ဘန်ဒါဆရီဘီဂါဝမ်၊ မေ ၈
(၁၇)ကြိမ်မြောက် အာဆီယံပြန်ကြားရေးဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ (17th ASEAN Ministers’ Responsible for Information and its related Meetings 17th AMRI) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ဘန်ဒါဆရီဘီဂါဝမ်မြို့TheEmpire Brunei ဟိုတယ် Indera Samudra Grand Hall ၌ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်သည်။
ရှေးဦးစွာ (၁၇)ကြိမ်မြောက် အာဆီယံပြန်ကြားရေးဝန်ကြီးများ အစည်းအဝေး အလှည့်ကျသဘာပတိ ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ဝန်ကြီးချုပ်ရုံးဝန်ကြီး-၂ H.E. Mr. Pehin Dato Halbi Yussof နှင့်ဘရူနိုင်းဒါရူဆလမ်နိုင်ငံ အိမ်ရှေ့မင်းသားနှင့် ဝန်ကြီးချုပ်ရုံး ဝါရင့်ဝန်ကြီးတို့က ကြိုဆိုနှုတ်ခွန်းဆက်စကားများ ပြောကြားကြပြီး အာဆီယံလူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အသိုက်အဝန်းဒုတိယအတွင်းရေးမှူးချုပ်က နှုတ်ခွန်းဆက်စကားပြောကြားသည်။ ထို့နောက် ဘရူနိုင်းနိုင်ငံ၏ အာဆီယံပြန်ကြားရေးဝန်ကြီးများအစည်းအဝေး (AMRI) အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူမှုဆိုင်ရာ ရုပ်သံမှတ်တမ်းကို ပြသသည်။
ဆက်လက်၍ အာဆီယံပြန်ကြားရေးဝန်ကြီးများအစည်းအဝေးကိုကျင်းပရာ (၁၆) ကြိမ်မြောက် အာဆီယံပြန်ကြားရေး ဝန်ကြီးများ အစည်းအဝေး၏အလှည့်ကျသဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည့် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံမှ ယဉ်ကျေးမှု၊ အားကစားနှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Le Hai Binh က ဂုဏ်ပြုစကားပြောကြားပြီး (၁၇) ကြိမ်မြောက် အာဆီယံပြန်ကြားရေးဝန်ကြီးများအစည်းအဝေး၏ အလှည့်ကျသဘာပတိဖြစ်သည့် ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ဝန်ကြီးချုပ်ရုံးဝန်ကြီး-၂ နှင့် အစည်းအဝေးအလှည့်ကျ ဒုတိယသဘာပတိအဖြစ် တာဝန်ယူဆောင်ရွက်မည့် ကမ္ဘောဒီးယားနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီး H.E. Mr. NethPheaktra တို့က နှုတ်ခွန်းဆက်စကားပြောကြားကြသည်။
အာဆီယံ ပြန်ကြားရေးဝန်ကြီးများအစည်းအဝေး(AMRI)၏ ယခုနှစ်အတွက် ဆောင်ပုဒ်မှာ “အပြန်အလှန်နားလည်မှုကိုအားကောင်းလာစေသည့် မီဒီယာ သို့မဟုတ် ပူးပေါင်းဆောင်ရွက်မှုနှင့် အပြန်အလှန်နားလည်မှုမြှင့်တင်ရာတွင် မီဒီယာ၏အခန်းကဏ္ဍကိုပြောင်းလဲဖော်ဆောင်ခြင်း အသွင် ပြောင်းခြင်း” (Media Advancing Joint Understanding: Transforming media’s role in advancing cooperation and mutual understanding) ဖြစ်ရာ အဆိုပါ အစည်းအဝေး၏ Theme နှင့်စပ်လျဉ်း၍အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ပြန်ကြားရေးဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် အာဆီယံဒုတိယအထွေထွေအတွင်းရေးမှူးချုပ်တို့က ဝိုင်းဝန်းဆွေးနွေးအကြံပြုကြသည်။
ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းကဆွေးနွေးရာတွင် မန္တလေးငလျင်ကြီးကဲ့သို့သော အကျပ်အတည်းအခြေအနေများတွင် မီဒီယာများအနေဖြင့် တိကျမှန်ကန်သည့် သတင်းအချက်အလက်များကိုအချိန်နှင့်တစ်ပြေးညီဖြန့်ဝေရာတွင် အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း၊ အာဆီယံမီဒီယာချန်နယ်များ၏ ထိရောက်သည့် သတင်းတင်ဆက်မှုများကြောင့် ပြည်သူများ၏လိုအပ်ချက်များကို ကူညီဆောင်ရွက်ပေးနိုင်သူများက သတိပြုမိစေကာ နိုင်ငံတကာနှင့် ဒေသတွင်းပံ့ပိုး ကူညီမှုများရရှိအောင် လုပ်ဆောင်ပေးနိုင်ခဲ့ကြောင်း။
၂၀၂၅ ခုနှစ်နောက်ပိုင်း ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များတွင် သတင်းအချက် အလက်နှင့်မီဒီယာကဏ္ဍ၌ အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား အနာဂတ်ပူးပေါင်း ဆောင်ရွက်မှု အားကောင်းလာစေရန်အတွက် လူငယ်များ စိတ်ဝင်စားမည့် Content များ နှင့် ပူးပေါင်းဖန်တီးမှု ပလက်ဖောင်းများကို အားကောင်းစေရေးဆောင်ရွက်ခြင်း၊ မီဒီယာသိနားလည်မှုကို မြှင့်တင်ခြင်းနှင့် သတ်မှတ်ထားသည့် မီဒီယာပလက်ဖောင်းများမှတစ်ဆင့် မဟုတ်မမှန်သတင်းများကို တိုက်ဖျက်ခြင်း၊အာဆီယံနှင့်စပ်လျဉ်းသည့် ဇာတ်လမ်းရုပ်သံများကို ဘာသာစကားမျိုးစုံနှင့်တင်ဆက်နိုင်ရန် ဒေသတွင်းပူးပေါင်း ရိုက်ကူးထုတ်လုပ်မှုများ တိုးတက်ဖော် ဆောင်ခြင်းနှင့် ဉာဏ်ရည်တုနှင့်ဒစ်ဂျစ်တယ် ပလက်ဖောင်းများ၏ ကျင့်ဝတ်ဆိုင်ရာများမြှင့်တင်ပေးခြင်းတို့ကို ဆက်လက် ဆောင်ရွက်သွားနိုင်ရန်အကြံပြုတိုက်တွန်းလိုကြောင်း။
ယခုနှစ် အစည်းအဝေးဆောင်ပုဒ်တွင်ဖော်ပြထားသည့်အတိုင်း မီဒီယာများ၏ ပူးပေါင်းကြိုးပမ်းအားထုတ်မှုများမှတစ်ဆင့် အပြန်အလှန် နားလည်မှုနှင့် သည်းခံနိုင်စွမ်းရှိမှုများကို မြှင့်တင်စေနိုင်ပြီး ကွဲပြားမှုများကို ပေါင်းကူးဆောင်ရွက်ပေးနိုင်မည်ဖြစ်သည်ဟု ပြောကြားလိုကြောင်းနှင့် မိမိတို့ ပူးပေါင်းအကောင်အထည်ဖော်မည့် အာဆီယံမီဒီယာအခင်းအကျင်းတွင် နယ်စပ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်မှုများဖြင့်သာကျေနပ်နေရုံမဟုတ်ဘဲ နောင်လာမည့် မျိုးဆက်များအတွက်ပါ အကျိုးကျေးဇူးများစွာရှိစေဖို့ ပူးပေါင်းဆောင်ရွက်ရန်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
အဆိုပါအခမ်းအနားသို့ ဘရူနိုင်းဒါရူဆလမ်နိုင်ငံ အိမ်ရှေ့မင်းသားနှင့် ဝန်ကြီးချုပ်ရုံး ဝါရင့်ဝန်ကြီး His Royal Highness Prince Haji Al-Muhtadee Billah Ibni နှင့် ဘရူနိုင်းဒါရူဆလမ်နိုင်ငံ အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ဆွေးနွေးဖက်သုံးနိုင်ငံမှ ပြန်ကြားရေးဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ပြန်ကြားရေးဆိုင်ရာ တာဝန်ရှိသူများနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ အာဆီယံလူမှုရေးနှင့်ယဉ်ကျေးမှုဆိုင်ရာအသိုက်အဝန်း (ASCC) ဒုတိယအတွင်းရေးမှူးချုပ် ဦးစန်းလွင်နှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး လေ့လာသူအဖြစ် တီမောလက်စ်တေနိုင်ငံမှ အဖွဲ့ဝင်များနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထို့နောက် အစည်းအဝေးကို ဆက်လက်ကျင်းပရာ (၂၁)ကြိမ်မြောက် အာဆီယံ ပြန်ကြားရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးနှင့် (၂၂)ကြိမ်မြောက်အာဆီယံပြန်ကြားရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးအစီရင်ခံစာများအား သုံးသပ်ဆွေးနွေးအတည်ပြုခြင်း၊ အာဆီယံနှင့်ဆွေးနွေးဖက်သုံးနိုင်ငံအကြား သတင်းမီဒီယာကဏ္ဍပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းစီမံချက်များအကောင်အထည်ဖော်မှုကို သုံးသပ်ဆွေးနွေးခြင်း၊ အာဆီယံယဉ်ကျေးမှုနှင့်သတင်းအချက်အလက်ဆိုင်ရာကော်မတီ(COCI)၏ သတင်းပြန်ကြားရေးကဏ္ဍဆိုင်ရာ တိုးတက်မှုအစီရင်ခံစာကို ဖတ်ကြားဆွေးနွေးခြင်းနှင့် အစည်းအဝေး၏ရလဒ်အဖြစ် မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ မဟာဗျူဟာဖွံ့ဖြိုးတိုးတက်ရေးအတွက်ဖော်ဆောင်ရန် အာဆီယံပြန်ကြားရေးဝန်ကြီးများအဆင့် အသိအမှတ်ပြုသည့် ဘန်ဒါဆရီဘီဂါဝမ်ကြေညာချက်၊ ဆိုရှယ်မီဒီယာပလက်ဖောင်းများကို ဘေးကင်းလုံခြုံပြီး တာဝန်သိသိဖြင့် အသုံးပြုခြင်းဆိုင်ရာကွာလာလမ်ပူ ကြေညာချက်နှင့် (၁၇) ကြိမ်မြောက် အာဆီယံပြန်ကြားရေးဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ၏ ပူးတွဲထုတ်ပြန်ချက်များအားဆွေးနွေးကာ အတည်ပြုခဲ့ကြသည်။
(၈) ကြိမ်မြောက် အာဆီယံနှင့် ဆွေးနွေးဖက် သုံးနိုင်ငံပြန်ကြားရေးဝန်ကြီးများ၏ အစည်းအဝေး(8th AMRI+3)ကို ဆက်လက်ကျင်းပရာ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ပြန်ကြားရေးဝန်ကြီးများနှင့် ဆွေးနွေးဖက်နိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံနှင့်ဂျပန်နိုင်ငံမှ ပြန်ကြားရေးဆိုင်ရာဝန်ကြီးများနှင့် ကိုယ်စားလှယ်များ၊ အာဆီယံဒုတိယအတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး အရှေ့တီမောနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့က လေ့လာသူအဖြစ် တက်ရောက်သည်။
ညနေပိုင်းတွင်(၁၇)ကြိမ်မြောက် အာဆီယံပြန်ကြားရေးဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်လာကြသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များအား အိမ်ရှင်ဘရူနိုင်းဒါရူဆလမ်နိုင်ငံ အိမ်ရှေ့မင်းသားနှင့်ဝန်ကြီးချုပ်ရုံး ဝါရင့်ဝန်ကြီးကတည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲကို ကျင်းပသည်။
အာဆီယံ ပြန်ကြားရေးဝန်ကြီးများအစည်းအဝေး (AMRI) ကို အာဆီယံဆွေးနွေးဖက် သုံးနိုင်ငံမှ ပြန်ကြားရေးဝန်ကြီးများအစည်းအဝေး(AMRI+3)နှင့်အတူ နှစ်နှစ် တစ်ကြိမ် ကျင်းပလေ့ရှိပြီး အာဆီယံနှင့် ဒေသတွင်း သတင်းပြန်ကြားရေးဆိုင်ရာလုပ်ငန်းများမှတစ်ဆင့် အဖွဲ့ဝင်နိုင်ငံများအကြား အပြန်အလှန်နားလည်မှုနှင့်ယုံကြည်မှုတိုးပွားခိုင်မာလာစေရေးလုပ်ငန်းစီမံကိန်းများအပေါ်တွင် လိုအပ်သည့် လမ်းညွှန်ချက်များ ချမှတ်ပေးနိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။
အဆိုပါ(၁၇)ကြိမ်မြောက် အာဆီယံပြန်ကြားရေးဝန်ကြီးများ အစည်းအဝေးကို မေလ (၇)ရက်နေ့က ကျင်းပခြင်းဖြစ်ပြီး မေလ ၅ ရက်မှ ၆ ရက်အထိ (၂၂) ကြိမ်မြောက် အာဆီယံပြန်ကြားရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများအား ကျင်းပခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment