နေပြည်တော်၊ ဒီဇင်ဘာ ၃၀
၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် မြို့နယ်ပေါင်း ၁၀၂ မြို့နယ်၌ ကျင်းပပြီးစီးခဲ့သည့် အပိုင်း (၁) ရွေးကောက်ပွဲသို့ လာရောက်လေ့လာခဲ့ကြသည့် နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများအဖွဲ့မှ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗဟိုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် Mr. Igor Borisov က ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေမှာ ဥပဒေပြုမှုကစလို့ ရွေးကောက်ပွဲအတွက် ကြိုးပမ်းအားထုတ်မှု၊ လုံခြုံရေးဆိုင်ရာထောက်ပံ့ပေးမှု၊ ဝန်ထမ်းများရဲ့ တက်ကြွစွာ လုပ်ဆောင်နေမှုတွေကို ရုရှားနိုင်ငံ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ အဆင့်အတန်းမြင့်တဲ့ ရွေးကောက်ပွဲ၊ ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲဖြစ်တယ်ဆိုတာကို ကျွန်တော်ကြေညာလိုပါတယ် ဟု ပြောဆိုသွားသည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗဟိုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် Mr. Igor Borisov က "အခမ်းအနားကို ကြွရောက်လာကြတဲ့မိတ်ဆွေများ မင်္ဂလာပါ။ ကျွန်တော်တို့ Delegation ခေါင်းဆောင် မြန်မာနိုင်ငံမှာ ကျင်းပတဲ့ရွေးကောက်ပွဲအပေါ် သူ့ရဲ့အမြင်တွေကို ပြောပြသွားတာ တော်တော်ပြည့်စုံပါတယ်။ ကျွန်တော်မြင်တွေ့ခဲ့တာကို အနည်းငယ်ပြောပြချင်ပါတယ်။ အခု ကျင်းပ ပြုလုပ်တဲ့ရွေးကောက်ပွဲက ပွင့်လင်းမြင်သာမှုရှိပါတယ်။ ဥပဒေနဲ့ညီစွာ ဆောင်ရွက်တာမို့လို့ ကျေးဇူး တင်ကြောင်း ပထမဦးစွာ ပြောလိုပါတယ်။ တာဝန်ရှိသူများရဲ့ ကြိုးစားလုပ်ဆောင်ခဲ့မှုကြောင့် ဒီရွေးကောက်ပွဲကို ကျွန်တော်တို့ လေ့လာခွင့်ရခဲ့ပါတယ်။ မဲပေးတဲ့ပြည်သူအချို့နဲ့ ကျွန်တော်တို့ စကားပြောဆိုမှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။ ရွေးကောက်ပွဲကော်မရှင်ကဝန်ထမ်းတွေနဲ့ သွားရောက်လေ့လာခဲ့တဲ့ မဲရုံတွေက ဝန်ထမ်းတွေနဲ့ စကားပြောဆိုနိုင်ခဲ့ပါ တယ်။ Electronic Voting Machine ရဲ့ အလုပ်လုပ်မှုကိုလည်း သိရှိခဲ့ရပါတယ်။ တာဝန်ရှိသူတွေ စီစဉ်ထားတဲ့ ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်တွေရော ကျွန်တော်တို့ လာရောက်လေ့လာဖို့အတွက်စီစဉ်ထားတာရော Electronic Voting Machine တွေ အသုံးပြုတာတွေကိုပါ ကောင်းမွန်ပါတယ်လို့ မှတ်ချက်ပေးလိုပါတယ်။ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေမှာ ဥပဒေပြုမှုကစလို့ ရွေးကောက်ပွဲအတွက် ကြိုးပမ်းအားထုတ်မှု၊ လုံခြုံရေးဆိုင်ရာထောက်ပံ့ပေးမှု၊ ဝန်ထမ်းများရဲ့ တက်ကြွစွာ လုပ်ဆောင်နေမှုတွေကို ရုရှားနိုင်ငံ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ အဆင့်အတန်းမြင့်တဲ့ ရွေးကောက်ပွဲ၊ ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲဖြစ်တယ်ဆိုတာကို ကျွန်တော်ကြေညာလိုပါတယ်။ ကျွန်တော်ထပ်မံပြောလိုတာက ဒီရွေးကောက်ပွဲကို စနစ်တကျဆောင်ရွက်ထားတာဖြစ်လို့ ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့သူတွေ၊ ဒီမိုကရေစီလမ်းကြောင်းအပေါ်က သွေဖည်အောင်လုပ်နေတဲ့သူတွေကို မတွေ့ခဲ့ပါဘူး။ ရွေးကောက်ပွဲမကျင်းပမီ အစောပိုင်း ကာလတွေမှာ အင်တာနက်ပေါ်မှာ ဒီရွေးကောက်ပွဲကို ဖျက်လိုဖျက်ဆီးသတင်းတွေ ပျံ့နှံ့အောင် လုပ်ဆောင်ခဲ့တဲ့သူတွေကို တွေ့ရပါတယ်။ မြန်မာနိုင်ငံရွေးကောက်ပွဲကို Information Technology တွေ အသုံးပြုပြီး တိုက်ခိုက်နေတယ်ဆိုတာကိုလည်း ကျွန်တော်တို့ကောင်းကောင်းသိပါတယ်။ ရွေးကောက်ပွဲကော်မရှင်ရော ပြည်သူတွေပါ ဒီလိုတိုက်ခိုက်မှုတွေကို ရှောင်ရှားကျော်လွှားပြီးတော့ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို လျှောက်လှမ်းနိုင်မယ့် ရွေးကောက်ပွဲလုပ်ငန်းစဉ်ကိစ္စရပ်တွေကို အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့တယ်ဆိုတာ ကျွန်တော်ပြောလိုပါတယ်။ ကျွန်တော် ထပ်မံပြောကြားလိုတာက မြန်မာနိုင်ငံအကြီးအကဲရဲ့ ထောက်ပံ့ပေးမှု၊ ပြည်သူတွေအားလုံး ရွေးကောက်ပွဲအပေါ် အောင်အောင်မြင်မြင်ကျော်လွှားနိုင်ခဲ့တယ်ဆိုတာ ထပ်လောင်း ပြောချင်ပါတယ်။ ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်တွေမှာ မြန်မာနိုင်ငံအနေနဲ့ အကူအညီတွေလိုတယ်ဆိုရင် အကူအညီပေးဖို့အသင့်ရှိတယ်ဆိုတာ ပြောကြားရင်း နိဂုံးချုပ်ပါတယ်" ဟု ပြောဆိုသွားသည်။
အခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမျိုးလှိုင်၊ ဖိတ်ကြားထားသော ဒုတိယဝန်ကြီးများ၊ ရွေးကောက်ပွဲလာရောက်စောင့်ကြည့်လေ့လာခဲ့ကြသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ Mr. Sholban Kara-Ool ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗဟိုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် Mr. Igor Borisov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူး ကိုယ်စားလှယ် Mr. Deng Xijun ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့နှင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံတကာရေးရာဌာနမှ Ms. Chen Xuanbo ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊ ကာဇက်စတန်နိုင်ငံရွေး ကောက်ပွဲကော်မရှင် ဒုတိယဥက္ကဋ္ဌ Mr. Yerman Mukhtar ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊ ကမ္ဘောဒီးယားနိုင်ငံရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် Mr. YICH Samethy ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့၊ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံမှ နိုင်ငံတကာဆက်ဆံရေးအကြီးအကဲ Mr. Nguyen Duc Thinh ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့၊ နီကာရာဂွါနိုင်ငံမှ Mr. Mario Jose Armengol Campos ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊ အိန္ဒိယနိုင်ငံမှ အငြိမ်းစားဗိုလ်ချုပ် Mr. Sahni Arun Kumar ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ နှင့် ဂျပန်-မြန်မာအသင်းမှ Mr. Yusuke WATANABE ဦးဆောင်သောကိုယ်စားလှယ် အဖွဲ့၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
#MNP #News

No comments:
Post a Comment