ဘားအံ ၊ ဒီဇင်ဘာ ၁၀
ကရင်သက္ကရာဇ် (၂၇၆၅) ကရင်အမျိုးသားနှစ်ကူးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကရင်ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ဘားအံမြို့နယ် အတွင်း ပြည်ထောင်စုငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ(၇၆၃ ဒဿမ ၆၃၉ သန်း)ဖြင့် DNT ကုမ္ပဏီနှင့် Thanlwin Fridndship ကုမ္ပဏီတို့မှ တာဝန်ယူဆောင်ရွက်သည့် ကော့ပရံ-ကော့မလောက် လမ်းကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ဒီဇင်ဘာလ ၉ ရက်နေ့ မွန်းလွဲ ၃ နာရီက အဆိုပါ လမ်းမုခ် ဦးတည်နေရာ၌ ကျင်းပခဲ့သည်။
ဦးစွာ ကျေးရွာအုပ်စု(၂)အုပ်စု၊ ကျေးရွာ(၁၇)ရွာရှိ အိမ်ထောင်စု၊ လူဦးရေများကို အကျိုးပြုစေမည့် (၁၄)ပေအကျယ် အဆိုပါကွန်ကရစ်လမ်းသစ်(၁)မိုင်(၁)ဖာလုံကို ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြပြီး လမ်းသစ်ဖွင့်ပွဲတွင် ပါဝင်အားဖြည့်ကူညီပေးကြသော ယဉ်ကျေးမှုအဖွဲ့များနှင့် စုပေါင်း မှတ်တမ်းဓာတ်ပုံများရိုက်ကူး၍ ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကြကာ တက်ရောက်လာသူများနှင့်အတူ လမ်းအားဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။ထို့နောက် လမ်းဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအဆောက်အဦများဖြစ်သော လမ်းတံတားများတည်ဆောက်ရာတွင် အတူတကွပူးပေါင်းပါဝင်၍ ရေရှည်တည်တံ့ခိုင်မြဲအောင် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ပေး ကြစေလိုပြီး ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များကို သက်ဆိုင်ရာဌာနအသီးသီးနှင့် ပေါင်းစပ်တင်ပြ ဆောင်ရွက်ပေးခြင်းဖြင့် ကျေးလက်ဒေသများအမြန်ဆုံးဖွံ့ဖြိုးတိုးတက်အောင် လက်တွဲညီညီ ပူးပေါင်း ဆောင်ရွက်ပေးကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ယင်းနောက် ကျေးလက်နေပြည်သူတစ်ဦးက ကွန်ကရစ်လမ်းသစ်ဆောင်ရွက်ပေးခြင်းအတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်လာသော ဒေသခံပြည်သူများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment