ကို ဦးတည်သည့် လွတ်လပ်စွာ ကုန်သွယ်ရေး စည်းမျဉ်းစည်းကမ်းများ ဖျက်ဆီးခံရပြီး နိုင်ငံအသီးသီး စီးပွားရေးတိုးတက်မှုအပေါ် ဆိုးရွားစွာ နှောင့်ယှက်ခံခဲ့ရပြီး အမေရိကန်နိုင်ငံအပါအဝင် နိုင်ငံအသီးသီး၏ ပြည်သူ့အကျိုးစီးပွားကို ထိခိုက်စေသလို စီးပွားရေး ကမ္ဘာလုံးဆိုင်ရာ အသွင်ပြောင်းမှုကို ထိခိုက်ခဲ့သည်။

လက်ရှိတွင် အမေရိကန်နိုင်ငံ သက်ဆိုင်ရာ မူဝါဒများ၏ အနုတ်လက္ခဏာသက်ရောက်မှုများ တစ်စတစ်စ ကြီးမားလာပေသည်။ အမေရိကန်နိုင်ငံအတွက်ဆိုလျှင် ဆိပ်ကမ်းဆိုက်ကပ်သည့် ကုန်သင်္ဘောအရေအတွက် လျော့ကျမှု၊ လက်လီရောင်းချသူများက ကုန်တင်စင်ပေါ်တွင် ပစ္စည်းပြတ်မည်ကို ပူပန်မှု၊ ကုန်ထုတ်လုပ်သူများ ကုန်ပစ္စည်းပြတ်လပ်သွားမည်ကို စိုးရိမ်မှု၊ အရင်းအနှီးဈေးကွက် ကြီးမားသည့် အတက်အကျရှိမှုများ ဖြစ်ပွားခဲ့သည်။ ကမ္ဘာ့စီးပွားရေးအတွက်ဆိုလျှင် ပုံမှန်ကုန်သွယ်ရေး စည်းစနစ်များ နှောင့်ယှက်ခံရမှု၊ စည်းမျဉ်းစည်းကမ်းကို အခြေခံသည့် နိုင်ငံပေါင်းစုံ ကုန်သွယ်ရေးစနစ် ဆိုးရွားစွာ ထိခိုက်ခံရမှု၊ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး မသေချာမရေရာမှုများ သိသာစွာ မြင့်တက်နေမှု စသည်တို့ ဖြစ်ပွားခဲ့သည်။

သုံးသပ်သူအချို့က ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက် နိုင်ငံတကာအသွင်ပြောင်းမှု မြင့်မားသည့် နောက်ခံအခြေအနေအောက်တွင် အမေရိကန်နိုင်ငံအနေဖြင့် စည်းကြပ်ခွန် အလွဲသုံးခြင်းသည် ကမ္ဘာ့ကုန်သွယ်ရေးအတွက် “ကပ်ဘေးအသွင် နောက်ဆက်တွဲဆိုးကျိုး” သယ်ဆောင်လာနိုင်ကြောင်း ထောက်ပြ ပြောဆိုခဲ့သည်။

ထို့ကြောင့်ပင် တရုတ်-အမေရိကန် စီးပွားရေးနှင့် ကုန်သွယ်ရေး အဆင့်မြင့် ဆွေးနွေးပွဲသည် နိုင်ငံတကာသိုက်အဝန်း၏ များစွာအာရုံစူးစိုက်မှုခံရခြင်း ဖြစ်ပေသည်။

ကမ္ဘာ့ အကြီးဆုံး ဖွံ့ဖြိုးဆဲနိုင်ငံနှင့် ကမ္ဘာ့ အကြီးဆုံး ဖွံ့ဖြိုးပြီးနိုင်ငံအနေဖြင့် တရုတ်-အမေရိကန် ကုန်သွယ်စီးပွားကဏ္ဍဆက်ဆံရေး၏ အနှစ်သာရမှာ အပြန်အလှန် အကျိုးဖြစ်ထွန်း၍ ဘုံအကျိုးစီးပွား ဖော်ဆောင်ခြင်း ဖြစ်သည်။ တရုတ်-အမေရိကန် ကုန်သွယ်စီးပွားကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုသည် အမေရိကန်နိုင်ငံအတွက် အလုပ်အကိုင်အခွင့်အလမ်းများစွာ ဖန်တီးပေးလိုက်သလို တရုတ်-အမေရိကန် နှစ်နိုင်ငံ ကုမ္ပဏီလုပ်ငန်းများအတွက်လည်း စီးပွားရေးအခွင့်အလမ်းနှင့် အကျိုးအမြတ် အများအပြား ဖန်တီးပေးပြီး အမေရိကန် ကုန်ထုတ်လုပ်ငန်းအဆင့်မြှင့်ရေးကို မြှင့်တင်ပေးကာ အမေရိကန် စားသုံးသူများအတွက်လည်း လက်တွေ့ကျသည့် ကောင်းကျိုးများကို ဆောင်ကြဉ်းပေးပေသည်။

