မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းဟာ သမ္မတကြီးဦးသိန်းစိန် ဦးဆောင်တဲ့အစိုးရလက်ထက်မှာ ပြည်သူလူထုကြား ကျယ်ကျယ်လောင်လောင်အသံထွက်ခဲ့တဲ့ စီမံကိန်းတစ်ခုဖြစ်ပါတယ်။ ဒီစီမံကိန်းကို ဆန့်ကျင်ကန့်ကွက်သူ အများစုကတော့ အနောက်အုပ်စုရဲ့ သြဇာခံ နိုင်ငံရေးအင်အားစုတွေ၊ အရပ်ဘက်လူ့အဖွဲ့အစည်းအမည်ခံ တက်ကြွလှုပ်ရှားအဖွဲ့တွေ ဖြစ်ပါတယ်။ ဒီအဖွဲ့တွေက မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းနဲ့ ပတ်သက်ပြီး စာပေပညာရှင်၊ သဘာဝပတ်ဝန်းကျင်ပညာရှင်ဆိုသူတွေနဲ့ ဟောပြောပွဲတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ပြီး စီမံကိန်းအကောင်အထည်မဖော်နိုင်အောင် လှုံ့ဆော်ခဲ့ကြပါတယ်။
အချက်အလက်များအရ မြစ်ဆုံ တာတမံ သည် ရေအားလျှပ်စစ် ထုတ်လုပ်ရန် ရည်ရွယ်ချက်ဖြင့် ၂၀၁၇ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးရန် လျာထားဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။ ရေးဆွဲထားသည့် စီမံကိန်းအရ ယင်းတာတမံသည် အကျယ် ပေ ၅၀၀၊ အမြင့် ပေ ၅၀၀ ရှိပါတယ်။ မြန်မာအစိုးရ၏ ကန်ထရိုက်တာများနှင့် တရုတ် လျှပ်စစ်ဓာတ်အား ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်းတို့က ပူးတွဲဆောက်လုပ်မှာဖြစ်ပြီး ဆောက်လုပ်ပြီးစီးပါက လျှပ်စစ်ဓာတ်အား ၃၆၀၀ မှ ၆၀၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်စွမ်းရရှိမှာ ဖြစ်ပါတယ်။
ပြည်သူလူထုကြား သွေးထိုးလှုံ့ဆော်မှုတွေ ရှိနေတာကြောင့်၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့မှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ၎င်း၏ သမ္မတရာထူးသက်တမ်းအတွင်း (၂၀၁၁ - ၂၀၁၆) မြစ်ဆုံစီမံကိန်းအား ရပ်ဆိုင်းထားမည်ဟု ကြေညာခဲ့တယ်လို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရလက်ထက်မှာလည်း မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်လို့ အသံထွက်လာပါသေးတယ်။ ၂၀၁၉ခုနှစ်၊ မတ်လ (၁၄) ရက်နေ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်မြို့ လူထုတွေ့ဆုံပွဲမှာ မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်လို့ ဒေသခံတစ်ဦးက မေးမြန်းတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က "နိုင်ငံတစ်နိုင်ငံဟာ ကမ္ဘာရဲ့ယုံကြည်မှုရဖို့ စကားတည်ဖို့လိုကြောင်း၊ အရင်တုန်းကစခဲ့တဲ့ တချို့စီမံကိန်းတွေနဲ့ ပတ်သက်ပြီး အခုအစိုးရလက်ထက်မှာမှ ဘယ်ဟာမှဂရုမစိုက်ဘူး၊ လုပ်ချင်ရာလုပ်မယ်ဆိုပြီး လုပ်လို့မရကြောင်း၊ ဒါ့အပြင် မြစ်ဆုံစီမံကိန်း အပါအဝင် ကြီးမားတဲ့ စီမံကိန်းတွေကို ပြည်သူတွေအနေနဲ့ အဖက်ဖက်ကနေ အမြင် ကျယ်ကျယ်နဲ့ စဉ်းစားစေချင်ကြောင်း၊ အစိုးရအနေနဲ့ တာဝန်သိသိနဲ့လုပ်ဆောင်မှာဖြစ်ပြီး ဆုံးဖြတ်ချက်ချတဲ့အခါ မှာလည်း ဘာကြောင့် ဒီလိုဆုံးဖြတ်တယ်ဆိုတာကို အများပြည်သူသိအောင် ရှင်းပြမယ်"လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် က "မြစ်ဆုံစီမံကိန်းပဲဖြစ်ဖြစ်၊ ဘယ်လိုပဲကြီးကျယ်တဲ့စီမံကိန်းတွေနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ်၊ ကျမတို့ပြည်သူလူထုကို အမြင်ကျယ်ကျယ်နဲ့ အဖက်ဖက်ကနေ စဉ်းစားစေချင်တယ်၊ စီးပွားရေးဘက်ကလည်း စဉ်းစားရတယ်၊ လူမှုရေး ဘက်ကလည်း စဉ်းစားရတယ်၊ နိုင်ငံရေးဘက်ကလည်း စဉ်းစားရတယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဘက်ကလည်း စဉ်းစားရတယ်၊ တစ်ခုတည်းကို စဉ်းစားလို့ရှိရင် မှားသွားလိမ့်မယ်၊ စီးပွားရေးဘက်က စဉ်းစားတယ် ဆိုရင်တောင်မှ ရေရှည်စဉ်းစားရပါတယ်၊ စီးပွားရေးနဲ့ နိုင်ငံရေးနဲ့ ဆက်စပ်နေတာ ဘာလဲဆိုတော့ ကျမတို့နိုင်ငံရဲ့ ဂုဏ်သိက္ခာအတွက် ကျမတို့နိုင်ငံဟာ ကမ္ဘာ့ရဲ့ ယုံကြည်မှုရဖို့အတွက်၊ ကျမတို့က စကားတည်ဖို့လိုတယ်နော်၊ အခုတစ်မျိုး၊ အခုတစ်မျိုး စကားပြောလို့မရပါဘူး၊ တစ်ချို့စီမံကိန်းကြီးတွေဟာ အရင်တုန်းက စတင်ခဲ့တဲ့ စီမံကိန်းကြီးတွေကို ကျမတို့အစိုးရတက်ပြီ၊ ဘယ်ဟာမှဂရုမစိုက်တော့ဘူး၊ လုပ်ချင်တာလုပ်မယ် ပြောလို့မရဘူး၊ အဲလိုပြောလို့ရှိရင် ဒီနိုင်ငံဟာ ဘယ်တော့မှအားကိုးရတဲ့နိုင်ငံ မဟုတ်ဘူး၊ အစိုးရတစ်ခုတက်ရင်တမျိုး၊ ငါတို့ ဒီနိုင်ငံနဲ့ ဘာမှမလုပ်တာပဲကောင်းတယ်ဆိုတဲ့ စိတ်ဓာတ်တွေ ကမ္ဘာကြီးမှာ ဖြစ်သွားလို့ရှိရင် ကျမတို့နိုင်ငံ ထိခိုက်တယ်" လို့ ပြောခဲ့ခြင်း ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် က "ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုတဲ့နေရာမှာ ပတ်ဝန်းကျင်ကို မပြောင်းမလဲရေးကို ကျမတို့ပြောတာမဟုတ်ဘူး၊ ပတ်ဝန်းကျင် မပျက်စီးရေးကို ပြောနေတာ၊ သဘာဝပတ်ဝန်းကျင်ကို လုံးဝမပြောင်းလဲအောင် ကျမတို့လုပ်မယ် ဆိုရင် ကျမတို့ ဘယ်တော့မှ တိုးတက်မှုရှိနိုင်မှာ မဟုတ်ဘူး၊ ဒါကြောင့်မို့လို့ အစိုးရအနေနဲ့ တာဝန်သိသိနဲ့ လုပ်မှာပါ၊ ဆုံးဖြတ်ချက်ချလို့ရှိရင် အများပြည်သူသိအောင် ဘာကြောင့်၊ ဘာကြောင့်ဆိုတာကို ရှင်းပြမှာ ဖြစ်ပါတယ်" လို့ ထည့်သွင်း ပြောကြားထားပါသေးတယ်။
အနောက်အုပ်စုရဲ့ စပွန်ဆာနဲ့ မြစ်ဆုံစီမံကိန်းကို ကန့်ကွက်လှုပ်ရှားနေတဲ့ အဖွဲ့တွေကတော့ NLD အစိုးရ စပြီး တက်လာစဉ်မှာကတည်းက ဒီကိစ္စကို ပြန်လည်ဆွေးနွေး လက်ခံတဲ့ အခြေအနေမျိုး ဖြစ်လာမှာကို ကြိုတင်ကန့်ကွက် ရေးသားလှုံ့ဆော်ခဲ့ကြတာကို တွေ့ရပါတယ်။
