အောင်မြေသာစံ ၊ ဒီဇင်ဘာ ၁၅
ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကကြီးမှူး၍ မူပိုင်ခွင့်ဆိုင်ရာဥပဒေများဆွေးနွေးပွဲကို ဒီဇင်ဘာလ ၁၄ ရက်နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီထိ မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော် ဒုတိယထပ် အစည်းအဝေးခန်းမတွင် Online/In person (Hybrid)စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။
မူပိုင်ခွင့်ဆိုင်ရာဥပဒေများဆွေးနွေးပွဲတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တရားသူကြီး ဦးသိန်းကိုကိုနှင့် မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်၊တရားသူကြီးချုပ် ဒေါ်လှမြင့်တို့က အဖွင့်အမှာစကား အသီးသီးပြောကြားကြသည်။
ထို့နောက် ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုးက မူပိုင်ခွင့်ဆိုင်ရာဥပဒေများနှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးပွဲများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် စပ်လျဉ်း၍လည်းကောင်း မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဦးခင်မောင်မြင့်က ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ဆွေးနွေးပွဲတွင် အငြင်းပွားမှုဖြေရှင်းရေးနှင့်အထူးမှုခင်းကိစ္စရပ်များဌာနမှ ညွှန်ကြားရေးမှူး ဒေါ်အေးအေးလှိုင်က “မူပိုင်ခွင့်ဆိုင်ရာဥပဒေ (၄) မျိုး၏အနှစ်ချုပ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဇေယျာသီရိခရိုင်တရားရုံး၊ ခရိုင်တရားသူကြီး ဦးမျိုးကျော်အောင်က “စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေဆိုင်ရာမှုခင်းများ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အောင်မြေသာစံခရိုင်တရားရုံး၊ဒုတိယခရိုင်တရားသူကြီး ဒေါ်လွင်လွင်လှိုင်က “တီထွင်မှု မူပိုင်ခွင့်ဥပဒေဆိုင်ရာမှုခင်းများ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပျဉ်းမနားခရိုင်တရားရုံး၊ ခရိုင်တရားသူကြီး ဦးစိုးခွန်ဖြူက “New Patent Law, News Issues, Challenges and Role of Intellectual Property Court"ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အငြင်းပွားမှုဖြေရှင်းရေးနှင့် အထူးမှုခင်းကိစ္စရပ်များဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းသန့်က “ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေဆိုင်ရာသုတအဖြာဖြာ”ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးတင်ပြကြသည်။
အဆိုပါဆွေးနွေးပွဲသို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး၊ ပြည်ထောင်စုတရား စီရင်ရေးကြီးကြပ်မှုရုံး ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူး များနှင့်တရားရေးအရာရှိများ၊ စာပေအနုပညာမူပိုင်ခွင့်ဥပဒေဆိုင်ရာအမေးအဖြေများ စာအုပ်ပြုစု ထုတ်ဝေရေးလုပ်ငန်းအဖွဲ့ဝင်များ စုစုပေါင်း (၂၅)ဦးတို့သည် (Online) အွန်လိုင်းဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်မှ တရားသူကြီးချုပ်နှင့် တရားသူကြီးများ၊ တိုင်းတရားရေးဦးစီးမှူး၊ခရိုင်အဆင့်တရားသူကြီးများ၊ တရားရေးအရာရှိများ စုစုပေါင်း (၅၃) ဦးနှင့်မန္တလေးရှေ့နေအသင်းမှ အသင်းဝင်ရှေ့နေ(၅၆) ဦး၊စုစုပေါင်း (၁၀၉)ဦးတို့က in person ကိုယ်တိုင်တက်ရောက်၍လည်းကောင်း စုစုပေါင်း (၁၃၄) ဦး တက်ရောက်ကြကြောင်းသိရသည်။
မြင့်မော်ထွန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment