ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေးပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်းဖိုရမ်ကျင်းပမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေးပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်းဖိုရမ်ကျင်းပမည်


နေပြည်တော်၊ မေ ၁၆

ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေး ပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင် ခြင်း (Rebuilding Myanmar: Post-Earthquake Economic Recovery) ဖိုရမ် ကျင်းပရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာ့ပုံရိပ်ဖော်ညွှန်းအဖွဲ့ဥက္ကဋ္ဌ ဦးကိုကို၊ ဒါရိုက်တာဒေါက်တာဇော်ဦး၊ UMFCCI အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်နှင့် တာဝန်ရှိသူများတတ်ရောက်ကြပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးအေးဝင်းက Video Conferencing ဖြင့် တက်ရောက်သည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက မန္တလေးငလျင်ကြီးခံစားရပြီး နောက်ပိုင်း မြန်မာ့စီးပွားရေး ပြန်လည်ဦးမော့လာစေရန် ယခုဖိုရမ်ကို ကျင်းပခြင်းဖြစ်ပါကြောင်း၊ ပြီးခဲ့သည့်မတ်လအတွင်းက နိုင်ငံတော်အဆင့်ဖိုရမ်တစ်ခုကို နိုင်ငံတကာပညာရှင်များအပါအဝင် ပြည်တွင်းပညာရှင်များဖြင့် အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ယခုဖိုရမ်မှလည်း နိုင်ငံတော်အတွက် ကောင်းမွန်သည့်ရလဒ်များ ရရှိနိုင်မည်ဟု ယုံကြည်ပါကြောင်း။

ယခုကျင်းပမည့် ဖိုရမ်သို့လုပ်ငန်းရှင်များ၊ စိတ်ပါဝင်စားသူပြည်သူများ ပါဝင်တက်ရောက်ပြီး လက်တွေ့ကျကျဆွေးနွေးနိုင်ရန်နှင့် ပြည်သူများ၊ လုပ်ငန်းရှင်များ ပိုမိုပူးပေါင်းဆောင်ရွက်ရန်လည်း ရည်ရွယ်ပါကြောင်း၊ အဆိုပါဖိုရမ်တွင် ကောင်းမွန်သည့်ရလဒ်များဖြင့် တိုင်းပြည်အရွေ့တစ်ခုသို့ ရောက်ရှိစေရေးအတွက် လိုအပ်သည့်ဆွေးနွေးချက်များရရှိအောင် ဝိုင်းဝန်းဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက မန္တလေးငလျင်ဖြစ်ပွားခဲ့သည့်အတွက် အစိုးရအဆောက်အအုံများ၊ ပုဂ္ဂလိကအဆောက်အအုံများ ပျက်စီးခဲ့ပြီး စီးပွားရေးနှင့်ပတ်သက်၍ လယ်ယာကဏ္ဍ၊ မွေးမြူရေးကဏ္ဍ၊ ထုတ်လုပ်ရေးကဏ္ဍတို့တွင်လည်း ပျက်စီးမှုများရှိခဲ့ပါကြောင်း၊ ယခုဖိုရမ်ကျင်းပခြင်းဖြင့် စီးပွားရေးကဏ္ဍအပါအဝင် ကဏ္ဍအချို့ကို ယခုကျင်းပမည့် ဖိုရမ်မှ ထွက်ပေါ်လာသည့်ရလဒ်များက အထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။ 

ယင်းနောက် အမြဲတမ်းအတွင်းဝန် ဦးဝင်းကျော်အောင်က ဖိုရမ်ကျင်းပရေးနှင့်စပ်လျဉ်း၍ ရည်ရွယ်ချက်၊ ဆွေးနွေးမည့်ခေါင်းစဉ်များ၊ တက်ရောက်ဆွေးနွေးမည့် ပုဂ္ဂိုလ်များ၊ ဖိတ်ကြားသွားမည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးဦးရဲတင့်၊ UMFCCI ဥက္ကဋ္ဌ ဦးအေးဝင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ဥက္ကဋ္ဌ ဦးကိုကို၊ ဒါရိုက်တာ ဒေါက်တာဇော်ဦး၊ ဒေါ်ခိုင်ခိုင်နွယ်တို့က ဖိုရမ်အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် စီစဉ်ဆောင်ရွက်ထားရှိမှုများနှင့် လိုအပ်ချက်များ ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။

အဆိုပါ ဖိုရမ်တွင် မန္တလေးငလျင်ကြီး၏ စီးပွားရေးအပေါ်ရိုက်ခတ်မှုများ၊ စီးပွားရေးပြန်လည်ထူထောင်ရာတွင် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ၊ စီးပွားရေးပြန်လည်ကုစားခြင်းအတွက် စုပေါင်းအဖြေရှာခြင်းဟူသည့် ခေါင်းစဉ်သုံးခုဖြင့် ဆွေးနွေးကြမည်ဖြစ်ပြီး မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသော စီးပွားရေးလုပ်ငန်းများအား ပြန်လည်ထူထောင်အားကောင်းလာစေရန်၊ ငလျင်ဘေးအလွန်ကာလတွင် ဖြစ်ပေါ်လာမည့် ပြည်တွင်း/ပြည်ပဈေးကွက် စီးပွားရေးအသစ်များ၊ နိုင်ငံ့စီးပွားရေးပိုမိုကောင်း မွန်စေမည့်အခွင့်အလမ်းများနှင့် ကြုံတွေ့ရနိုင်သည့်စိန်ခေါ်မှုမျာအား သိရှိနိုင်စေရန်၊ မြန်မာနိုင်ငံ၏ ပထဝီနိုင်ငံရေးအခင်းအကျင်းနှင့် ပထဝီစီးပွားရေးအခွင့်အလမ်းများကို သိရှိအသုံးချပြီး ပြည်တွင်းမှ ထုတ်ကုန်ပစ္စည်းများအား ဈေးကွက်ချဲ့ထွင်နိုင်ရေးနှင့် စီးပွားရေးလုပ်ငန်းရှင်များ အချင်းချင်းပေါင်းစည်းမြှင့်တင်နိုင်ရန်ရည်ရွယ်ချက်ဖြင့် ကျင်းပမည်ဖြစ်ကြောင်းနှင့် ဖိုရမ်သို့ စိတ်ပါဝင်စားသူမည်သူမဆို ပါဝင်တက်ရောက်နိုင်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)