နေပြည်တော်၊ ဇူလိုင် ၁
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် မှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံသို့ ပေးပို့သည့် ကုန်သွယ်ရေးနှင့်သက်ဆိုင်သော သဝဏ်လွှာ/စာနှင့်ပတ်သက်၍ မီဒီယာများ မေးမြန်းမှုအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း က ညှိနှိုင်းမှုတွေကနေပြီး နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေမည့်ရလဒ်များ ရရှိမယ်လိုမျှော်လင့်ပါကြောင်း ပြောကြားထားသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်း က "စာထဲမှာတော့ မြန်မာနိုင်ငံနဲ့ ကုန်သွယ်ရေး ပြုလုပ်လိုတဲ့အကြောင်းနဲ့ ကုန်သွယ်ရေးလိုငွေများ ရှိနေတဲ့အကြောင်း၊ အကျဉ်းချုပ်ကတော့ အမေရိကန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ သွင်းကုန်တွေအပေါ်မှာ အခွန် ၄၀ ရာခိုင်နှုန်း စည်းကြပ်သွားမှာဖြစ်ကြောင်းနဲ့ ဒါနဲ့ပတ်သက်ပြီးလည်း မြန်မာနိုင်ငံအနေနဲ့ အမေရိကန်ပြည်ထောင်စုက သွင်းတဲ့ သွင်းကုန်တွေနဲ့ပတ်သက်ပြီးလည်း ဖြေလျှော့ပေးဖို့ ပြောကြား ထားတာကို တွေ့ရပါတယ်။ ဒါ့အပြင် အမေရိကန်နိုင်ငံမှာလည်း မြန်မာနိုင်ငံအနေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်နိုင်ဖို့ ပြောကြားထားတာလည်း တွေ့ရပါတယ်။ အခွန်နှုန်းထားတွေနဲ့ပတ်သက်ပြီး ညှိနှိုင်း နိုင်တဲ့အကြောင်း ပြောကြားထားတာလည်း တွေ့ရပါတယ်။ ဒီစာကိုလည်း ကျွန်တော်တို့ ကောင်းမွန်စွာ လက်ခံရရှိပါတယ်။ မြန်မာနိုင်ငံနဲ့ အမေရိကန် နိုင်ငံရဲ့ ကုန်သွယ်မှုပမာဏအနေနဲ့ ၂၀၂၃ ခုနှစ်-၂၀၂၄ ခုနှစ် ဘဏ္ဍာနှစ်မှာတော့ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၇၀၁ ဒသမ ၉ သန်းခန့်ရှိခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်-၂၀၂၅ ခုနှစ်မှာတော့ အမေရိကန် ဒေါ်လာ ၅၈၈ ဒသမ ၃ သန်းကျော်လောက် ရှိခဲ့ပါတယ်။ ဒီစာနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအစိုးရရဲ့ သဘောထားအနေနဲ့ကတော့ နံပါတ်တစ်ကတော့ အပြုသဘော ဆောင်တဲ့ ညှိနှိုင်းမှု၊ ပြန်ကြားမှုတွေကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ နံပါတ်နှစ်အချက်အနေနဲ့ကတော့ ဒီညှိနှိုင်းမှုတွေကနေပြီး နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေမည့်ရလဒ်များ ရရှိမယ်လိုမျှော်လင့်ပါတယ်။"ဟု ပြောကြားထားခြင်း ဖြစ်သည်။
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ပေးပို့သည့်စာကို သူ၏ Truth Social မှလည်း ဖော်ပြခဲ့သည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment