မြန်မာနိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ရုရှားနိုင်ငံ၊ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ သိပ္ပံနှင့် လက်တွေ့ပညာနှီးနှောဖလှယ်ပွဲဖွင့်ပွဲအခမ်းအနားအားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ရုရှားနိုင်ငံ၊ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ သိပ္ပံနှင့် လက်တွေ့ပညာနှီးနှောဖလှယ်ပွဲဖွင့်ပွဲအခမ်းအနားအားကျင်းပ







ရန်ကုန်၊ ဇူလိုင် ၉

မြန်မာနိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ရုရှားနိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဌာနတို့အကြား ပူးပေါင်းကျင်းပသည့် မိခင်နှင့်ကလေးသေဆုံးမှုလျော့နည်းစေရေး နည်းလမ်းများဆိုင်ရာ သိပ္ပံနှင့် လက်တွေ့ပညာပေးနှီးနှောဖလှယ်ပွဲဖွင့်ပွဲအခမ်းအနားအား ရန်ကုန်မြို့၊ Lotte Hotel တွင် (၇-၇-၂၀၂၅)ရက် နံနက်ပိုင်း၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ဆေးတက္ကသိုလ် (၁) ပါမောက္ခချုပ်၊ ဒေါက်တာ ကျော်ရွှေမှ နှုတ်ခွန်းဆက်စကားပြောကြားရာတွင် ၂၀၂၅ ခုနှစ်၊ မတ်လ နိုင်ငံတော်အကြီးအကဲ၏ ခရီးစဉ်တွင် နှစ်နိုင်ငံကျန်းမာရေးဝန်ကြီးဌာန တို့ အကြားကျန်းမာရေးကဏ္ဍပူးပေါင်း ဆောင်ရွက်နိုင်ရေး ချုပ်ဆိုခဲ့သည့် နားလည်မှုစာချွန်လွှာအရ ယခု ပထမဆုံးအကြိမ် ပူးပေါင်း ဆောင်ရွက်မှုအနေဖြင့် ရုရှားနိုင်ငံမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် Common wealth of Independent States (CIS) နိုင်ငံများနှင့် အရှေ့အလယ်ပိုင်း၊ အာရှ၊ အာဖရိကနှင့် လက်တင်အမေရိကတို့ရှိ (၅)နှစ်အောက်ကလေးငယ်များနှင့် မွေးကင်းစ ကလေးငယ်များ၊ မိခင်များ၏ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်ရေးအတွက် ရုရှားနိုင်ငံတကာ စီမံကိန်း “Ways to Reduce Maternal and Infant Mortality” ၏ သိပ္ပံနှင့်လက်တွေ့ပညာပေးနှီး နှောဖလှယ်ပွဲအား ပူးပေါင်း ကျင်းပခြင်း ဖြစ်ပါသဖြင့်များစွာဂုဏ်ယူပါကြောင်း၊ ယခုကျင်းပသည့် နှီးနှောဖလှယ်ပွဲမှတဆင့် ကိုယ်ဝန်ဆောင်၊ မိခင်နှင့် မွေးကင်းစကလေးသေဆုံးမှုအား အထိရောက် ဆုံးကာကွယ်နိုင်မည့် နည်းလမ်းများ၊ အရေးပေါ်ကုသရေးနည်းလမ်းများအား နှစ်နိုင်ငံပညာရှင် များအကြား အမြင်ချင်းဖလှယ်ကာ အတွေ့အကြုံများမျှဝေနိုင်မည်ဟု ယုံကြည်ပါကြောင်းနှင့် ရှေ့ဆက်၍လည်း လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ရုရှားနိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဌာန၊ Department to Educational Simulation Technologies in Medicine, National Medical Research Center for Obstetrics, Gynecology and Perinatology named after V.I.Kulakov မှ ဌာနမှူး Dr. Khamatkhanove Elizaveta မှ နှီးနှောဖလှယ်ပွဲ ကျင်းပရသည့် အကြောင်းရင်းအား ရှင်းလင်းပြောကြားရာတွင်  ယခုကဲ့သို့ မြန်မာနိုင်ငံတွင်ပထမဆုံးအကြိမ် နှီးနှောဖလှယ်ပွဲအား လာရောက်ကျင်းပရခြင်းအတွက်များစွာ ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား မိခင်နှင့်ကလေးကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများအတွက် ယခင်ကတည်းကပူးပေါင်းဆောင်ရွက်မှုများရှိပါကြောင်း၊ မြန်မာနိုင်ငံမှ အထူးကုဆရာဝန်များအား ရုရှားနိုင်ငံ၊ မော်စကိုမြို့သို့နှစ်စဉ်ဖိတ်ခေါ်ကာ မိခင်နှင့်ကလေး ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ  သင်တန်းပို့ချမှုများရှိပါကြောင်း၊ ဆက်လက်၍လည်း ပူးပေါင်း ဆောင်ရွက်မှုများပြုလုပ်လိုပါကြောင်း ပြောကြားခဲ့ပြီး ရုရှားနိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ V.I.Kulakov Centerမှ ဆောင်ရွက် လျက်ရှိသည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအား ဗီဒီယို ဖြင့် ရှင်းလင်းပြသခဲ့သည်။

 ဆွေးနွေးပွဲအား  ရန်ကုန်မြို့၌ (၅)ရက်ကြာလူကိုယ်တိုင်ဖြင့်လည်းကောင်း၊ (၅)ရက်ကြာ Video Conferencing စနစ်ဖြင့်လည်းကောင်း၊ အောက်တိုဘာလတွင် ရုရှားနိုင်ငံ၊ မော်စကိုမြို့၌ လည်းကောင်း ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး ရုရှားနိုင်ငံကျန်းမာရေးဝန်ကြီးဌာန၊ V.I.Kulakov center မှ ပညာရှင်များ၊ ကျန်းမာရေးဝန်ကြီးဌာနမှ အထူးကုဆရာဝန်များ တက်ရောက်ကြမည်ဖြစ်ကာ မိခင်နှင့်ကလေးကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာကိစ္စရပ်များ၊ ကိုယ်ဝန်ဆောင်နှင့် မွေးကင်းစ ကလေးငယ်များ၏ ကျန်းမာရေးအား ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးကြမည်ဖြစ်သည်။ 

ဖွင့်ပွဲအခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ဆေးတက္ကသိုလ်(၁) ပါမောက္ခချုပ်၊ ဆေးတက္ကသိုလ်(၂) ပါမောက္ခချုပ်နှင့် ပါမောက္ခ၊ ဌာနမှူးများ၊ ရုရှားနိုင်ငံသံရုံးမှ ကိုယ်စားလှယ်များ၊ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ရုရှားနိုင်ငံမှ လာရောက်ပို့ချသူပညာရှင် (၈)ဦး၊ မြန်မာနိုင်ငံမှ အထူးကုဆရာဝန် (၃၁)ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)