တရုတ်-အမေရိကန် ကုန်သွယ်စီးပွားဆက်ဆံရေးသည် နှစ်နိုင်ငံအတွက် အဓိပ္ပာယ်လေးနက်သလို ကမ္ဘာ့စီးပွားရေး တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အရေးကြီးသည့် သက်ရောက်မှုရှိသည်။ နှစ်နိုင်ငံ၏ စီးပွားရေး စုစုပေါင်းပမာဏမှာ ကမ္ဘာ့သုံးပုံတစ်ပုံကျော်၊ လူဦးရေ စုစုပေါင်းပမာဏမှာ ကမ္ဘာ့လေးပုံတစ်ပုံနီးပါး၊ နှစ်ဖက်ကုန်သွယ်ရေး ပမာဏမှာ ကမ္ဘာ့ငါးပုံတစ်ပုံခန့်ရှိရာ ကမ္ဘာ့စီးပွားရေးစနစ်တွင် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ တရုတ်-အမေရိကန် ပူးပေါင်းဆောင်ရွက်ကို အားဖြည့်ခြင်းသည် ကမ္ဘာတစ်ဝန်း မျှော်မှန်းချက်နှင့်ကိုက်ညီပေသည်။

ကမ္ဘာက မျှော်လင့်သည်မှာ တရုတ်-အမေရိကန် နှစ်နိုင်ငံအနေဖြင့် အပြန်အလှန်၏ ဗဟိုအကျိုးစီးပွားနှင့် အရေးကြီးစိုးရိမ်မှုများကို လေးစားကာ တွေ့ဆုံဆွေးနွေးမှုမှတစ်ဆင့် ပြဿနာများအား သင့်လျော်ကောင်းမွန်စွာ ဖြေရှင်းသည့်နည်းလမ်း ရှာဖွေတွေ့ရှိခြင်းပင် ဖြစ်သည်။

ယခုအကြိမ် တရုတ်-အမေရိကန် စီးပွားရေးနှင့် ကုန်သွယ်ရေး အဆင့်မြင့်ဆွေးနွေးပွဲအပြီးတွင် ဘက်ပေါင်းစုံမှ လူပုဂ္ဂိုလ်များက တရုတ်-အမေရိကန် အရေးကြီးသဘောတူညီချက်များရရှိမှုနှင့် လက်တွေ့ကျသည့် တိုးတက်မှုများအပေါ် တန်ဖိုးထားချီးကျူးကြောင်း၊ နှစ်ဖက်အနေဖြင့် တစ်ဆင့်တိုး ထိတွေ့ဆက်ဆံမှုများမှတစ်ဆင့် ပို၍များပြားသော တိုးတက်မှုများ ရရှိလာရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ညွှန်ကြားရေးမှူးချုပ် Ngozi Okonjo-Iweala က တွေ့ဆုံဆွေးနွေးမှုက အရေးကြီးသည့် ခြေလှမ်းတစ်ရပ်ကို တက်လှမ်းလိုက်ခြင်းဖြစ်ပြီး ထိုအားတက်ဖွယ်ရလဒ်များအပေါ် ဝမ်းမြောက်ကြောင်း ပြောကြားခဲ့သည်။

တရုတ်-အမေရိကန် သဘောတူညီချက်ရရှိခြင်းသည် “ဈေးကွက်ယုံကြည်ချက် ပြန်လည်ရရှိရန်အတွက် အပြုသဘောသတင်းစကား ထုတ်လွှင့်မည်” ဖြစ်ကြောင်း Peterson Institute for International Economics (PIIE) က ထိုမတိုင်မီ သုံးသပ်ထားသည်။ အစည်းအဝေးအပြီးတွင် အမေရိကန် နယူးယောက် စတော့ရှယ်ယာဈေးကွက်၏ ယခင်က ကျဆင်းသည့် အခြေအနေမှာ အပြောင်းအလဲ ဖြစ်လာပြီး အနာဂတ်ရှယ်ယာဈေးနှုန်းအညွှန်းကိန်း (SPIF) ပြန်လည်လှုပ်ရှားကာ မြင့်တက်ခဲ့သည်။ ပထမဆုံး ဖွင့်လှစ်သည့် အာရှအဓိက စတော့ညွှန်းကိန်း Nikkei 225 စတော့ပျမ်းမျှဈေးနှုန်းအညွှန်းမှာ ပွိုင့် ၁၀၀ ကျော် အမြင့်ဖြင့် ဖွင့်လှစ်ခဲ့သည်။

တရုတ်-အမေရိကန် ကုန်သွယ်စီးပွားဆက်ဆံရေး၏ အနှစ်သာရမှာ အပြန်အလှန်အကျိုးဖြစ်ထွန်း၍ ဘုံအကျိုးစီးပွားဖော်ဆောင်ခြင်း ဖြစ်ကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုတွင် နှစ်ဖက်အနေဖြင့် ကွဲလွဲမှုနှင့် ပွတ်တိုက်မှုများ မလွှဲမရှောင်သာ ဖြစ်ပွားနိုင်ကြောင်း၊ အဓိကအချက်မှာ အပြန်အလှန် လေးစားမှု၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှု၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးစီးပွားဖော်ဆောင်မှု အခြေခံမူကို အခြေပြုကာ တန်းတူညီမျှ တွေ့ဆုံညှိနှိုင်းဆွေးနွေးမှုမှတစ်ဆင့် ကိစ္စရပ်များအား သင့်လျော်ကောင်းမွန်စွာ ဖြေရှင်းသည့်နည်းလမ်းကို ရှာဖွေရမည် ဖြစ်ပြီး တရုတ်-အမေရိကန် ကုန်သွယ်စီးပွားကဏ္ဍ ဆက်ဆံရေး တည်ငြိမ်၊ ကောင်းမွန်စွာ စဉ်ဆက်မပြတ် တိုးတက်ရန် အတူတကွ တွန်းအားပေးဆောင်ရွက်ရမည် ဖြစ်ကြောင်း တရုတ်နိုင်ငံဘက်က အကြိမ်ကြိမ် အလေးထားပြောကြားခဲ့သည်။

တရုတ်-အမေရိကန် ဆက်ဆံရေး တည်ငြိမ်လာရန်၊ ကောင်းမွန်လာရန် နိုင်ငံတကာအသိုက်အဝန်းက ကျယ်ကျယ်ပြန့်ပြန့် မျှော်လင့်ကြသည်။ လက်ရှိ ရာစုနှစ် မကြုံတွေ့ခဲ့ရဖူးသော အပြောင်းအလဲကြီးများကို ရင်ဆိုင်ရာတွင် တရုတ်-အမေရိကန် တွေ့ဆုံဆွေးနွေးမှု၊ ပူးပေါင်းဆောင်ရွက်မှုက နှစ်နိုင်ငံနှင့် ကမ္ဘာအတွက် ပို၍ အပြုသဘောဆောင်သော သတင်းစကားကို ဆောင်ကြဉ်းပေးသလို ဥတုရာသီပြောင်းလဲမှု၊ စားနပ်ရိက္ခာဖူလုံမှု စသည့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းရာတွင် တွန်းအားဖြစ်စေပေသည်။ တရုတ်-အမေရိကန် နှစ်နိုင်ငံတွင် ကျယ်ပြန့်သည့် ဘုံအကျိုးစီးပွားနှင့် ကျယ်ပြောသည့် ပူးပေါင်းဆောင်ရွက်မှု အလားအလာရှိရာ “လက်တွဲဖြုတ်ရမည်” မဟုတ်ဘဲ ခိုင်ခိုင်မာမာ “လက်ချင်းတွဲရမည်” ဖြစ်သလို “တံတိုင်းကာ တားဆီးရမည်” မဟုတ်ဘဲ “အတားအဆီးတံတိုင်းကို ဖြိုချရမည်” ဖြစ်သည်။ ပူးပေါင်းဆောင်ရွက်မှုဟူသော အကျိုးစီးပွားကို ပို၍ ကြီးမားအောင် ဆောင်ရွက်လျက် ကမ္ဘာ့စီးပွားရေးအတွက် ပိုမို များပြားသော သေချာရေရာမှုနှင့် တည်ငြိမ်မှုကို ဖြည့်တင်းရမည် ဖြစ်ကြောင်း ဆင်ဟွာသတင်း တွင် သုံးသပ်တင်ပြထားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)