မိတ္ထီလာမြို့မှာ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်တယ်ဆိုပြီး ဖမ်းဆီးခြင်းခံလိုက်ရတဲ့ ကိုဇော်ယုထွန်း ရဲ့ ခေါင်းစဉ် က (စစ်မှု့ထမ်းအစားထိုးဖို့ ငွေကောက်ခိုင်းတာ တရားဝင်ရဲ့လား) ဆိုတဲ့ ခေါင်းစဉ် ဖြစ်ပါတယ်။ သူ့ခေါင်းစဉ်ရဲ့ အဖြေကို စာရေးသူအနေနဲ့ ဥပဒေပြဋ္ဌာန်းချက်များမှာ ငွေကြေးကောက်ခံဖို့ ခွင့်ပြုမထားခြင်း၊ ငွေပေးပြီး ရှောင်လွှဲ၍ မရခြင်း၊ လူစားထိုးရန် ပြဋ္ဌာန်းချက် မပါရှိခြင်းတို့ကြောင့် ပြည်သူ့စစ်မှုထမ်း အစားထိုးဖို့ ငွေကောက်တာ တရားမဝင်ပါ လို့ ခေါင်းစဉ်တပ်ပြီး ရေးသားရခြင်းဖြစ်ပါတယ်။
စိတ်မကောင်းစရာကတော့ ကိုဇော်ယုထွန်းဟာ လူမှုကွန်ရက်စာမျက်နှာကနေ အဲဒီလို ရေးသားမိတဲ့အတွက် ဖမ်းဆီးထိန်းသိမ်းခြင်း ခံလိုက်ရပါပြီ။ နိုင်ငံတော်ရဲ့အစီအမံနဲ့ နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေးယန္တရားမှာ တာဝန်ရှိသူတွေရဲ့ လုပ်ရပ်တွေ ကွဲလွဲမှုရှိတယ်။ ဥပဒေနဲ့မညီညွတ်တဲ့ လုပ်ရပ်တွေကို ပြည်သူတွေက ထောက်ပြပြောဆိုနိုင်ခြင်း မရှိဘူးဆိုရင် ဒီအစိုးရရဲ့ ယန္တရားဟာ NLD အစိုးရထက် ဆိုးတယ်လို့ မှတ်ချက်ပြုရတော့မှာ ဖြစ်ပါတယ်။
ပြည်သူ့စစ်မှုထမ်းစတင်အကောင်အထည်ဖော်ပါပြီဆိုကတည်းက ဒီပြဿနာတွေကို ပြည်သူလူထုက ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ အစောပိုင်း ငွေကြေးကောက်ခံမှုတွေဟာ စစ်မှုထမ်းလိုက်ပါမယ့် လူငယ်တွေကို ထောက်ပံ့တဲ့သဘော ကောက်ခံခြင်းဖြစ်ပေမယ့် နောက်ပိုင်းမှာတော့ စစ်မှုထမ်းမလိုက်ချင်ရင် ငွေပေး၊ လူစားထိုးပေးတဲ့အထိ ငွေကျပ်သိန်းပေါင်းများစွာ တောင်းခံပြီး လုပ်စားလာတာတွေ ဖြစ်လာပါတယ်။ ဒါနဲ့ ပတ်သက်ပြီး စာရေးသူအနေနဲ့လည်း အလျဉ်းသင့်တဲ့အခါတိုင်း ဖော်ပြပါတယ်။
ဒီလုပ်ရပ်ဟာ ပြည်သူ့စစ်မှုထမ်းဥပဒေရဲ့ ရည်ရွယ်ချက်နဲ့ ဖီလာဆန့်ကျင်ဖြစ်နေခြင်းကြောင့် နိုင်ငံတော်အကြီးအကဲများ သိရှိ ထိန်းကျောင်းနိုင်ရန် တင်ပြခြင်းသဘောသာဖြစ်ပါတယ်။ ဥပဒေရဲ့ရည်ရွယ်ချက်ဟာ လူငယ်တွေကို မျိုးချစ်စိတ်၊ တိုင်းချစ်ပြည်ချစ်စိတ် ဖြစ်လာအောင် ဆောင်ရွက်လိုတဲ့သဘောဖြစ်ပါတယ်။ သို့သော် တာဝန်နဲ့ လုပ်ပိုင်ခွင့်ရှိသူတွေက ဒီဥပဒေကို အကြောင်းပြုပြီး လုပ်စားလာတဲ့အခါကြတော့ လူငယ်တွေမှာ တိုင်းချစ်ပြည်ချစ်စိတ် ဖြစ်မလာသည့်အပြင် မကျေနပ်မှုတွေ၊ ဒေါသတွေဖြစ်လာကြရတယ်။ အစိုးရအပေါ် ပိုပြီး အမုန်းတရားကြီးထွားလာတယ်။ အဓိကတရားခံတွေကတော့ တာဝန်နဲ့ လုပ်ပိုင်ခွင့်ကို နည်းမှန် လမ်းမှန်အသုံးမချဘဲ မျိုးဆက်သစ်လူငယ်များကို ရောင်းကုန်သဖွယ် သဘောထားပြီး လုပ်ဆောင်နေသူတွေကြောင့်ပဲ ဖြစ်ပါတယ်။
ဒီရက်ပိုင်းအတွင်း မိတ္ထီလာဘက်က ငလျင်ဒဏ်သင့် ဘုန်းတော်ကြီးကျောင်းကို ဆရာတော်များက သွားရောက်လှူဒါန်းလို့ လိုက်ပါသွားခဲ့တယ်။ လုံခြုံရေးအတွက် ပူးပေါင်းဆောင်ရွက်နေကြတဲ့ အစ်ကိုတွေကို မိတ္ထီလာမြို့အခြေအနေနဲ့ ပတ်သက်လို့ မေးမြန်းကြည့်တော့ အေးဆေးပါတယ်၊ ပူးပေါင်းဆောင်ရွက်မှု ကောင်းပါတယ်လို့ သိရတဲ့အတွက် ဝမ်းမြောက်မိပါတယ်။
၁၃-၅-၂၀၂၅ ရက်စွဲနဲ့ ကိုဇော်ယုထွန်း ရေးသားတင်ပြလိုက်ပုံကတော့ နစ်နာသူတွေရဲ့ ကိုယ်စား သူက တာဝန်ခံပြီး ရေးသားပြဆိုလိုက်ခြင်း သဘောဖြစ်ပါတယ်။
ကိုဇော်ယုထွန်း ရေးသားထားတာက "မိတ္ထီလာမြို့နယ်ထဲက ရွာတွေမှာ ပြည်သူ့စစ်မှု့ထမ်း လူစားထိုးဖို့ ငွေတွေကောက်နေတယ်လို့ သိရတယ်။ ယောက်ျားလေးရှိတဲ့အိမ်ဆို ၅၀၀၀ဝိ (စာဖြင့်ငါးသောင်း)၊ နိုင်ငံခြားရောက်နေတဲ့အိမ်ဆို ၈၀၀၀ဝိ (စာဖြင့် ရှစ်သောင်း)၊ ယောက်ျားလေးမရှိတဲ့အိမ်ဆိုရင် ၃၀၀၀ဝိ (စာဖြင့် သုံးသောင်း)ကောက်သည်ဟုသိရတယ်။ ပိုက်ဆံပေးထားရင် ရွာထဲမှာ လွတ်လွတ်လပ်လပ်နေလို့ရမယ်၊ ရွာပြင် အခြားနေရာမှာ အဆွဲခံရရင်တော့ အာမ မခံဟုပြောကြောင်းသိရတယ်။ ရွာတွေက ပိုက်ဆံတွေကောက်ခိုင်းပြီး အဲ့ပိုက်ဆံယူပြီး အခြားနေရာကနေ လူစားထိုးထည့်ပေးတယ် ၊ တရားဝင်ရဲ့လား၊ ဘယ်သူတွေက လုပ်နေတာလဲ။ လူစားထိုးသည်ဟုဆိုရာမှာလဲ ညနေ အလုပ်သွား အလုပ်ပြန် လမ်းပေါ်မှာတွေ့တဲ့ လူငယ်တွေကို ဖမ်းပြီး ထည့်နေတော့ ပြည်သူတွေမှာ စိတ်မလုံခြုံကြတော့။ အေးချမ်းတဲ့ ထီလာမြို့မှာ ညဘက်စစ်မှု့ထမ်း အဆွဲခံရမှာစိုးရိမ်တော့ လူငယ်တွေ ညဘက်အပြင်မထွက်ရဲကြတော့လို့ မြို့က တိတ်ဆိတ်ခြောက်ကပ်လာတယ်။" လို့ ရေးသားဖော်ပြထားတာကို တွေ့ရပါတယ်။
ပိုပြီး သေချာခိုင်လုံတဲ့အချက်ကတော့ သူ့ရဲ့ကိုယ်တွေ့အခြေအနေမှာ "တလောက ထွန်းညိုလူတိုးဂိတ်မှာ ပြည်သူ့စစ်မှု့ထမ်း အပြေးလူငယ်တစ်ယောက်ဖမ်းမိတယ်၊ ဖမ်းမိတဲ့ လူငယ်ကို စစ်ဆေးတော့ မိတ္ထီလာ ၁၁၃ တပ်ထဲမှာ စစ်မှု့ထမ်းမပါအောင် လုပ်ပေးမယ် သိန်း(၇၀) ပေးဟုပြော၍ ပေးခဲ့ကြောင်း၊ ၎င်းတပ်ထဲမှ ကားနှင့်ခေါ်ထုတ်ပေးခဲ့ကြောင်း စစ်ဆေးမေးမြန်းချက်အရ သိရှိရတယ်။ ငွေယူပြီး တရားဝင်မလုပ်ပေးဘဲ ခိုးထုတ်တော့ အဖမ်းခံရတဲ့လူငယ်အနေနဲ့ ငွေလဲပေးရသေး အရေးယူလဲ ခံရသေးဖြစ်ပြီ၊ ပါဝင်ပတ်သက်သူများကို တာဝန်ရှိလူကြီးမင်းများမှ ဖော်ထုတ် အရေးယူဖို့ လိုနေပါပြီ။ ဘယ်သူတွေ ၊ ဘယ်အဆင့်တွေထိ ပါဝင်ပက်သက်ပြီး လုပ်စားနေကြလဲ ဖော်ထုတ်ဖို့ လိုမည်ထင်ပါတယ်။ အခု ရွာတွေမှာ ငွေကောက်တာ ခန့်မှန်းပျှမ်းမျှ ၄၀၀၀၀ ပဲထား တစ်ရွာမှာ အိမ်ခြေ ၁၀၀ အနဲဆုံးနဲ့တွက်၊ မိတ္ထီလာမှာ တိုက်နယ် (၄)ခု၊ ကျေးရွာအုပ်စု (၅၈) အုပ်စု၊ ကျေးရွာပေါင်း (၃၇၉) ရွာရှိတယ်။ တစ်ရွာအတွက် အိမ်ခြေပျှမ်းမျှ ၁၀၀ ပဲ တွက်မယ်ဆိုရင် ၄၀၀၀၀×၁၀၀= ၄,၀၀၀,၀၀ဝိ သိန်းလေးဆယ်ရတယ်။ ရွာပေါင်း ဘယ်နှစ်ရွာအထိ ကောက်ခိုင်းထားသလဲ မသိရသေးဘူး။
အသက် ၁၈~၃၅ အတွင်းက မလွှဲမသွေ စစ်မှု့က ထမ်းကြရမှာပဲ၊ အခုလိုတွေ ငွေပေးလိုက်လို့ လုံးဝ စစ်မှု့မထမ်းရပါဘူးလို့ ဘယ်သူမှ အာမ မခံပါဘူး။ အခုလို ရွာတွေကို ဘယ်သူက ပိုက်ဆံကောက်ခိုင်းတာလဲ၊ အဲ့ငွေတွေက ဘယ်ရောက်သွားလဲ၊ စစ်မှု့ထမ်းဥပဒေအကြောင်းပြ လုပ်စားနေကြခြင်းမှ မိတ္ထီလာသူ မိတ္ထီလာသားများ ကင်းဝေးကြပါစေ။" လို့ ရေးသားထားတာကို အကြောင်းပြုပြီး တရားစွဲဆိုခြင်း ခံရတယ်လို့ သိရပါတယ်။
ဒီရေးသားဖော်ပြမှုကတော့ ကိုဇော်ယုထွန်းအနေနဲ့ မြို့နယ်အတွင်းမှာ ဖြစ်နေတဲ့ အခြေအနေကို သူက တာဝန်ခံပြီး ရေးသားခြင်းဖြစ်ပါတယ်။
