ဟင်္သာတခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ ကြီးမှူးကျင်းပသော ၂၀၂၅ ခုနှစ်၊ ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာများ စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟင်္သာတခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ ကြီးမှူးကျင်းပသော ၂၀၂၅ ခုနှစ်၊ ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာများ စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာ ကျင်းပ








ဟင်္သာတ၊  နိုဝင်ဘာ ၄

ဧရာဝတီတိုင်းဒေသကြီး ၊ဟင်္သာတခရိုင် ၊ဟင်္သာတမြို့နယ်တွင် ဟင်္သာတခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ ကြီးမှူးကျင်းပသော ၂၀၂၅ ခုနှစ် ၊ ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာများ စုပေါင်း၍ မဟာဘုံကထိန်အလှူတော်မင်္ဂလာနှင့် ရေစက်ချလှူဒါန်းပွဲ ကို နိုဝင်ဘာ ၄ ရက်နေ့ နံနက် ၉ နာရီက ဟင်္သာတမြို့ ၊လယ်တော်တိုက်သစ် (ဘုန်းတော်ကြီးသင်ပညာရေး မူလတန်းလွန် ကျောင်းတိုက်) တွင် ကျင်းပခဲ့သည်။

ဟင်္သာတခရိုင်နှင့် မြို့နယ် ဌာနဆိုင်ရာများ စုပေါင်းလှူဒါန်းသော ပဒေသာပင်များကို နိုဝင်ဘာ ၃ ရက်နေ့ နံနက်ပိုင်းက အများပြည်သူကြည်ညိုသဒ္ဒါပွားများစေရန် စုရပ်ဖြစ်သော တာငါးဆယ်တောင်ရပ်ကွက် ရုံးကြီးလမ်းမှတဆင့် မြို့တွင်းသို့ စီတန်းလှည့်လည်ကာ ကထိန်အလှူတော်မင်္ဂလာကျင်းပမည့် ပခန်းရပ်ကွက်၊ လယ်တော်တိုက်သစ် ဘုန်းတော်ကြီးကျောင်းတိုက်သို့ စုပေါင်း၍ စည်ကားသိုက်မြိုက်စွာ ပို့ဆောင်ခဲ့ပြီး ညပိုင်းတွင် ပဒေသာပင်များအား လျှပ်စစ်မီးရောင်စုံအလှများဖြင့် အလှဆင်ကာ ခင်းကျင်းပြသထားခဲ့ကြသည်။

ကထိန်အလှူတော် ရေစက်ချမင်္ဂလာအခမ်းအနားကို ရှေးဦးစွာ ပင့်သံဃာတော်အရှင်သူမြတ်များ၊ ဟင်္သာတခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးလှိုင်ထွန်းနှင့်ဇနီး၊ ဟင်္သာတမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ဇော်မင်းနှင့်ဇနီး ၊ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာများနှင့် ဧည့်ပရိတ်သတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန့်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး ဟင်္သာတမြို့နယ် သံဃနာယကအဖွဲ့  ဥက္ကဋ္ဌ ၊ မြစ်ကွေ့ပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယက ဘဒ္ဒန္တစန္ဒာသိရီဘိဝံသ ဆရာတော်ဘုရားထံမှ ကိုးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး ကြွရောက်တော်မူလာကြသော ဆရာတော်သံဃာတော်အရှင်သူမြတ်များက မေတ္တာသုတ်ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဈာယ်ချီးမြှင့်ခဲ့ကြသည်။ ထို့နောက် ဟင်္သာတခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးလှိုင်ထွန်းက  သာသနာရေးဆိုင်ရာများကို လျောက်ထားခဲ့ပြီးနောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးလှိုင်ထွန်းနှင့်ဇနီးတို့မှ ဦးဆောင်၍ ပုရိမဝါမှ ထတော်မူကြသော သံဃာတော်အရှင်သူမြတ်များနှင့် မြို့နယ်အတွင်း ကထိန်အာနိသင်ရရှိခြင်း မရှိသော ကျောင်းတိုက်များမှ သံဃာတော်အရှင်သူမြတ်တို့အား ကထိန်လျာဉတ်သင်္ကန်းနှင့် လှူဘွယ်ဝတ္ထု ပစ္စည်းများအား ဆက်ကပ်၍လည်းကောင်း၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက နဝကမ္မဝတ္ထုအလှူငွေများ လှူဘွယ်ဝတ္ထုပစ္စည်းများအားလည်းကောင်း အသီးသီးဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက်  ဟင်္သာတမြို့ နယ် သံဃနာယကအဖွဲ့  ဥက္ကဋ္ဌ  မြစ်ကွေ့ကျောင်းတိုက် ဆရာတော်မှ ရေစက်ချ အနုမောဒနာတရားချီးမြှင့်ကာ ကြွရောက်လာကြသော ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ ၊ဝန်ထမ်းများ ၊အလှူရှင်များက လှူဒါန်းမှုအစုစုတို့အား ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး  ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ ရေစက်ချမင်္ဂလာအခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။ ဆက်လက်၍ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဆရာတော်၊သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခြင်း၊ ဧည့်ပရိတ်သတ်များအား နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံကျွေးမွေးကြသည်။ 

အဆိုပါ ဟင်္သာတခရိုင်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန်ပွဲတွင် ဌာနဆိုင်ရာများ၊ အလှူရှင်များ၏ ထည့်ဝင်လှူဒါန်း သည့် ပဒေသာပင် (၄၁)ပင်တွင် ပစ္စည်းတန်ဖိုး၊ ငွေသားတန်ဖိုးနှင့် သံဃာတော်များအား ဆွမ်းနှင့်နဝကမ္မ ဆက်ကပ်လှူဒါန်းခြင်း၊ ပရိတ်သတ်များဧည့်ခံကျွေးမွေးခြင်း၊ အထွေထွေလှူဒါန်းခြင်းတို့ အပါအဝင် စုစုပေါင်းတန်ဖိုးငွေကျပ် လေးရာငါးဆယ်ခြောက်သိန်းတစ်သောင်းလေးထောင်ခြောက်ရာလေးဆယ်ကျပ်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)