ရွှေစက်တော် ဘေးမဲ့တောဥယျာဉ်၌ မြန်မာ့ရွှေသမင်များ မျိုးသုဉ်းမျိုးဆက်မပြတ်စေရန် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ကြရမည် - Myanmar National Post

Myanmar National Post

News Agency

Breaking

ရွှေစက်တော် ဘေးမဲ့တောဥယျာဉ်၌ မြန်မာ့ရွှေသမင်များ မျိုးသုဉ်းမျိုးဆက်မပြတ်စေရန် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ကြရမည်




မင်းဘူး ဒီဇင်ဘာ ၈


မြန်မာနိုင်ငံသည် သဘာဝသယံဇာတအရင်းအမြစ်များနှင့် ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသည်နှင့်အညီ ယင်းတို့ ရေရှည်တည်တံ့စေရန်နှင့် သဘာဝဂေဟစနစ်များ အမြဲရှင်သန်ကောင်းမွန်စေရန် ထိန်းသိမ်းကာကွယ်လျက်ရှိရာ မင်းဘူး(စကု)မြို့နယ်ရှိ ရွှေစက်တော်တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။

ရွှေစက်တော် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသည် မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်၊ ပွင့်ဖြူမြို့နယ်၊ ငဖဲမြို့နယ်၊ စေတုတ္တရာမြို့နယ်များအတွင်းတွင် တည်ရှိပြီး၊ ဧရိယာ အကျယ်အဝန်း ၁၁၄၆၈၇ ဒသမ ၇၁ ဧက ကျယ်ဝန်းသည်။ အပူပိုင်းခြောက်သွေ့တော၊ သန်းဒဟတ် တောများကိုလည်းကောင်း၊ မုန်းချောင်းနှင့် မန်းချောင်းရေဝေကုန်းတန်းများကိုလည်းကောင်း ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရန် ရည်ရွယ်၍ ၁၉၈၅ ခုနှစ်တွင် တည်ထောင်ခဲ့သည်။

ရွှေစက်တော် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၏ မြေမျက်နှာပြင်မှာ မနိမ့်မမြင့် တောင်ကုန်း၊ တောင်တန်း ဆင်ခြေလျှောများနှင့် သဲကျောက်များ ဖုန်းလွှမ်းလျက်ရှိပြီး ပင်လယ်ရေမျက်နှာပြင် အထက် ပေ ၃၀၀ မှ ပေ ၆၀၀ အထိ မြင့်သည်။

ရွှေစက်တော် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောသည် အနောက်ဘက်တွင် နိမ့်သောတောင်ကုန်း၊ လျှိုမြောင်များနှင့်  တောင်တန်းများ ဝန်းရံလျက်ရှိကာ ဒေသတွင်း သဘာဝအလျောက် သမင်များ ကျက်စားနေထိုင်ကြပြီး အခြားတောရိုင်းတိရစ္ဆာန်များ၊ သဘာဝအင်တိုင်းတောများ၊ ဇီဝမျိုးစုံမျိုးကွဲများလည်းရှိသည်။ ဂေဟစနစ်များကို ရာခိုင်နှုန်းပြည့် ကာကွယ်နိုင်ခြင်းမဟုတ်သော်လည်း ဖွဲ့စည်းသတ်မှတ် ထားသည့်နေရာများနှင့် နှိုင်းယှဉ်ပါက ဇီဝမျိုးစုံ မျိုးကွဲများ ဆက်လက်တည်ရှိနေပြီး၊ အကြောင်းအမျိုးမျိုးကြောင့် စတင်ဖွဲ့စည်းခဲ့စဉ်ကကဲ့သို့ မူလအခြေအနေမရှိတော့သည့် သဘာဝနယ်မြေများကိုလည်း ကြုံတွေ့ရလျက်ရှိသည်။ သို့ဖြစ်ရာ ယိုယွင်းပျက်စီးနေသည့် ဇီဝမျိုးစုံမျိုးကွဲများနှင့် နေရင်းဒေသဂေဟစနစ်များ ပြန်လည်ရရှိရန် မြှင့်တင်ဆောင်ရွက်ကြရမည်။

ဘေးမဲ့တော၏ လက်ရှိရင်ဆိုင်နေရသည့် နေရင်းဒေသ အင်တိုင်းတောဂေဟစနစ်ပျက်စီးမှုနှင့် မြန်မာ့ရွှေသမင်မျိုးစိတ်များ လျော့ပါးလာမှုတို့ကို ပြန်လည်တိုးပွားဖြစ်ထွန်းလာစေရန် ထိန်းသိမ်းရေးလုပ်ငန်းများကို ဒေသခံများနှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်ကာ ထိန်းသိမ်းကြရမည် ဖြစ်သလို နေရင်းဒေသများ ပြန်လည်တည်ထောင်ခြင်းလုပ်ငန်းစီမံချက် (Re-establishing Natural Habitats)နှင့် စီမံအုပ်ချုပ်လုပ်ကိုင်မှု (Management Plan) လုပ်ငန်းနှစ်ရပ်ဖြင့် ရေရှည်မျှော်မှန်းချက် ပန်းတိုင်များချမှတ်ကာ ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံ၌သာ ရှင်သန်ကျက်စားလျက်ရှိပြီး မျိုးသုဉ်းမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရသည့် ဌာနေဖွားဒေသရင်းမျိုးစိတ် မြန်မာ့ရွှေသမင်များနှင့် ၎င်းတို့၏ မှီခိုတောများမူလအနေအထားအတိုင်း ပြန်လည်ဖြစ်ထွန်းတည်ရှိနေပြီး၊ ရေရှည် တည်တံ့အောင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်သွားကြရမည်ဖြစ်ကြောင်း ရွှေစက်တော်ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးအေးကိုက ပြောသည်။


ဇေယျာနိုင်(ရွှေကန်မြေ)



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)