အစ္စရေးနဲ့ ဆီးရီးယားတို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အစ္စရေးနဲ့ ဆီးရီးယားတို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိ


အစ္စရေးနဲ့ ဆီးရီးယားတို့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့တယ်လို့ တူရကီနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် Tom Barrack က ပြောကြားခဲ့ပါတယ်။

နှစ်နိုင်ငံဟာ အမေရိကန် ကျောထောက်နောက်ခံပြုခဲ့ပြီး တူရကီနဲ့ တခြားအိမ်နီးချင်းနိုင်ငံတွေ လက်ခံခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုကို ရရှိခဲ့တယ်လို့ စနေနေ့အစောပိုင်းမှာ မစ္စတာ Barrack က လူမှုကွန်ရက်မှာ ဖော်ပြခဲ့ပါတယ်။

အစ္စရေးက လူနည်းစုဖြစ်တဲ့ Druze မျိုးနွယ်စုတချို့ဟာ သူ့နိုင်ငံမှာ နေထိုင်နေတာဖြစ်တဲ့အတွက် အဲဒီလူနည်းစုရဲ့ အသိုင်းအဝိုင်းကို ကာကွယ်ဖို့ ရည်ရွယ်တာလို့ ဆိုပြီး ဆီးရီးယားမှာ လေကြောင်းတိုက်ခိုက်မှုတွေ ထပ်ခါတလဲလဲ ပြုလုပ်ခဲ့ပြီးနောက် အခုလို ကြေညာချက် ထွက်ပေါ်လာတာပါ။

ဒေသန္တရ Bedouin မျိုးနွယ်စုတွေနဲ့ ဆီးရီးယားတောင်ပိုင်းက Druze မျိုးနွယ်စုအဖွဲ့တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာကြောင့် ဆီးရီးယားယာယီအစိုးရဟာ အခုလအစောပိုင်းမှာ တပ်ဖွဲ့တွေ ချထားခဲ့ပါတယ်။

အဲဒီနောက်ပိုင်း အစ္စရေးဟာ ဆီးရီးယားတောင်ပိုင်းနဲ့ မြို့တော် Damascus မှာ ရှိတဲ့ ယာယီအစိုးရရဲ့ စစ်ဌာနချုပ်ရုံးတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

ဆီးရီးယားတောင်ပိုင်း အစ္စရေးနယ်စပ်အနီး ဆီးရီးယားတပ်ဖွဲ့တွေ ရောက်ရှိလာတာကို သည်းခံမှာ မဟုတ်ဘူးလို့ အစ္စရေးက အခိုင်အမာပြောဆိုခဲ့ပြီး တင်းမာမှုတွေ မြင့်မားလာခဲ့ပါတယ်။

ဆီးရီးယားအာရပ်သမ္မတနိုင်ငံရဲ့ သမ္မတက ပြီးပြည့်စုံပြီး အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်ရမယ့် အပစ်အခတ်ရပ်စဲရေးကို ကြေညာလိုက်ပြီး သက်ဆိုင်သူအားလုံးကို အပစ်အခတ်ရပ်စဲဖို့ တောင်းဆိုခဲ့တယ်လို့ ဆီးရီးယားကြားဖြတ်အစိုးရက စနေနေ့မနက်မှာ ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ အစ္စရေးနဲ့ သဘောတူညီမှု ရ၊ မရ ဆီးရီးယားဘက်က ပြောကြားခြင်း မရှိပါဘူး။ အဲဒီကြေညာချက်ကို ဆီးရီးယားက တရားဝင် တုံ့ပြန်ခြင်း မရှိသေးပါဘူး။

တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့ရာ လူ ၈၀,၀၀၀ နီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ Associated Press က ဖော်ပြခဲ့ပါတယ်။

မြေပြင်မှာ သတင်းအချက်အလက် စုစည်းတဲ့ အဖွဲ့အစည်းတစ်ခုက ဒေသတွင်းမှာ အစာရေစာပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရပြီး ဆေးရုံတွေမှာ ဝန်ဆောင်မှု ရပ်တန့်နေတယ်လို့ ပြောပါတယ်။


Ref - NHK

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)