ဇူလိုင် - ၂၈ ( တနင်္လာနေ့ )
လက်ရှိ တစ်ဘက်နဲ့ တစ်ဘက် ပစ်ခတ်တိုက်ခိုက်နေတဲ့ ထိုင်းနှင့် ကမ္ဘောဒီးယားတို့က အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ဆွေးနွေးပွဲများ စတင်ရန် သဘောတူညီလိုက်ကြရပါပြီ။ ဘာဖြစ်လို့လည်း ဆိုတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ၎င်းတို့အနေနဲ့ ဆက်လက်တိုက်ခိုက်နေပါက ဘယ်နိုင်ငံနဲ့မှ ကုန်သွယ်ရေး သဘောတူညီချက်များကို ဆက်လက်လုပ်ဆောင်တော့မှာ မဟုတ်ဘူးလို့ သတိပေးလိုက်တဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ မြေပြင်မှာကတော့ နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုများ ဆက်လက် ဖြစ်ပွားနေတုန်းပါပဲ။
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ၂ နိုင်ငံ အငြင်းပွားဒေသတွင် မြေမြှုပ်မိုင်းကြောင့် ထိုင်းစစ်သားငါးဦး ဒဏ်ရာရခဲ့ပြီး အဲ့ဒိမိုင်းတွေက ကမ္ဘောဒီးယားက အသစ်ချထားတဲ့ မိုင်းတွေ ဖြစ်တယ်လို့ ထိုင်းက စွပ်စွဲခဲ့ပါတယ်။ နောက်နေ့မှာ တိုက်ပွဲများ ပိုမို ပြင်းထန်လာကာ တစ်ဖက်နှင့်တစ်ဖက် စွပ်စွဲမှုများတိုးလာကာ တိုက်ပွဲဆက်နေတာပါ။ နောက်ဆုံးရ အချက်အလက်တွေအရ အရပ်သားတွေနဲ့ စစ်သား ၃၄ ဦး သေဆုံးသွားပြီလို့သိရပါတယ်။ လူသိန်းနဲ့ချီပြီး ရွှေ့ပြောင်းပေးထားရပါတယ်။
စနေနေ့က ထရမ့်ရဲ့ ကိုယ်ပိုင် ထရုသ်ဆိုရှယ်မီဒီယာမှာ သူက ၂ နိုင်ငံခေါင်းဆောင်တွေ နဲ့ စကားပြောခဲ့ပြီး "ချက်ချင်းအပစ်ရပ်ရန်" တိုက်တွန်းခဲ့ကြောင်း ရေးတင်ခဲ့ပါတယ်။ "ကျနော်ကတော့ ရှင်းပါတယ်။ အခု အဲ့ဒိ ၂ နိုင်ငံနဲ့ ကုန်သွယ်ရေး လုပ်နေတယ်၊ လောလောဆယ် ဆက်ဆံနေရပေမယ့် ရန်ဖြစ်ရင် ဘယ်နိုင်ငံနဲ့မှ သဘောတူညီချက် မလုပ်ချင်ဘူး။ ဒါကိုအပြတ် ပြောပြီးပြီ” လို့ ရေးတင်ခဲ့ပါတယ်။
“အဲ့ဒိနိုင်ငံတွေ အပစ်အခတ်ရပ်စဲရေးအတွက် အမြန်ဆုံတွေ့ဆုံကြပြီး အပစ်အခတ်ရပ်စဲရေးကို အမြန်လုပ်ဆောင်ဖို့ သဘောတူခဲ့ကြပြီးပါပြီ။ နောက်ဆုံးမှာတော့ ငြိမ်းချမ်းရေးကို ဖော်ဆောင်ဖို့ သဘောတူခဲ့ကြပါတယ်” လို့ ၎င်းက နောက်ပိုင်းတွင် ပြောကြားခဲ့ပါတယ်။
ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က ချက်ချင်းလက်ငင်းနှင့် ခြွင်းချက်မရှိ အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့ကြောင်း၊ ထိုင်းနိုင်ငံကလည်း တိုက်ခိုက်မှုများကို ရပ်တန့်ရန် သဘောတူခဲ့ကြောင်း ထရမ့်က ပြောကြားခဲ့ပါတယ်။
ထိုင်း ယာယီဝန်ကြီးချုပ် ဖွန်သမ် ဝီချရာချိုင်း က ထရမ့် နှင့် စကားပြောခဲ့ပြီး အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို “မူအရ” လက်ခံခဲ့ကြောင်းကို ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုခဲ့ပါတယ်။ သို့သော်လည်း ထိုင်းနိုင်ငံသည် “ကမ္ဘောဒီးယားထံမှ စစ်မှန်သော ကတိကဝတ်” ကို မျှော်လင့်ထားကြောင်း ဝန်ကြီးဌာနက ဆိုထားပါတယ်။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment