နေပြည်တော်၊ ဇူလိုင် ၃၀
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် အိန္ဒိယသမ္မတနိုင်ငံအစိုးရတို့အကြား ဆောင်ရွက်မည့် မြန်မာနိုင်ငံ Digital Identity အတွက် ရှေ့ပြေးစီမံကိန်း ပူးပေါင်းဆောင်ရွက်ခြင်း ဆိုင်ရာ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ဇူလိုင်လ ၂၉ ရက်၊ ယနေ့နံနက် ၁၀ နာရီက နေပြည်တော်ရှိဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပခဲ့သည်။
အခမ်းအနားသို့လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဒုတိယ ဝန်ကြီးများဖြစ်ကြသည့် ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံ သံအမတ်ကြီး Mr. Abhay Thakur နှင့်တာဝန်ရှိသူများ၊ ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများတက်ရောက်ကြသည်။
အစီအစဉ်အရ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံနှင့်အိန္ဒိယနိုင်ငံတို့သည် နယ်နိမိတ်ချင်းထိစပ်နေပြီး နှစ်ကာလရှည်ကြာစွာ ရင်းနှီးချစ်ကြည် ခဲ့ကြသည့် မိတ်ရင်းဆွေရင်းများဖြစ်ကြပါကြောင်း၊ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအစိုးရအချင်းချင်း၊ နှစ်နိုင်ငံပြည်သူအချင်းချင်းသည် ထူးခြားလေးနက်သည့် ဆက်ဆံရေးမျိုးဖြင့် အပြန်အလှန်ယုံကြည်မှု၊ အပြန်အလှန်လေးစားမှုများနှင့် ရင်းနှီးချစ်ကြည်စွာ အတူတကွ နေထိုင်လာခဲ့ကြခြင်းဖြစ်ပါကြောင်း၊ ပြီးခဲ့သည့် မတ်လ ၂၈ ရက်က မြန်မာနိုင်ငံမှာ လှုပ်ခတ်ခဲ့သည့် မန္တလေးမြေငလျင်ကြီး ဒဏ်ခံရချိန် တွင် အိန္ဒိယနိုင်ငံအစိုးရက လူသားချင်းစာနာထောက်ထားမှု အကူအညီများ၊ ရှာဖွေကူညီကယ်ဆယ် ရေးနှင့် ထောက်ပံ့ရေးပစ္စည်းတွေကို အိမ်နီးချင်းကောင်းပီသစွာ အရေးပေါ် အလျှင်အမြန် ပံ့ပိုးကူညီ လှူဒါန်းခဲ့ခြင်းကြောင့် များစွာကျေးဇူးတင်ရှိပါကြောင်းကိုလည်း ပြောကြားလိုပါကြောင်း၊ ယနေ့ ခေတ်သည် IT နည်းပညာ အလျှင်အမြန်တိုးတက်နေသည့် ခေတ်ဖြစ်သည်နှင့်အညီ အိန္ဒိယနိုင်ငံ သည်လည်း နည်းပညာဆိုင်ရာအတွေ့အကြုံများ၌ ကမ္ဘာ့ထိပ်တန်းနိုင်ငံများနှင့် ရင်ဘောင်တန်း ဆောင်ရွက်နေသည့်နိုင်ငံတစ်နိုင်ငံဖြစ်ခြင်းကြောင့် နည်းပညာဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုမှာ အရှိန်အဟုန် ဖြင့် ခေတ်ရှေ့ပြေး ဖွံ့ဖြိုးတိုးတက်လျက်ရှိပါကြောင်း၊ ယခုလည်း မြန်မာနိုင်ငံ၌ e-Government စနစ်ကို ဖော်ဆောင်နေချိန်တွင် အခြေခံအကျဆုံးဖြစ်သည့် e-ID စနစ်အတွက် လိုအပ်သည့် IT နည်းပညာများကို အိန္ဒိယနိုင်ငံအစိုးရက ပံ့ပိုးကူညီပေးခြင်းဖြစ်ရာ နိုင်ငံအတွက် တန်ဖိုးရှိသည့် အကူအညီဖြစ်ပါကြောင်း၊ ယခု မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မည့် နားလည်မှု စာချွန်လွှာ (MoU) သည် မြန်မာနိုင်ငံ၏ Digital ID ရှေ့ပြေးစီမံကိန်း အကောင်အထည်ဖော်ရာ၌ အိန္ဒိယနိုင်ငံအစိုးရထံမှ နည်းပညာဆိုင်ရာ အကူအညီများ မျှဝေဆောင်ရွက်နိုင်ရေးအတွက် ဖြစ်ပါကြောင်း၊ Unique Identity သည် ကမ္ဘာမှာ အကောင်းဆုံးဖြစ်နေသည့် MOSIP Platform အပေါ် အခြေခံပြီး Digital ID အစီအစဉ်ကို အိန္ဒိယနိုင်ငံက အကောင်အထည်ဖော်ဆောင်ရွက်နေသကဲ့သို့ မိမိတို့မှဆောင်ရွက်မည့် ရှေ့ပြေးစီမံကိန်းနှင့်ပတ်သက်သည့်လိုအပ်ချက်များကို ပံ့ပိုးကူညီဆောင်ရွက် ပေးမည်ဖြစ်သည့်အတွက် များစွာအကျိုးရှိမည်ဖြစ်ပါကြောင်း၊ အိန္ဒိယနိုင်ငံအစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ Digital Identity ဆိုင်ရာနည်းပညာများနှင့်ပတ်သက်၍ ယခုကဲ့သို့ နားလည်မှု စာချွန်လွှာ (MoU) လက်မှတ်ရေးထိုးကာ လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက်ပေးသကဲ့သို့ ပိုမို ကောင်းမွန်သည့် အကြံပြုချက်များ၊ ပိုမိုထိရောက်မြန်ဆန်သည့် အကူအညီများနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အတွေ့အကြုံများကို ဆက်လက်ပံ့ပိုးကူညီမျှဝေစေလို ပါကြောင်းဖြင့် အကျယ်တဝင့်ရှင်းလင်ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံသံအမတ်ကြီး Mr. Abhay Thakur က မြန်မာနိုင်ငံ Digital Identity အတွက် ရှေ့ပြေးစီမံကိန်း လုပ်ငန်းစဉ်များအပေါ် အိန္ဒိယနိုင်ငံအစိုးရမှ ပံ့ပိုးကူညီ ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အိန္ဒိယသမ္မတနိုင်ငံသံအမတ်ကြီးတို့သည် မြန်မာနိုင်ငံ Digital Identity အတွက် ရှေ့ပြေးစီမံကိန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) ကို လက်မှတ်ရေးထိုးကြပြီး နားလည်မှုစာချွန်လွှာကို အပြန်အလှန် လဲလှယ်ကြပြီးနောက် တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြကာ အခမ်းအနားကိုရုပ်သိမ်း လိုက်သည်။
မြန်မာနိုင်ငံ၌ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် e-Government စနစ်၏ အခြေခံ အကျဆုံးဖြစ်သည့် e-ID စနစ်အတွက် Digital Unique Identity Program အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် အိန္ဒိယနိုင်ငံ၏ နည်းပညာ၊ မူဝါဒ၊ စည်းမျဉ်းစည်းကမ်းနှင့်အတွေ့အကြုံများ ဖလှယ်ရေး၊ အစိုးရအရာရှိများနှင့် ကျွမ်းကျင်သူများ နည်းပညာဖလှယ်ရေးနှင့် မြန်မာနိုင်ငံ Digital ID Program ကို စမ်းသပ်အကောင်အထည်ဖော်ရာတွင် အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေး အတွက် ယခုရှေ့ပြေးစီမံကိန်း ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) ကို လက်မှတ်ရေးထိုးဆောင်ရွက်ခြင်းဖြစ်သည်။
https://t.me/MyanmarNationalPost






No comments:
Post a Comment