နေပြည်တော်၊ မေ ၆
မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သော မန္တလေးမြေငလျင်ကြီးကြောင့် နေပြည်တော် ကောင်စီနယ်မြေ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ရာ ဘေးသင့်ခဲ့သောပြည်သူများအတွက် ပြည်တွင်း/ ပြည်ပ စေတနာရှင်၊ အလှူရှင်များ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပစ္စည်းများ၊ ဆေးဝါးများလှူဒါန်းထောက်ပံ့မှုနှင့် ဧပြီလ ၂၁ ရက်မှ ၂၇ ရက်အထိ ဘေးသင့်ဒေသများသို့ ဖြန့်ခွဲထောက်ပံ့ဆောင်ရွက်မှုများကို သတင်းထုတ်ပြန်ပြီးဖြစ်ပါသည်။
ယခုအခါ ဧပြီလ ၂၈ ရက်မှ မေလ ၄ ရက်အထိ ရက်သတ္တတစ်ပတ်အတွင်း အိန္ဒိယနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် မလေးရှားနိုင်ငံတို့မှ ထပ်မံပေးပို့လှူဒါန်းလာသော မိုးကာတဲ၊ Sleeping Bags၊ စားသောက်ကုန်ပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ ဆေးနှင့်ဆေးပစ္စည်းများအနက် ဆေးနှင့်ဆေးပစ္စည်းများကိုကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကော်မတီ (ကျန်းမာရေးဝန်ကြီးဌာန)သို့ လွှဲပြောင်းပေးခဲ့ပြီး ကျန်ပစ္စည်းများကို နေပြည်တော်နှင့် ရှမ်းပြည်နယ်တို့သို့ ဘေးသင့်လူဦးရေအချိုးအစားအပေါ်မူတည်၍ ဖြန့်ခွဲပေးပို့လျက်ရှိသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှလှူဒါန်းမည့် ဒီဇယ်ဆီ တန် ၃၀၀၀၀၊ ဓာတ်ဆီ တန် ၂၀၀၀၀၊ ယာယီနေအိမ်အဖြစ်အသုံးပြုရန် Prefabricated House ၄၅၀၀ လုံးနှင့် ယာယီရုံးအဖြစ်အသုံးပြုရန် Prefabricated Office ၅၀၀ လုံးတို့အနက် ၂-၅-၂၀၂၅ ရက်တွင် ဒီဇယ်ဆီ တန် ၁၈၀၀၀ နှင့် Prefabricated Office ၃၄၀ လုံးသည် ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိခဲ့ရာ ဒီဇယ်ဆီ တန် ၁၈၀၀၀ ကို ရန်ကုန်မြို့သီလဝါ Terminal တွင် ခေတ္တထိန်းသိမ်းထားရှိပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အသုံးပြုသွားမည်ဖြစ်သည်။
Prefabricated Office ၃၄၀ လုံးကို ၄-၅-၂၀၂၅ ရက်နေ့တွင် နေပြည်တော်သို့ မြန်မာ့မီးရထားဖြင့် သယ်ဆောင်လျက်ရှိရာ ရောက်ရှိပါက ဝန်ကြီးဌာနအသီးသီးသို့ဖြန့်ခွဲ၍ ယာယီရုံးခန်းများအဖြစ်အသုံးပြုကာ ဌာန၊ အဖွဲ့အစည်းအလိုက်လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်သည်။
ရက်သတ္တတစ်ပတ်အတွင်းလက်ခံရရှိသောလှူဒါန်းပစ္စည်းများ ခွဲဝေထောက်ပံ့မှုနှင့်စပ်လျဉ်း၍ ပြည်ထောင်စုနယ်မြေနေပြည်တော်အတွင်းရှိ ဘေးသင့်ပြည်သူများနှင့် ဝန်ထမ်းမိသားစုများကို နေပြည်တော်ကောင်စီနှင့်သက်ဆိုင်ရာဝန်ကြီးဌာနတို့၏ အစီအစဉ်ဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်တို့တွင် အစိုးရအဖွဲ့များ၏အစီအစဉ်ဖြင့်လည်းကောင်းခွဲဝေထောက်ပံ့ဆောင်ရွက်ပေးခဲ့သည်။
ငလျင်လှုပ်ခတ်ခဲ့သည့် ၂၈-၃-၂၀၂၅ ရက်နေ့မှ ယနေ့အထိ လှူဒါန်းပစ္စည်းများ ဖြန့်ခွဲပေးပို့မှုစုစုပေါင်းမှာ မန္တလေးတိုင်းဒေသကြီးသို့ မော်တော်ယာဉ် ၅၆ စီး၊ စစ်ကိုင်းတိုင်းဒေသကြီးသို့ မော်တော်ယာဉ် ၂၈ စီး၊ရှမ်းပြည်နယ်(တောင်ပိုင်း)သို့ မော်တော်ယာဉ်ရှစ်စီးဖြစ်သည်။
နိုင်ငံတကာအလှူရှင်များမှ ၂၈-၄-၂၀၂၅ ရက်မှ၄-၅-၂၀၂၅ ရက်အထိရက်သတ္တတစ်ပတ်အတွင်းပေးပို့လှူဒါန်းသည့်ပစ္စည်းများကိုပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့်ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိဘေးသင့်ပြည်သူများအတွက် ဖြန့်ခွဲပေးပို့ထားမှုကိုပူးတွဲပါဇယားများဖြင့် ဖော်ပြအပ်ပါသည်။ ထပ်မံလှူဒါန်းလာသည့်ပစ္စည်းများရောက်ရှိမှုနှင့်ငလျင်ဘေးသင့်ပြည်သူများထံ အမြန်ဆုံးရောက်ရှိဖြန့်ခွဲမှုတို့ကိုတစ်ပတ်လျှင်တစ်ကြိမ်ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
https://t.me/MyanmarNationalPost







No comments:
Post a Comment