အချက်အလက်တွေအရ ဧရာဝတီ မြစ်ဆုံ ရေကာတာ စီမံကိန်းဟာ ၂၀၀၆ ခုနှစ်ကတည်းက အစပြုခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ် အဲဒီ အချိန်က တပ်မတော်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးကနေတဆင့် မြန်မာစစ်အစိုးရအနေနဲ့ ရေအားကနေ လျှပ်စစ်ဓာတ်အား ထုတ်ယူဖို့ တရုတ်အစိုးရဆီကနေ ငွေအား၊ နည်းပညာအား အကူအညီတောင်းခဲ့တယ်။ ၂၀၀၉ ခုနှစ်မှာ အလွန်ကြီးမားတဲ့ ဧရာဝတီ မြစ်ဆုံ ရေကာတာ စီမံကိန်းကြီး စတင်ခဲ့ခြင်းဖြစ်ပါတယ်။ သမ္မတ ဦးသိန်းစိန် က ရပ်ဆိုင်းလိုက်ပြီး NLD အစိုးရလက်ထက်မှာ ပြန်လည်ဆွေးနွေး ဆောင်ရွက်မယ့် အရိပ်အခြေမြင်လာတဲ့ အချိန်မှာလည်း မိုးလေဝသ ဦးထွန်လွင်၊ စာရေးဆရာမ ဂျူးတို့နဲ့ ကျော်သူ၊ ဇီးကွက်တို့ရဲ့ ရန်ကုန်နာရေးကူညီမှုအသင်းမှာ ဟောပြောပွဲတွေ လုပ်ပြီး ကန့်ကွက်ဖို့ လှုံ့ဆော်ခဲ့တာတွေကို အမှတ်ရနေမိပါတယ်။
တဖန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက်မှာလည်း မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်လို့ ၂၀၂၄ မှာ ပြန်ပြီး အသံထွက်လာခဲ့ပါတယ်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ အမိန့်ကြော်ငြာစာအမှတ် (၇၄/၂၀၂၄)၊ ၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် (၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၄ ရက်) ရက်စွဲနဲ့ ဧရာဝတီမြစ်ဆုံ- မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်း ဦးဆောင်အဖွဲ့ ဖွဲ့စည်းခြင်းကို ကြေညာခဲ့ပါတယ်။ သို့သော် ဒီအဖွဲ့အနေနဲ့ မြစ်ဆုံ- မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်း နဲ့ ပတ်သက်လို့ ဘာမှ သတင်းထုတ်ပြန်တာမျိုး မရှိသလို ဘာတွေ ဆောင်ရွက်ပြီးပြီလဲ ဆိုတဲ့ အခြေအနေကိုလည်း ထုတ်ပြန်ခြင်းမရှိသေးပါဘူး။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဒုတိယနေ့ကို (၂၀-၅-၂၀၂၅) ရက်နေ့က နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က လျှပ်စစ်စွမ်းအင်ဆိုင်ရာ တင်ပြချက်များနှင့် ပတ်သက်၍ ဖြည့်စွက်ပြောကြားရာတွင် မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်း ရပ်ဆိုင်းခဲ့ရမှုမရှိပါက မဂ္ဂါဝပ် ၆ဝဝဝ ရရှိမည်ဖြစ်ပြီး လျှပ်စစ်ဓာတ်အားပေးစက်ရုံများနှင့် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းတို့ ပေါင်းစပ်လိုက်မည်ဆိုပါက လျှပ်စစ်ဓာတ်အားလိုအပ်ချက်ပြည့်မီရုံသာမက ကျော်လွန် သည့်အနေအထားသို့ပင် ရောက်ရှိနိုင်မည်ဖြစ်ကြောင်း ထည့်သွင်း ပြောကြားသွားခဲ့ပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ဖြည့်စွက်ပြောကြားရာတွင် လျှပ်စစ်နှင့်ပတ်သက်၍ မိမိတို့နိုင်ငံ တွင်လိုအပ်ချက်ပြည့်မီမှုမရှိသေးကြောင်း၊ လျှပ်စစ်စွမ်းအင် မရှိပါက ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများကို ထိုက်သင့်သလောက်ဆောင်ရွက်နိုင်မည်မဟုတ်ကြောင်း၊ မိမိတို့ နိုင်ငံအနေဖြင့် လျှပ်စစ်ဓာတ်အား ဖူလုံစွာရရှိရေးအတွက် လျှပ်စစ်ဓာတ်အားပေး စီမံကိန်းများကို ယခင်ကာလများ ကတည်းကပင် ချမှတ်ဆောင်ရွက်ခဲ့ကြောင်း၊ သို့သော်လည်း အဆိုပါ ရှိရင်းစွဲလျှပ်စစ် ဓာတ်အားပေးစီမံကိန်းများကို အကြောင်းအမျိုးမျိုးကြောင့် ဆက်လက်အကောင်အထည်ဖော်ဆောင်နိုင်မှု မရှိခဲ့ခြင်းကြောင့် လျှပ်စစ်ဓာတ်အား ဖူလုံမှုမရှိခြင်းဖြစ်ကြောင်း၊ ထင်ရှားသည့်ဥပမာတစ်ခုကို ပြမည်ဆိုပါက မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်း ရပ်ဆိုင်းခဲ့ရမှုမရှိပါက မဂ္ဂါဝပ် ၆ဝဝဝ ရရှိမည်ဖြစ်ကြောင်း၊ ရှိပြီးဖြစ်သည့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများနှင့် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းတို့ ပေါင်းစပ်လိုက်မည်ဆိုပါက လျှပ်စစ်ဓာတ်အားလိုအပ်ချက် ပြည့်မီရုံသာမက ကျော်လွန် သည့်အနေအထားသို့ပင် ရောက်ရှိနိုင်မည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။
လက်တလော ပြည်သူများ ရင်ဆိုင်ကြုံတွေ့နေရတဲ့ လျှပ်စစ်ဓာတ်အား လုံလောက်မှုမရှိတဲ့ အခြေအနေနဲ့ ပတ်သက်လို့ ၂၀၂၅ခုနှစ်၊ မေလ (၁၄) ရက်နေ့ က လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက ဖြေကြားတဲ့ အချက်အလက်များကိုလည်း တင်ပြလိုပါတယ်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဖြေကြားချက် -
၁။ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတွင် ရေအား(၃၀) ရုံ၊ (၃,၂၃၂) မဂ္ဂါဝပ်၊ သဘာဝ ဓာတ်ငွေ့ (၂၆) ရုံ၊ (၃,၂၆၈) မဂ္ဂါဝပ်၊ ကျောက်မီးသွေး(၂) ရုံ၊ (၁၃၈) မဂ္ဂါဝပ်၊ နေရောင် ခြည်(၈) ရုံ (၂၄၀) မဂ္ဂါဝပ် ရှိပါသည်။ နိုင်ငံတော်ဓာတ်အားစနစ်သို့ ဓာတ်အားထုတ်လုပ် ပို့လွှတ်ပေးနိုင်တဲ့ စက်တပ်ဆင်အင်အား စုစုပေါင်းမှာ (၆,၈၇၈) မဂ္ဂါဝပ် ရှိပါတယ်။
J။ သို့ရာတွင် ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားပို့လွှတ်ပေးလျက်ရှိသော ၂၃၀ ကေဗွီ၊ ၁၃၂ ကေဗွီ မဟာဓာတ်အားလိုင်းများ ဖျက်ဆီးခံထားရခြင်းကြောင့် ဓာတ်အား ပမာဏ လျော့နည်းမှု (၅၉၇) မဂ္ဂါဝပ်၊ သဘာဝဓာတ်ငွေ့ရရှိမှု လျော့နည်းလျက်ရှိသဖြင့် (၁၅၉) မဂ္ဂါဝပ်၊ ရာဂီမုန်တိုင်းကြောင့် ရေနစ်မြုပ်မှုဖြစ်ပေါ်ခဲ့သော အထက်ပေါင်း လောင်းရေအားစက်ရုံအား အကြီးစားပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများ ဆောင်ရွက်နေရ သဖြင့် (၁၄၀) မဂ္ဂါဝပ်ခန့် လျော့နည်းလျက်ရှိသဖြင့် စုစုပေါင်း (၈၉၆) မဂ္ဂါဝပ်ခန့် လျော့နည်းလျက်ရှိပါတယ်။
၃။ အကြမ်းဖက်သောင်းကျန်းသူများ ဖျက်ဆီးခဲ့သည့် မဟာဓာတ်အားလိုင်းများ၊ ဓာတ်အားလိုင်း တာဝါတိုင်များ၊ ကွန်ကရစ်တိုင်များအား လျှပ်စစ်စွမ်းအားဝန်ကြီး ဌာန၏ ဝန်ထမ်းများမှ ပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်စဉ် အကြမ်းဖက်တိုက်ခိုက်မှုများကြုံတွေ့ရသော်လည်း ပြုပြင်ခြင်းလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ထိုကဲ့သို့ ဓာတ်အားထုတ်လုပ်မှုလျော့နည်းလျက်ရှိသဖြင့် ယခုကာလတွင် (၁) ရက်လျှင် ပျမ်းမျှ (၂,၃၀၀) မဂ္ဂါဝပ်ခန့်သာ ထုတ်လုပ်ပေးနိုင်ပြီး စက်တပ်ဆင် အင်အား၏ (၅၀) % ခန့်ကိုသာ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်လျက်ရှိပါတယ်။
၄။ သို့ဖြစ်ပါ၍ လက်ရှိကာလတွင် နိုင်ငံတော်၏ ဓာတ်အားလိုအပ်ချက်မှာ (၃,၄၀၀) မဂ္ဂါဝပ် ဝန်းကျင်ခန့် လိုအပ်သဖြင့် (၁,၁၀၀) မဂ္ဂါဝပ်ဝန်းကျင်ခန့်ကို ဝန်အား လျှော့ချထိန်းညှိမှု (Loadshed) ဆောင်ရွက်ရလျက်ရှိပါသည်။ လက်ရှိဓာတ်အား ထုတ်လုပ်နိုင်မှုအရ ၂၀၂၅ ခုနှစ်၊ မေလအတွင်း ရန်ကုန်တိုင်းဒေသကြီးသို့ ၅၂ % ၊ မန္တလေးတိုင်းဒေသကြီးသို့ ၁၇ % ၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ၃၁ % ဖြင့် အချိုးကျ ဓာတ်အား ခွဲဝေဖြန့်ဖြူးပေးလျက်ရှိပါတယ်။
၅။ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် အများပြည်သူ လိုအပ်လျက်ရှိသည့် လျှပ်စစ်ဓာတ်အားကို ပြည့်ဝစွာဖြည့်ဆည်းပေးနိုင်ရေးအတွက်လည်းကောင်း၊ နိုင်ငံတော် အတွင်း စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးတို့ရှိ စက်မှုဇုန်များသို့ ဓာတ်အားစဉ်ဆက်မပြတ် ဖြန့်ဖြူးပေးနိုင်ရေးအတွက် လည်းကောင်း ကာလတိုအနေဖြင့် သီလဝါ(သန်လျင်) နှင့် သာကေတ သဘာဝဓာတ် ငွေ့ရည်(LNG) သုံး ဓာတ်အားပေးစက်ရုံများမှ လျှပ်စစ်ဓာတ်အား အမြန်ဆုံး ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေး သက်ဆိုင်ရာကုမ္ပဏီများနှင့် ပူးပေါင်း၍ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားထားပါတယ်။
အခြေအနေအရပ်ရပ်ကို တွက်ဆကြည့်ရင် ပြည်သူတွေရဲ့ လိုအပ်ချက်ကို အစိုးရတာဝန်ရှိသူများအနေနဲ့ ဖြည့်ဆည်းနိုင်ဖို့ ကြိုးစားဆောင်ရွက်နေတာကို တွေ့ရမှာဖြစ်သလို အဖျက်အမှောင့်တွေ အင်မတန်များလွန်းနေတာကိုလည်း သုံးသပ်မိဖို့ လိုပါတယ်။
မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်လို့ သမ္မတကြီး ဦးသိန်းစိန် က သူ့အစိုးရသက်တမ်းမှာ ရပ်ဆိုင်းခဲ့ခြင်းဟာ ဒီမိုကရေစီအစိုးရ ပထမသက်တမ်း လူထုအကြား မလိုလားအပ်တဲ့ ပြဿနာတွေကို မဖြစ်စေလိုတဲ့အတွက် ရပ်ဆိုင်းခဲ့ဟန် တူပါတယ်။ ဒေါ်အောင်ဆန်းစုကြည် က အများပြည်သူကို ရှင်းလင်းပြောဆိုရာမှာတော့ စီမံကိန်းနဲ့ ပတ်သက်လို့ အများပြည်သူကို ချပြရှင်းလင်းပြီး လုပ်ဆောင်သွားမယ့် သဘောမျိုး သက်ရောက်ပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ရဲ့ သဘောထားကလည်း မြစ်ဆုံစီမံကိန်းရပ်ဆိုင်းခဲ့ခြင်းဟာ များစွာနစ်နာတယ်ဆိုတဲ့ သဘောမျိုးကို ရည်ညွှန်းခြင်း ဖြစ်ပါတယ်။
မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်လို့ ပြည်သူလူထုကြား အကြောက်တရားတွေ ဖြန့်ဝေခဲ့ကြသူများရဲ့ လုပ်ရပ်ဟာ ရိုးသားမှန်ကန်မှု ရှိရဲ့လားဆိုတာကို ပြန်ဆန်းစစ်ဖို့ လိုပါတယ်။ အများစုကတော့ အနောက်အုပ်စုက ဖန်ငွေထုတ်ပေးလို့ လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ ရိုးသားမှုမရှိဘူးလို့ သုံးသပ်ရမှာ ဖြစ်ပါတယ်။ ကန့်ကွက်တဲ့ အဖွဲ့အစည်းတွေနဲ့ တာဝန်ရှိသူတွေနဲ့ ခေါ်ယူတွေ့ဆုံကြည့်မယ်ဆိုရင် သူတိုရဲ့ သရုပ်မှန်ကို ပိုပြီး သိမြင်နိုင်ပါတယ်။
ယခုအခါမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေနဲ့ ဧရာဝတီမြစ်ဆုံ - မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်း ဦးဆောင်အဖွဲ့ ဖွဲ့စည်းထားပြီး ဖြစ်တယ်ဆိုရင် စီမံကိန်းနဲ့ ပတ်သက်လို့ အများပြည်သူ သိသင့် သိထိုက်သည်များကို ချပြရှင်းလင်းပြီး ဆက်လက်လုပ်ဆောင်သင့်သည်ကို လုပ်ဆောင်သွားမယ်ဆိုရင် နှစ်နိုင်ငံအတွက် အကျိုးရှိလိမ့်မယ်လို့ ယူဆမိပါတယ်။ ကန့်ကွက်သူတွေ ထွက်ပေါ်လာရင်လည်း သက်ဆိုင်ရာ တာဝန်ရှိသူများ စိစစ်တွေ့ရှိချက်နဲ့ သူတို့ရဲ့ စိုးရိမ်သောကတွေကို ယှဉ်တွဲချပြပြီး ပြည်သူများ အသိမှန် အမြင်မှန် ရအောင် ဆောင်ရွက်ပေးသင့်ပါတယ်။
မြစ်ဆုံစီမံကိန်းကို တပ်မတော်အစိုးရလက်ထက်မှာ အစပြုခဲ့ပြီး အစိုးရသုံးဆက်တိုင်တိုင် အကောင်း၊ အဆိုးကို ပြည်သူတွေကို တိတိကျကျ မသိရတဲ့ အခြေအနေမျိုး ဖြစ်နေတဲ့ သဘောပါ။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါတဲ့ စီမံကိန်းတစ်ခုဖြစ်တယ်ဆိုရင် တာဝန်ရှိသူများက ပြည်သူလူထုကြား ကျယ်ကျယ်ပြန့်ပြန့် ချပြပြီး တိုင်းပြည်ရဲ့ လိုအပ်ချက်၊ ပြည်သူလူထုအတွက် လိုအပ်ချက်ကို ပြည့်မီအောင် ဆောင်ရွက်ပေးနိုင်ဖို့ရာမှာ ပွင့်လင်းမြင်သာစွာ ချပြဆောင်ရွက်သင့်ပါကြောင်း -
နောင်တော်လေး (ဘိုကလေး)
https://t.me/MyanmarNationalPost
No comments:
Post a Comment