နေပြည်တော်၊ စက်တင်ဘာ ၁၀
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖျက်သိမ်းကြောင်း ကြေညာခံရသည့်အထဲတွင် ပါဝင်သည့် NDF ပါတီ က ယနေ့ စက်တင်ဘာလ(၁၀)ရက်နေ့ ရက်စွဲဖြင့် မဲဆန္ဒရှင်ပြည်သူများ နှင့် အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီဝင်များသို့ ဗဟိုအလုပ်အမှုဆောင်ကော်မတီမှ မေတ္တာရပ်ခံ ပန်ကြားလွှာ ထုတ်ပြန်ထားရာတွင် တိုင်းပြည် အသွင်ကူးပြောင်းရေးကဏ္ဍများတွင် ကိုယ်စွမ်းဉာဏ်စွမ်းများဖြင့် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
၂၀၂၅ ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် NDF ပါတီအနေဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့်အညီ ပြန်လည်မှတ်ပုံတင်၍ ပါတီရုံးခန်းပြည့်မှီရေး၊ ပါတီဝင်အင်အား ရရှိရေးအတွက် နိုင်ငံရေး အကျပ်အတည်းများ ကြားမှ ကြိုးစားခဲ့ပါကြောင်း၊ UEC ၏ သတ်မှတ်ရက် ၇.၉.၂၀၂၅ ရက်နေ့အမှီ ပါတီဝင်ဦးရေ ၈၈၈၂၀ဦး နှင့် မြို့နယ်ရုံးခန်း ၁၁၇ရုံးအား ပေးပို့ တင်ပြခဲ့ပါကြောင်း၊ သို့ပါသော်လည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက် အမှတ် ၉၅/၂၀၂၅အရ ပါတီဝင်ဦးရေ ပြည့်မီခြင်းမရှိပါသဖြင့် NDFပါတီကို ဖျက်သိမ်းကြောင်း ကြေညာခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ခမောက်ပါတီ အနေဖြင့် လက်ရှိ ၂၀၂၅ အထွေထွေရွေးကောက်ပွဲ အခင်းအကျင်းတွင် ဆက်လက်ပါဝင်ရန်အခွင့်အရေးဆုံးရှုံးခဲ့ရသည့် အပေါ် မဲဆန္ဒရှင် ပြည်သူများအား အနူးအညွှတ် တောင်းပန်အပ်ပါကြောင်း ဖော်ပြထားသည်။
အခွင့်အရေး ရှိခဲ့ပါက ယခု ရွေးကောက်ပွဲတွင် ဆက်လက်ပါဝင်ခွင့်ရရန် ကြိုးပမ်းလျှက် ရှိကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံရေးနည်းလမ်းအား မမှိတ်မသုန် ဆက်လက်ကိုင်စွဲ ဆောင်ရွက် သွားမည်ဖြစ်ပြီး လက်ရှိ တိုင်းပြည် အသွင်ကူးပြောင်းရေး ကဏ္ဍများတွင်လည်း မိမိတို့အနေဖြင့် တတ်စွမ်းနိုင်သော ကိုယ်စွမ်းဉာဏ်စွမ်း များဖြင့် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ၂၀၂၅ အထွေထွေရွေးကောက်ပွဲ အခင်းအကျင်းတွင်လည်း အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF) ခမောက်ပါတီဝင်များ အနေဖြင့်လည်း မိမိတို့ တစ်ဦးချင်း ဆန္ဒဖြင့် နိုင်ငံသားအခွင့်အရေးအရသော်လည်းကောင်း၊ ဒီမိုကရေစီအခွင့်အရေးအရသော်လည်းကောင်း တစ်သီးပုဂ္ဂလ (သို့မဟုတ်) နိုင်ငံရေးယုံကြည်ချက် တူညီသော နိုင်ငံရေးပါတီ များမှ ပါဝင်ယှဉ်ပြိုင်ကြရန် တိုက်တွန်းထားသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment