မုဒုံ၊ ဇွန် ၁၅
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ YMBA အသင်းရုံးခန်းမ ဓမ္မရာဇိန်ကျောင်းတိုက်တွင် ယဉ်ကျေးလိမ္မာ၍ ထူးချွန်ထက်မြက်သော နိုင်ငံရတနာမျိုးဆက်သစ်များ ပေါ်ထွန်းလာစေရေးကို ရည်ရွယ်ပြီး YMBA ဗဟိုမှ (၃၈)ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်သင်တန်းနှင့်စာမေးပွဲကို အငယ်တန်း၊ အလတ်တန်း၊ အကြီးတန်းများဖြင့် နှစ်စဉ် သင်ကြား ဖြေဆိုလျှက်ရှိပြီး ယနေ့ နံနက်ပိုင်းတွင် ထူးချွန်ကျောင်းသား ကျောင်းသူများအား ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပခဲ့သည်။
အခမ်းအနားကို ယနေ့မနက် (၈:၀၀)နာရီတွင် နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားစတင်ဖွင့်လှစ်ခဲ့ပြီး
ပြည်နယ်YMBA သြဝါဒစရိယ၊ မြို့နယ်သြဝါဒစရိယ ဦးဆောင်ဆရာတော် နှင့် ဓမ္မရာဇိန်ကျောင်းတိုက် ဦးစီးနာယက ပဓာနဆရာတော် မဟာသဒ္ဓမဇောတိက ၊ အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝရုဏ နှင့် အဖွဲ့ဝင်ဆရာတော်ကြီး (၁၆) ပါး ၊ ပြည်နယ် နှင့် မြို့နယ် YMBAအသင်း နာယက ၊ ဥက္ကဋ္ဌ ၊ ဒုတိယဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ ၊ မြို့နယ်တပ်နယ်မှူး ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှတာဝန်ရှိသူများ ၊ မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများ ၊ ကျောင်းအုပ်ကြီးနှင့်ဆရာ/မများ ၊ ကျောင်းသား/သူ နှင့် မိဘများ ၊ ဖိတ်ကြားထားသူများ နှင့် စိတ်ဝင်စားသူများ တက်ရောက်ခဲ့ကြသည်။
၂၀၂၄ ခုနှစ် ၊ ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်သော စာမေးပွဲတွင် မုဒုံမြို့နယ်၊ YMBA အသင်း၏ကြီးကြပ်မှု ဆရာ/မ များ၏ သင်ကြားပေးမှုတို့ဖြင့် ကျောင်းသားကျောင်းသူ (၁၃၈၅)ဦး ဖြေဆို အောင်မြင်ခဲ့ပါသည်။
၎င်းတို့အထဲတွင် ဗဟိုအဆင့်ထူးချွန်သူ (၂)ဦး၊ ပြည်နယ်အဆင့်ထူးချွန်သူ (၆၅)ဦး နှင့် မြို့နယ်အဆင့်ထူးချွန်သူ (၁၅)ဦး ၊ စုစုပေါင်း (၈၂)ဦးတို့ကို ပြည်နယ်နှင့်မြို့နယ် သြဝါစရိယဆရာတော်ကြီးများ၊ ပြည်နယ်နှင့်မြို့နယ် YMBA နာယက ၊ ဥက္ကဋ္ဌ ၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူး၊ ဒုတိယမြို့နယ်ပညာရေးမှူးနှင့် လက်ထောက်ပညာရေးမှူးတို့က ယနေ့ (၁၅-၆-၂၀၂၅) ရက်နေ့တွင် ဆုရတစ်ဦးချင်းစီကို ဆုချီးမြှင့်ခဲ့ကြပြီး ရိုးရိုးအောင်လက်မှတ်များကို မြို့နယ်ပညာရေးမှူးထံသို့ ပေးအပ်ခဲ့ပါသည်။
အခမ်းအနားကို အစီအစဉ်အတိုင်းကျင်းပခဲ့ရာ နံနက်(၁၁:၀၀)နာရီတွင် ဗုဒ္ဓသာသနံ စိရံ တိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနား ပြီးမြောက်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost






No comments:
Post a Comment