ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ နောင်ချိုမြို့နယ်အတွင်း TNLA, PDF အကြမ်းဖက်အဖွဲ့များ ဝင်ရောက်လာခဲ့တယ်။ ဒေသတည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်ခဲ့ကြတယ်။ ဒေသခံပြည်သူများ ဘေးလွတ်ရာထွက်ပြေး တိမ်းရှောင်ခဲ့ရတယ်။ ဒီကာလဟာ ၁နှစ်ကျော် ကြာမြင့်ပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သော တပ်မတော်အရာရှိကြီးများ ၂၁-၇-၂၀၂၅ ရက်နေ့က နောင်ချိုမြို့ကို သွားရောက်ခဲ့ကြတယ်။ နောင်ချိုမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တဲ့ တပ်မတော်အရာရှိ၊ စစ်သည်များကို တစ်ဆင့်မြင့်ရာထူးများ တိုးမြှင့်ပေးခဲ့တယ်။ ဒေသခံပြည်သူများနဲ့ တွေ့ဆုံစဉ်မှာလည်း ဒုချုပ်ကြီးက ပွင့်ပွင့်လင်းလင်းပဲ ပြောခဲ့ပါတယ်။ ဒေသခံပြည်သူများနဲ့ တွေ့ဆုံစဉ် ဒုချုပ်ကြီးပြောသွားတဲ့ အမှာစကားမှာ "နောင်ချိုမြို့ကို တပ်မတော်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြောင်းကြောင်းကြောင့် ခေတ္တစွန့်ခွာခဲ့ရကြောင်း၊ တပ်မတော်သားများသည် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်ရန် ၂၄ နာရီတာဝန်ရှိပြီး ပြည်သူများအပေါ် ကျရောက်လာမည့် ဘေးအန္တရာယ်များရန်မှ ကာကွယ်စောင့်ရှောက်ရမည့် တာဝန်လည်းရှိကြောင်း၊ သို့သော်လည်း အကြမ်းဖက်ဖြစ်စဉ်များတွင် နောက်ကွယ်မှ အဆင့်မြင့်နည်းပညာများဖြင့် ကူညီပေးမှုများ၊ အားပေးအားမြှောက်မှုများနှင့် ထောက်ပံ့ပေးမှုများကြောင့် နောင်ချိုဒေသတစ်ဝိုက်မှအဆင့်ဆင့် တောင်ခမ်းဒေသနှင့် ပြင်ဦးလွင်-နောင်ချိုမြို့နယ်နယ်နိမိတ်အစပ်အထိ ခွာစစ်ဆင်ခဲ့ရပါကြောင်း၊ နောင်ချိုမြို့နယ်ရှိ ဒေသခံပြည်သူများ၏ ဘေးအန္တရာယ်ကင်းရှင်းစွာနှင့် လူမှုစီးပွားဘဝ ပြန်လည်ထူထောင်နိုင်ရေးအတွက် မိမိတို့ တပ်မတော်သားများတွင် တာဝန်ရှိသည့်အားလျော်စွာ လိုအပ်သည့် အုပ်ချုပ်မှုကိစ္စများအား တောင်ခမ်းတပ်နယ်၌ ပြင်ဆင်စုဖွဲ့မှုများပြုလုပ်ပြီး အောင်ဇေယျစစ်ဆင်ရေးဖြင့် အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter- Terrorism Operation) ကို ရင်ကိုမြေကတုတ်ဖြင့် ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား၊ ငါ့တပ်မတော်အတွက် ငါ၏အသက်ကို စွန့်လွှတ်ရန် အဓိဋ္ဌာန်ပြုပါ၏ဟု မနက်/ညနေတိုင်း သစ္စာလေးချက်ရွတ်ဆိုကြသူများ ပီပီမဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့် ဆောင်ရွက်ခဲ့၍လည်း ယခုကဲ့သို့ နောင်ချိုမြို့အား ပြန်လည်ထိန်းချုပ်ကာ အောင်ပွဲဆင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း" ပြောကြားသွားတာကို ထောက်ရှုကြည့်ခြင်းအားဖြင့် TNLA, PDF အကြမ်းဖက်အဖွဲ့တွေမှာလည်း ပြည်ပနိုင်ငံများက အထောက်အပံ့တွေရနေတာ ဖြစ်တဲ့အတွက် တပ်မတော်ကိုတောင် ရန်ပြု ခြိမ်းခြောက်နိုင်သည် ဖြစ်တည်လာပြီဆိုတာကို ဆင်ခြင်သုံးသပ်မိကြလိမ့်မယ်လို့ ယူဆပါတယ်။
သို့သော်လည်း တပ်မတော်သည် တိုင်းပြည်ကို ကာကွယ်တဲ့အဖွဲ့အစည်း၊ ပြည်သူလူထုကို စောင့်ရှောက်ရသည့် အဖွဲ့အစည်း ဖြစ်သည်နှင့်အညီ အများပြည်သူ ဘေးကင်းလုံခြုံရေးနဲ့ သာသနိကအဆောက်အဦများ မပျက်စီး မဆုံးရှုံးရလေအောင် ချိန်ဆပြီး လုပ်ဆောင်ရတာမျိုးတွေကြောင့် နှောင့်နှေးခဲ့တယ်ဆိုတာကို ပြည်သူများကို ပွင့်ပွင့်လင်းလင်း ချပြပါတယ်။ နောင်ချိုမြို့အတွင်းကို တပ်ဖွဲ့များ ဝင်ရောက်နိုင်ပြီး ဒေသခံများနဲ့ တွေ့ဆုံစဉ်မှာကတည်းက တပ်မတော်အရာရှိက ဒေသခံ မိဘပြည်သူများကို ဘာကြောင့် နှောင့်နှေးရတယ်ဆိုတာကို ရှင်းလင်းပြောဆိုထားပြီး ဖြစ်ပါတယ်။
တပ်မတော်အနေဖြင့် နောင်ချိုမြို့ကို ပြန်လည် ဝင်ရောက်ရှင်းလင်းခြင်း မရှိခဲ့ဘူးဆိုရင် ဒေသခံပြည်သူများမှာ အကြမ်းဖက်အဖွဲ့များကို အကြောက်တရားနဲ့ ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။ မြို့ရွာအတွင်းကနေ မပြောင်းရွှေ့နိုင်ဘဲ ခိုကပ်ပြီး ကျန်နေခဲ့တဲ့ ဒေသခံအဘိုးအိုတစ်ယောက် လက်မထောင်ပြီး ပြောနေတဲ့ မြင်ကွင်းပုံရိပ်ကို အားလုံးတွေ့ကြမှာပါ။ အဘိုးအိုရဲ့ ရုပ်သံကို မြင်သူတိုင်း စိတ်မကောင်းဖြစ်ကြရပါလိမ့်မယ်။ အဘိုးအို က အားနဲ့ မာန်နဲ့ လက်သီးလက်မောင်းတန်းပြီး ရင်ထဲမှာ စို့နင့်နေတဲ့ အသံနဲ့ "ငါ့တို့ လွတ်လပ်ပြီကွ၊ ငါတို့ လွတ်လပ်ပြီကွ" ဆိုတဲ့ စကားကို အကြိမ်ကြိမ် အထပ်ထပ် ပြောနေတယ်။
လူစိတ်မရှိတဲ့ TNLA, PDF အကြမ်းဖက်သမားတွေက မြို့ကို သိမ်းပိုက်သွားတယ်။ အကြမ်းဖက်သမားတွေရဲ့ ဖိနှိပ်မှုအောက်မှ ခေါင်းမဖော်ဝံ့ဘူး။ အခု တပ်မတော်က ပြန်လည်သိမ်းပိုက်ပြီဆိုတော့မှ ဒေသခံပြည်သူတွေမှာ "ငါတို့ လွတ်လပ်ပြီကွ" လို့ ကြွေးကြော်နိုင်တာကို ကြည့်ခြင်းအားဖြင့် ပြည်ပသြဇာခံ ပြည်ဖျက်မိစ္ဆာ အကြမ်းဖက်ဝါဒီတွေက စစ်ကောင်စီကို တော်လှန်တယ်ဆိုတာ အတုအယောင်ဖြစ်ပြီး ပြည်သူတွေရဲ့ အားကိုးရာအမှန်သည် တပ်မတော်ဖြစ်တယ်ဆိုတာပါပဲ။
ဒုချုပ်ကြီးက တပ်မတော်အရာရှိ၊ စစ်သည်များကို တစ်ဆင့်မြင့်ရာထူးများ တိုးမြှင့်ပေးပြီး အမှာစကား ပြောကြားရာမှာ "တောင်ခမ်းဒေသတစ်ဝိုက်၌ လိုအပ်သည့် ပြင်ဆင်စုဖွဲ့မှုများ၊ ကွပ်ကဲအုပ်ချုပ်မှုများ ဖြည့်ဆည်းဆောင်ရွက်ကာ အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter- Terrorism Operation) ကို တပ်မတော်၏ အစဉ်အလာကောင်းများနှင့်အညီ အကြမ်းဖက်သောင်းကျန်းသူများကို လှေခွက်ချည်းကျန်အလံမလှဲသည့် စိတ်ဓာတ်၊ တုံးတိုက်တိုက်ကျားကိုက်ကိုက် စိတ်ဓာတ်များဖြင့် ရဲရဲတက်၊ ရဲရဲတိုက်၊ ရဲရဲ ချေမှုန်းခဲ့မှုကြောင့် နောင်ချိုမြို့ကို ပြန်လည်သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ကြောင်း၊ ထိုကဲ့သို့ တပ်မတော်၏ဂုဏ်ကို မြှင့်တင်နိုင်ခဲ့သည့် တိုက်ပွဲဝင်အရာရှိ၊ စစ်သည်များအား တပ်မတော်ကိုယ်စား၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား မိမိအနေဖြင့် ကျေးဇူးတင်ဂုဏ်ယူဝမ်းမြောက်ပါကြောင်းကို ပြောကြားလိုကြောင်း၊ ထိုသို့ ရရှိထားသည့် အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းစောင့်ရှောက်သွားကြရန်လိုကြောင်း၊ အကြမ်းဖက်သောင်းကျန်းသူများကြောင့် ယာယီနေရပ်စွန့်ခွာနေရသည့် ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့် တပ်မတော်ကို မည်မျှယုံကြည်အားကိုးသည်ကို အားလုံးအသိပင်ဖြစ်ကြောင်း၊ ထို့ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဒေသခံပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် နေထိုင်စားသောက်နိုင်ရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ အားသာချက်၊ အားနည်းချက်များကို ပြန်လည်သုံးသပ်ကာ စစ်မြေပြင်တွင် အကျိုးရှိစွာ အသုံးချသွားရန်လိုကြောင်း၊ ဆက်လက်၍လည်း ထုတ်ပြန်ထားသည့် အမိန့်နှင့်ညွှန်ကြားချက်များကို စစ်သည်တော်ကောင်းတစ်ဦးပီသစွာ လိုက်နာနေထိုင်သွားရန်၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုရှိအောင် လေ့ကျင့်နေထိုင်သွားရန်၊ နိုင်ငံတော်နှင့် တပ်မတော်အပေါ် သစ္စာစောင့်သိကြရန်နှင့် မိမိ မိသားစု၏ဂုဏ်၊ တပ်မတော်ဂုဏ်ကို ဆက်လက်မြှင့်တင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း" မှာကြားတာကို ကြည့်ခြင်းအားဖြင့် ဒေသခံပြည်သူများ၏ သဘောထားအမှန်ကို ထင်ဟပ်ပြောဆိုသွားခဲ့ပါတယ်။
နောင်ချိုမြို့ကို ပြန်လည်ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့ပေမယ့် ဘယ်လိုစစ်ဆင်ရေးမျိုးဆိုတာကို ဘယ်သူမှ မသိခဲ့ရပါဘူး။ ဒုချုပ်ကြီး နောင်ချိုမြို့ကို ရောက်မှ ဒေသခံပြည်သူများနဲ့ တွေ့ဆုံစဉ်မှာ "အောင်ဇေယျစစ်ဆင်ရေးဖြင့် အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter- Terrorism Operation) ကို ရင်ကိုမြေကတုတ်ဖြင့် ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား၊ ငါ့တပ်မတော်အတွက် ငါ၏အသက်ကို စွန့်လွှတ်ရန် အဓိဋ္ဌာန်ပြုပါ၏ဟု မနက်/ညနေတိုင်း သစ္စာလေးချက်ရွတ်ဆိုကြသူများ ပီပီမဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့် ဆောင်ရွက်ခဲ့၍လည်း ယခုကဲ့သို့ နောင်ချိုမြို့အား ပြန်လည်ထိန်းချုပ်ကာ အောင်ပွဲဆင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း" ထည့်သွင်းပြောဆိုသွားတာကို သတိပြုမိပါတယ်။
အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး မှာ ပါဝင်ခဲ့တဲ့ တပ်မတော်သားများအနေဖြင့် နောင်ချိုမြို့ကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ဒုတိယအပတ် စတင်ဝင်ရောက်သိမ်းပိုက်လာခဲ့တာ ရက်သတ္တပတ်ခန့်အကြာမှာ အလုံးစုံ ချေမှုန်းရှင်းလင်းနိုင်ခဲ့ပါတယ်။ တပ်မတော်သားတွေ ဝင်ရောက်လာတော့မှပဲ ဒေသခံပြည်သူတွေမှာ "ငါတို့ လွတ်လပ်ပြီကွ" လို့ လက်မထောင်နိုင်ခဲ့တာကို ကြည့်ခြင်းအားဖြင့် တပ်မတော်ရဲ့ အောင်ပွဲဟာ ပြည်သူတွေရဲ့ အောင်ပွဲ အစစ်အမှန်ဖြစ်တာကို တွေ့ရပါလိမ့်မယ်။ တပ်မတော်အရာရှိများ၊ တပ်မတော်သားများရဲ့ ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့် ဆောင်ရွက်ခဲ့ခြင်းကြောင့် နောင်ချိုဒေသခံ ပြည်သူများ လက်မထောင်နိုင်ခဲ့ပြီ။ တပ်မတော် လက်လွှတ်ထားရတဲ့ အခြားသော မြို့၊ရွာများမှာလည်း တပ်မတော်က အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး အောင်မြင်စွာ ဆောင်ရွက်နိုင်မယ်ဆိုရင် ဒေသခံပြည်သူများအားလုံး အကြမ်းဖက်အဖွဲ့တွေရဲ့ လက်အောက်က လွတ်မြောက်မှာ မလွဲဧကန်ပါပဲ။
တိုင်းပြည်နဲ့ လူမျိုးကို ကာကွယ်စောင့်ရှောက်သည့် တပ်မတော် တိုက်ပွဲတစ်ရာ၊ အောင်ပွဲတစ်ရာ ရပါမှ ပြည်သူတွေ လက်မထောင်နိုင်လိမ့်မယ်။ "ငါတို့တွေ လွတ်လပ်ပြီကွ"လို့ ကြွေးကြော်နိုင်ပါလိမ့်မယ်။
နောင်တော်လေး (ဘိုကလေး)
https://t.me/MyanmarNationalPost






No comments:
Post a Comment