ဗန်ကောက်၊ သြဂုတ် ၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရမှ ၂၀၂၅ ခုနှစ်အတွက် သာသနာတော် ဆိုင်ရာ ဘွဲ့တံဆိပ်များ ဆက်ကပ်ချီးမြှင့်အပ်နှင်းရာတွင် ထိုင်းနိုင်ငံမှ ဘွဲ့တံဆိပ်တော်ရရှိသည့် ထိုင်းနိုင်ငံ၏ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်နှင့် ဖရ စရီ မဟာထပ် ဝရမဟာဝိဟာရ ကျောင်းတိုက်၏ နာယကဆရာတော်ဖြစ်သူ ပြည်ပဘွဲ့ခံဆရာတော်ကြီး ဖရ ဖရုံမုနိ (ဘွန်းရုံန်င်း ပွန်းယာချို့ ၊ ဝိုးရ ခမ်းဝိချိုင်) အား ဘွဲ့တံဆိပ်ဆက်ကပ်အပ်နှင်းခြင်း မင်္ဂလာအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၈ ရက် (အင်္ဂါနေ့)၊ မွန်းလွဲ ၁၃၃၀ နာရီတွင် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ရှိ ဖရ စရိ မဟာထပ် ဝရ မဟာဝိဟာရကျောင်းတိုက်၌ ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားသို့ ထိုင်းနိုင်ငံ၊ National Office of Buddhism မှ ကိုယ်စားလှယ်များ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးနှင့် ဇနီး၊ သံအမတ် ဒေါ်ချိုချိုစိုး၊ စစ်သံမှူး (ကြည်း၊ ရေ ၊လေ) ဗိုလ်မှူးချုပ် ဝင်းသူလင်းနှင့်ဇနီး၊ မြန်မာသံရုံးနှင့် မြန်မာစစ်သံရုံး (ကြည်း၊ ရေ၊ လေ)မှ ဝန်ထမ်းများ ပါဝင်တက်ရောက်ကြည်ညိုခဲ့ကြသည်။
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးက ၂၀၂၅ ခုနှစ်၊ သာသနာတော် ဆိုင်ရာ မဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော် ဆက်ကပ်ချီးမြှင့်ရခြင်း၏ ရည်ရွယ်ချက်၊ ဝမ်းမြောက်ဂုဏ်ပြုစကားနှင့် မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား ဗုဒ္ဓသာသနာ တည်တံ့ခိုင်မြဲရေးနှင့် သာသနာတော် ထွန်းကားပြန့်ပွားရေးအတွက် ဆက်လက် ပူးပေါင်းဆောင်ရွက်ရေးကိစ္စများကို လျှောက်ထားပြီး ဆရာတော်ကြီး ဖရ ဖရုံမုနိ (ဘွန်းရုံန်င်း ပွန်းယာချို့ ၊ ဝိုးရခမ်းဝိချိုင်) အား ဘွဲ့တံဆိပ်နှင့် အဆောင်အယောင်များ ဆက်ကပ်ခဲ့ရာ ဆရာတော်ကြီးမှ ဝမ်းမြောက်ဂုဏ်ယူစကားနှင့် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ယင်းနောက် ဆရာတော်များမှ အောင်ဂါထာရွတ်ဆိုခြင်း၊ သံအမတ်ကြီးနှင့် သံရုံးမှ ဝန်ထမ်းများက လှူဖွယ်ဝတ္တုများ ဆက်ကပ်လှူဒါန်းခြင်းများကို ဆောင်ရွက်၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment