တိုကျို၊ ဇူလိုင် ၁
မြန်မာသံရုံး၊ တိုကျိုမြို့မှ အာရှ၊ အာဖရိကနှင့် အာရပ်နိုင်ငံများနှင့် ဂျပန်စီးပွားရေးလုပ်ငန်းကြီးများ ပါဝင်သည့် စီးပွားရေးဖိုရမ်တစ်ခုဖြစ်သော အာရှ-အာဖရိက-အာရပ်-၅၅ အဖွဲ့အစည်းနှင့် ပူးပေါင်း၍ အာရှ-အာဖရိက-အာရပ်-၅၅ ၏ အထူးအစည်းအဝေးအား မြန်မာသံရုံး၊ တိုကျိုမြို့၊ ဧရာဝတီခန်းမတွင် ၂၀၂၅ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့က လက်ခံကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအစည်းအဝေးသို့ တိုကျိုမြို့အခြေစိုက် အာရှ၊ အာဖရိကနှင့် အာရပ်ဒေသများ၏ သံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးအကြီးအကဲများနှင့် သံတမန်များ၊ ဂျပန်စီးပွားရေးလုပ်ငန်းရှင်များ စုစုပေါင်း (၈၀) ခန့် ပါဝင်တက်ရောက်ခဲ့သည်။
အဆိုပါအစည်းအဝေးတွင် အာရှ-အာဖရိက-အာရပ်-၅၅ အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ Mr. Hisafumi Koga မှ အဖွင့်မိန့်ခွန်းပြောကြားခဲ့သည်။ ထို့နောက် ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးစိုးဟန်မှ မတ်လ ၂၈ ရက်နေ့တွင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသ၌ လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရသည့်အခြေအနေများ၊ အစိုးရအနေဖြင့် နိုင်ငံတကာအသိုက်အဝန်းနှင့် ပူးပေါင်းလျက် ငလျင်ဘေးဒဏ်ခံစားခဲ့ရသည့် ပြည်သူများအား အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် အရေးပေါ်တုံ့ပြန်မှုဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ခဲ့သည့်အခြေအနေများ၊ ငလျင်ဘေးသင့်ဒေသများတွင် ပြန်လည် တည်ဆောက်ရေး၊ ပြန်လည်ထူထောင်ရေးဆောင်ရွက်လျက်ရှိမှုအခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် တိုဟိုးကုတက္ကသိုလ်၊ ဘေးအန္တရာယ်သိပ္ပံ နိုင်ငံတကာသုတေသနစင်တာမှ ပါမောက္ခ Mr. Yuichi ONO က ဂျပန်နိုင်ငံမှ သဘာဝဘေးအန္တရာယ် တုံ့ပြန်ရေးစီမံဆောင်ရွက်မှုအတွေ့အကြုံများ၊ ဘေးအန္တရာယ်လျှော့ချရေးဆိုင်ရာ လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြန်မာသံရုံးမှ တက်ရောက်လာသူများအား မြန်မာအစားအစာများဖြစ်ကြသည့် အုန်းနို့ခေါက်ဆွဲ၊ မြန်မာထမင်း၊ ဟင်း၊ မြန်မာမုန့်အချိုတို့ဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး အခမ်းအနားကို ၂၀၃၀ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment