နေပြည်တော်၊ မေ ၉
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံတော်ဝန်ကြီးချုပ်ရုံးတွင် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က စစ်ကိုင်းတိုင်းဒေသကြီးစစ်ကိုင်းမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် စခန်းသွင်းလေ့ကျင့်ဆောင်ရွက်နေမှု၊ ငလျင်လှုပ်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့မှုများအား ပြုပြင်ဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ဒုတိယဝန်ကြီးချုပ်သည် စစ်ကိုင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံ၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် ၊ တာဝန်ရှိသူများနှင့်အတူ စစ်ကိုင်းပညာရေးတက္ကသိုလ်သို့ ရောက်ရှိပြီး တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနိုင်ရန် ဘာသာရပ်များသင်ကြားပို့ချပေး နေသည့် တက္ကသိုလ်၊ ကောလိပ်များမှ ပါမောက္ခ၊ ဆရာ၊ ဆရာမများနှင့် တက္ကသိုလ် ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်း သား၊ ကျောင်းသူများနှင့်တွေ့ဆုံ၍ အမှာ စကားပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးချုပ်က စာမေး ပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများပညာသင်ကြားရေး၊ စားသောက်နေထိုင် ရေးအတွက် နိုင်ငံတော်မှထောက်ပံ့ငွေ ကျပ်သိန်း ၁၀၀၀၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်က ဆရာ၊ ဆရာမ များအတွက် ထောက်ပံ့ငွေကျပ် ၄၇ သိန်း၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းသုံးဗလာစာအုပ်များကို ထောက်ပံ့ ပေးအပ်ကြရာ တာဝန်ရှိသူများနှင့် ကျောင်းသား၊ ကျောင်းသူတို့က လက်ခံရယူသည်။
ယင်းနောက် တက္ကသိုလ် အစည်းအဝေး ခန်းမ၌ စခန်းဝင်လေ့ကျင့်သင်ကြားလျက် ရှိသော ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေစွာ သင်ကြားလေ့ကျင့်နိုင်ရန် အတွက် အုပ်ချုပ်မှုနှင့် ထောက်ပံ့မှုဆိုင်ရာ ဆောင်ရွက်ထားရှိမှုအခြေအနေများကို စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်က ရှင်းလင်းတင်ပြပြီး ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် ခေတ္တပါမောက္ခချုပ်တို့က ကျောင်းသား၊ ကျောင်းသူများအား စခန်းသွင်းသင်ကြားပို့ချပေးနေမှုအခြေအနေများကိုရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးချုပ်က လိုအပ်သည်များမှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကျောင်းသား၊ ကျောင်းသူများ စခန်းဝင်သင်ကြားပေးနေမှုအခြေအနေများနှင့် ချက်ပြုတ်ကျွေးမွေးမှု အခြေအနေ တို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ ကို အစားအစာချက်ပြုတ်ရာတွင် သန့်ရှင်း လတ်ဆတ်မှုရှိရေး၊ ကျန်းမာရေးနှင့်ညီညွတ် မှုရှိစေရေးကို အထူးအလေးထားဆောင် ရွက်ပေးကြရန် မှာကြားသည်။
ထို့နောက် စစ်ကိုင်းတောင်ရှိ ဆွမ်းဦး ပုညရှင်စေတီသို့သွားရောက်၍ ထိခိုက် ပျက်စီးခဲ့မှုနှင့် အပျက်အစီးများအား ဖယ်ရှားရှင်းလင်းနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေး၍ လုပ်အားပေးဆောင်ရွက်နေသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များကို ထောက်ပံ့ငွေများ ပေးအပ်သည်။
ယင်းနောက် သီတဂူဗုဒ္ဓတက္ကသိုလ်သို့ သွားရောက်၍ သီတဂူဆရာတော် ဘဒ္ဒန္တ ဉာဏိဿရအား သွားရောက်ဖူးမြော် ကြည်ညိုကာ လှူဖွယ်ဝတ္ထုငွေဆက်ကပ် လှူဒါန်းသည်။ဆက်လက်၍ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီ နေရပ်စွန့်ခွာသူများနှင့် တွေ့ဆုံပွဲအခမ်း အနားသို့ တက်ရောက်၍ ဒုတိယဝန်ကြီး ချုပ်က အားပေးစကားပြောကြားပြီး ယာယီနေရပ်စွန့်ခွာနေသူများအတွက် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေမှ ထောက်ပံ့ငွေကျပ် ၃၈၄၇ သန်း ကိုပေးအပ်ရာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်က လက်ခံရယူပြီး ဒုတိယဝန်ကြီးချုပ်က ယာယီနေရပ်စွန့်ခွာနေသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက် သည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဧရာဝတီမြစ်ကမ်းနားလမ်းရှိ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာနနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့မှ စီစဉ်ဆောင်ရွက်ထားသော မြစ်ရေတင် စက်မှ သောက်သုံးရေအဖြစ် သန့်စင်၍ လိုအပ်သည့်ပြည်သူများသို့ အခမဲ့ဖြန့်ဖြူး ပေးနေသည့်နေရာသို့ သွားရောက်ကြည့်ရှု စစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ် သည်များ မှာကြားသည်။
ထို့နောက် စစ်ကိုင်းတံတားသို့သွား ရောက်၍ ပြိုကျပျက်စီးခဲ့မှုများအား မြန်မာစီးပွားရေးကော်ပိုရေးရှင်းနှင့် တပ်မတော်(ရေ)မှ ဖယ်ရှားရှင်းလင်းရေး ပူးပေါင်းဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယ ဝန်ကြီးချုပ်က အဓိကရေလမ်းကြောင်းများ မိုးမကျမီဖွင့်လှစ်နိုင်ရေး၊ လုပ်ငန်းခွင်ဘေး အန္တရာယ်ကင်းရှင်းရေးနှင့် ရေလယ်တိုင်များ ရေအောက်ပိုင်းကြံ့ခိုင်မှုစစ်ဆေးခြင်းတို့ကို အလေးထားဆောင်ရွက်ကြရန် မှာကြားပြီး ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment