မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်အတွင်းရှိ ကာဗာမန္တလာကလပ်တွင် ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံသရဏံ ဂစ္ဆာမိ၊ သံဃံသရဏံ ဂစ္ဆာမိ ဟူသည့် သရဏဂုံသုံးပါးအား DJ ဖြင့် တီးမှုတ် ကခုန်ခြင်းများ ပြုလုပ်ခဲ့ခြင်းကို အကြောင်းပြု၍ အချို့သော Tiktok အကောင့်များတွင် ယနေ့အချိန်ထိ မဖွယ်မရာ သရုပ်ပျက် ကပြမှုများဖြင့် ဆော့ကစားနေကြခြင်းကို မြင်တွေ့နေရပါသည်။ မသိ၍ တီးခတ် ပျော်ပါးခြင်းအား ကာယကံရှင်ကိုယ်တိုင် ဆရာတော်ကြီးများအား ဝန်ချ တောင်းပန်လျှောက်ထားခဲ့ပြီး ဖြစ်သော်လည်း အချို့သော Tiktok အကောင့်များသည် ရည်ရွယ်ချက် ရှိရှိဖြင့် ဆက်လက် စော်ကား ဆော့ကစား နေခြင်းကြောင့် ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူ ပြည်သူလူထုတစ်ရပ်လုံး စိတ်မကောင်းခြင်း များစွာ ဖြစ်နေကြပါသည်။
ထို့ကြောင့် ယနေ့အချိန်ထိ ဆက်လက်ဆော့ကစားနေသော Tiktok အကောင့်ပိုင်ရှင်များအနေဖြင့် ထေရ ဝါဒ ဗုဒ္ဓမြတ်စွာ သာသနာတော်ကြီး၏ အကျိုးကျေးဇူးများကို အလေးထားကာ ဆက်လက်ဆော့ကစားခြင်း မပြုလုပ်ကြပါရန် လေးလေးနက်နက် တိုက်တွန်းတောင်းဆိုသည်။ နောက်နောင်များတွင်လည်း ထေရဝါဒ ဗုဒ္ဓဘာသာနှင့် ပတ်သတ်သော သာသနာတော်နှင့်ပတ်သတ်သော စာပေယဉ်ကျေးမူ မိရိုးဖလာ ကိစ္စ အဖြာဖြာကို ပျက်ရယ်ပြု တီးမှုတ်ကခုန် မြူးထူးပျော်ပါးခြင်းများ မပြုလုပ်ကြပါရန် မျိုးချစ်မြန်မာရဟန်းတော် များသမဂ္ဂ(ရန်ကုန်) မှ ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူများကိုယ်စား အနူးအညွတ် မေတ္တာရပ်ခံကြောင်း ထုတ်ပြန်လိုက်ပါသည်။
မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်)

No comments:
Post a Comment