စာရေးသူအနေနဲ့ဆိုရင်တော့ အာဏာပိုင်တွေဟာ ကျွန်တော်တို့ကို ဒုက္ခပေးဖို့ အမြဲချောင်းမြောင်းနေတာကို ရိပ်စားမိတဲ့အတွက် ကိုယ်က တာဝန်ခံပြီး မရေးတော့၊ မပြောတော့ပါဘူး။ နစ်နာသူ မိသားစုဝင်များ ကိုယ်တိုင် ရင်ဖွင့်ပြောကြားလာရင် သက်ဆိုင်ရာတာဝန်ရှိသူများထံ တင်ပြပေးသလို ကျွန်တော်တို့ မီဒီယာကနေလည်း ဖော်ပြပေးပါတယ်။ ဒီလိုဖြစ်စဉ်မျိုးတွေက မိတ္ထီလာတနယ်ထဲမှာ ဖြစ်နေတာ မဟုတ်ဘူး။ မကွေးတိုင်းထဲမှာ ဆိုးရွားစွာ ဖြစ်ပေါ်နေတဲ့ အခြေအနေ ရှိပါတယ်။ ပဲခူးတိုင်းထဲက မြို့နယ်တချို့က အလားတူ ဖြစ်နေတာကို ဆက်သွယ်ပြောဆိုလာတာတွေ ရှိပါတယ်။ စာရေးသူအနေနဲ့ မဖော်ပြခဲ့ပါဘူး။ အကြောင်းကတော့ နစ်နာသူတွေက ကိုယ်တိုင် ရဲရဲဝံ့ဝံ့ ဖွင့်ဟပြောဆိုခြင်းမဟုတ်ရင် မတင်ပေးပါဘူး။ နေပြည်တော်ကောင်းစီနယ်မြေအတွင်းမှာတောင် အလားတူဖြစ်စဉ်တွေ ရှိပါတယ်။
စာရေးသူ ကူညီပေးဖူးတဲ့ ဖြစ်စဉ်တချို့ -
ရေဘေးကာလ နတ်မောက်ကို ခဏပြန်တဲ့ လူငယ်တစ်ယောက် စစ်မှုထမ်းဖို့ စွဲထားလို့ မိသားစုက ငွေကျပ် သိန်း(၁၅၀) နဲ့ ထုတ်ခဲ့ရပါတယ်။ စာရေးသူက သက်ဆိုင်ရာဘက်ကို တင်ပြဖို့ လုပ်နေစဉ်မှာပဲ မိဘများက ပြန်လွတ်ပြီးရောဆိုပြီး ငွေပေးပြီး လူငယ်ကို ပြန်ခေါ်ခဲ့ကြရတယ်။
နောက်ထပ် မကွေး၊ ကံပြားဂိတ်မှာ မှတ်ပုံတင် အသက်(၁၈)နှစ်ပြည့် သွားလဲမယ့် လူငယ်ကို စွဲထားလိုက်တယ်။ ထိုနည်းတူစွာပဲ ဆရာတော်က ဆက်သွယ်အကူအညီတောင်းလာလို့ တင်ပြရန် လုပ်ဆောင်နေစဉ်မှာ မိဘများက ငွေသိန်း ၁၀၀ ကျော်ပေးပြီး လူငယ်ကို ပြန်ခေါ်ခဲ့ရတယ်။
ရန်ကုန်မြို့၊ တောင်ဒဂုန်မှာ လူငယ်တစ်ယောက်ကို လူပွဲစား (လူရမ်းကား)တွေ က ဖမ်းဆီးပြီး တွံ့တေးထွေအုပ်ကို ရောင်းစားခဲ့တယ်။ တွံ့တေးထွေအုပ်ရုံးကို မိသားစုဝင်များ လိုက်သွားပြီး ပြန်ခေါ်ခဲ့ရတယ်။
နေပြည်တော်အတွင်းမှာ တပ်ကုန်းကနေ လယ်ဝေးဘက် အလုပ်လာလုပ်နေတဲ့ မိသားစုထဲက အမျိုးသားကို စစ်မှုထမ်းစွဲထည့်တယ်။ အဲဒီလူက ဆိုင်ကယ်တိုက်ထားလို့ သရက်ရွက်ထုတ်ထားရတဲ့သူ၊ သူ့ရပ်သူ့ရွာက ခေါ်ရင် သူတာဝန်ထမ်းဆောင်မှာပေါ့။ ဒါကို ခဏတာ အလုပ်လာလုပ်နေတဲ့ နေရာမှာ အုပ်ချုပ်ရေးမှူးက မလိမ့်တပတ်ခေါ်သွားပြီး တခါတည်း စစ်မှုထမ်းရန် ထည့်လိုက်တယ်။ သူ့အမျိုးသမီးကိုယ်တိုင် စာရေးသူထံ လာပြောတာကို ရုပ်သံမှတ်တမ်းနဲ့ တာဝန်ရှိသူများထံ တင်ပြလိုက်ပါတယ်။
အခု ကွမ်းခြံကုန်းဘက်က ကျောင်းသားလူငယ် ၂ယောက် ရန်ကုန်မြို့ပေါ် အလုပ်တက်လုပ်ရင်း ရွှေပြည်သာမှာ လူရမ်းကားတွေရဲ့ ဖမ်းဆီးရောင်းစားခြင်း ခံရတယ်။ ဆရာတော်နဲ့ မိသားစုဝင်တွေက လာပြောလို့ ရုပ်သံမှတ်တမ်းလည်း တင်ပေးထားတယ်။ တစ်ယောက်က ကျောင်းထွက်ထားတယ်။ တစ်ယောက်က ဒီနှစ် G-12 တက်ရမယ့် ကျောင်းသားဖြစ်ပါတယ်။ အဲဒီ လူငယ်တွေ ပြန်လွတ်ပြီလား၊ မလွတ်သေးဘူးလားတော့ မသိရသေးပါဘူး။ မိသားစုဝင်များကို နိုင်ငံတော်ဝန်ကြီးချုပ်ထံ တင်ပြဖို့၊ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး ဗဟို ဥက္ကဋ္ဌ ထံ တင်ပြဖို့ အကြံပြုထားပါတယ်။
တဆက်တည်းမှာပဲ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်ထဲမှာလည်း လူငယ်တစ်ယောက်ကို အုပ်ချုပ်ရေးမှူးက လာခေါ်သွားပြီး တရားခံလို ကြိုးတုတ်ထားတယ်။ စစ်မှုထမ်း လူစားထိုးဖို့ မိသားစုဝင်များထံ ဆက်သွယ်ပြီး ငွေေကြေးတောင်းခံလာလို့ ငွေကျပ် သိန်း(၁၁၀) နဲ့ သွားပြန်ခေါ်ခဲ့ရတဲ့ ဖြစ်စဉ်၊ မိသားစုနဲ့ ဆက်စပ်သူက ရုပ်သံနဲ့ ပေးပို့ထားလို့ တင်ပြပေးထားပါတယ်။
အဲဒီလို ဥပဒေလက်တစ်လုံးခြား လုပ်နေတဲ့သူတွေကတော့ အခုလို ဖော်ထုတ်တင်ပြမှုတွေကို ဘယ်ကျေနပ်ပါ့မလဲ။ သူတို့ရဲ့ လုပ်ရပ်တွေကို မဖော်ထုတ်ဘဲ ရေငုံနှုတ်ပိတ်နေတော့လည်း အများပြည်သူကို ပိုပိုပြီး ဒုက္ခပေးလာတယ်။ ပြောရေးဆိုခွင့် အခြေအနေမကောင်းတဲ့ကြားက ပွင့်အံလာတဲ့ ပြည်သူတွေရဲ့ ရင်ဖွင့်သံတွေ ဖြစ်ပါတယ်။
ဒီလိုလုပ်ရခြင်းက စာရေးသူအနေနဲ့ ထမင်းရည်ပူလျှာလွှဲ လုပ်ခြင်းမဟုတ်ပါဘူး။ အများပြည်သူက ကိုယ့်ကိစ္စကို ကိုယ်တိုင် တာဝန်ယူ၊ တာဝန်ခံပြီး ဆောင်ရွက်ကြစေလိုခြင်းပါ။ ကျွန်တော်တို့ကို ဆက်သွယ်ပြောဆိုလို့ ကျွန်တော်တို့က တဆင့်ပြန်လည်တင်ပြတဲ့အခါ ကိုဇော်ယုထွန်း အဖြစ်မျိုး ကြုံရမှာ သေချာပါတယ်။
ကျွန်တော်တို့က အနေနဲ့ နစကအစိုးရရဲ့ ယန္တရားကို NLD အစိုးရလက်ထက်ကလို မဖြစ်စေလိုဘူးပေါ့ဗျာ။ အခုတော့ ထိန်းကျောင်းမှု ကင်းမဲ့ပြီး အာဏာ ပါဝါပြ ခြိမ်းခြောက်တာမျိုးတွေအထိပါ အများပြည်သူ မြင်မကောင်းအောင် ဖြစ်လာတဲ့ အခြေအနေဆိုးတွေကို တွေ့လာရတယ်။
ကိုဇော်ယုထွန်း အတွက်လည်းကောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေကို အကြောင်းပြုပြီး အများပြည်သူကို ဒုက္ခပေးနေတဲ့ လုပ်ရပ်တွေအပေါ်မှာသော်လည်းကောင်း တာဝန်ရှိ လူကြီးမင်းများအနေနဲ့ မှန်ကန်စွာ စိစစ်ဆောင်ရွက်ပေးကြဖို့ကို အနူးအညွတ် မေတ္တာရပ်ခံပါတယ်။ သူ့ရဲ့ ရေးသားဖော်ပြချက်ဟာ နိုင်ငံဝန်ထမ်းကောင်းတွေကို ထိပါးစော်ကားရေးသားခြင်း မဟုတ်ပါဘူး။ တာဝန်နဲ့ လုပ်ပိုင်ခွင့်ကို တလွဲအသုံးချပြီး ပြည်သူလူထုအပေါ်က ဂုပ်သွေးစုပ်နေသူတွေကို စိစစ်အရေးယူဖို့ မီးမောင်းထိုးပြတဲ့ ရေးသားတင်ပြချက်မျိုး ဖြစ်ပါတယ်။
နိုင်ငံဝန်ထမ်းဆိုတာ အများပြည်သူ ကောင်းကျိုးအတွက် ဆောင်ရွက်ဖို့ ခန့်အပ်တာဝန်ပေးထားသူတွေသာ ဖြစ်ပါတယ်။ အများပြည်သူ ကောင်းကျိုးအတွက် တာဝန်နဲ့ လုပ်ပိုင်ခွင့်ကို အသုံးချရင် မိမိအတွက်လည်း ကုသိုလ် ဖြစ်သလို အများပြည်သူလည်း ကောင်းကျိုးခံစားရမှာ ဖြစ်ပါတယ်။ အခုတော့ တာဝန်နဲ့ လုပ်ပိုင်ခွင့်ကို အများပြည်သူ ကောင်းကျိုးအတွက် အသုံးမချဘဲ အာဏာပါဝါပြပြီး လူပါးဝချင်နေသူတွေကို တွေ့မြင်နေရတယ်။ သူတို့အတွက်လည်း အကုသိုလ်များလွန်သလို အများပြည်သူလည်း ကိုယ်စိတ်နှစ်ပါး ချမ်းသာမှု မရပါဘူး။
နိုင်ငံတော်အကြီးအကဲများက ပြည်သူများအပေါ် တကယ်ကို အလေးထားတယ်ဆိုရင် ယခု ပြည်သူများ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို အကြောင်းပြုပြီး တာဝန်နဲ့ လုပ်ပိုင်ခွင့်ရှိသူတွေက လစဉ်ငွေကြေးကောက်ခံနေတာတွေ၊ လူစားထိုးဖို့ ငွေကျပ်သိန်းပေါင်းများစွာ တောင်းခံနေတာတွေ၊ ငွေယူပြီး တိမ်းရှောင်ခိုင်းတာမျိုး လုပ်စားခဲ့တဲ့ သူတွေ အနေနဲ့ နစ်နာသူပြည်သူများကို ပြန်လည်ပေးအပ်ဖို့ အမြန်ဆုံး ညွှန်ကြားချက်တစ်စောင် ထုတ်ပြန်ပြီး နစ်နာသူ ပြည်သူများကို ပြန်လည်ကုစားပေးသင့်ပါတယ်။
နောင်တော်လေး (ဘိုကလေး)
https://t.me/MyanmarNationalPost
No comments:
Post a Comment