မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ၂၀၂၅ ခုနှစ် ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အခမ်းအနား တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ၂၀၂၅ ခုနှစ် ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အခမ်းအနား တက်ရောက်




မကွေး ၊  ဒီဇင်ဘာ ၉


မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် နယ်မြေခံတပ်နယ်မှ အရာရှိကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊တက္ကသိုလ်များမှပါမောက္ခချုပ်များ၊ ပြည်သူဆေးရုံကြီးများမှ ဆေးရုံအုပ်ကြီးများ၊ တိုင်းအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့မှ အဖွဲ့ဝင်များနှင့်အတူ ယမန်နေ့မွန်းလွဲ ၂ နာရီက မကွေးမြို့၊ မြို့နယ်စု‌ပေါင်းရုံးစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်သော မကွေးတိုင်းဒေသကြီး ၂၀၂၅ ခုနှစ် ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်သည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က နှစ်စဉ် ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အခမ်းအနားများကို HIV/ AIDS ကြောင့် သေဆုံးသွားသူတွေကို အမှတ်ရစေဖို့နဲ့ ကျန်းမာရေးဝန်ထမ်းများ၊ ကုလသမဂ္ဂလက် အောက်ခံအဖွဲ့အစည်းများ၊လူမှုရေးအသင်းအဖွဲ့များနှင့်HIV ပိုးရှိသူများအပါအဝင် ပြည်သူလူထုတစ်ရပ်လုံးက နိုးကြားတက်ကြွတဲ့စိတ်ဓါတ်များနဲ့ ပူးပေါင်းပါဝင်ပြီး ခုခံအားကျဆင်းမှုကူးစက်ရောဂါကို ပြည်သူ့ကျန်းမာရေးပြဿနာအဖြစ်မှ လုံးဝကင်းစင်ပပျောက်သွားသည်အထိ ကြိုးပမ်းဆောင်ရွက်သွားဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ကမ္ဘာတစ်ဝှမ်းလုံးမှာ ကျင်းပကြပြီး နိုင်ငံတော်မှလည်း အေအာတီဆေးနှင့် ဆေးပစ္စည်းများဝယ်ယူရန် နှစ်စဉ်ဘဏ္ဍာငွေများ တိုးမြှင့်ချထားပေးလျက်ရှိရာ ယခု(၂၀၂၅-၂၀၂၆)ခု ဘဏ္ဍာနှစ်တွင်လည်း ကျပ်သန်းခြောက်သောင်း ပံ့ပိုးပေးထားပြီးဖြစ်ကြောင်း၊ ယခုနှစ် “ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့” ဆောင်ပုဒ်ဖြစ်တဲ့ “Overcoming disruption, transforming the AIDS response” “AIDS ရောဂါတိုက်ဖျက်ဖို့  အခက်အခဲများကို ဖြေရှင်းလို့ အတူပူးပေါင်း ဆောင်ရွက်စို့။” ဆိုတဲ့အတိုင်း HIV ကာကွယ်ကုသရေးဝန်ဆောင်မှုများကို လူတိုင်းသာတူညီမျှ လက်လှမ်းမီရရှိရန်အတွက် ဦးတည်အုပ်စုဝင်များ၊ HIV  ပိုးရှိသူများ အပါအဝင် မိတ်ဖက်အဖွဲ့အစည်းများ၊ ပြည်သူများအားလုံးလက်တွဲပြီး HIV/AIDS ကာကွယ်ကုသရေးလုပ်ငန်း များကို ပူးပေါင်းဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ အခက်အခဲတွေရှိလာရင်လည်း အားလုံးလက်တွဲပူးပေါင်းဖြေရှင်းပြီး ရရှိနိုင်တဲ့ အရင်းအမြစ်များနဲ့လုပ်ငန်းများ ယခုထက်ပိုမိုအောင်မြင်အောင် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။


ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ၂၀၂၅-ခုနှစ် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်  အထက်တန်း၊ အလယ်တန်း၊ မူလတန်း အဆင့် ပန်းချီ၊ ကာတွန်းနှင့် စာစီစာကုံးပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယ ထူးချွန်ဆုရ ကျောင်းသား ကျောင်းသူများထံသို့ ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တပ်မတော်မှအရာရှိကြီးများ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊  တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များက HIV/AIDS ရောဂါ ကာကွယ်ကုသရေးလုပ်ငန်းများနှင့်ပတ်သက်၍ ကြိုးပမ်းဆောင်ရွက်မှု မှတ်တမ်းဗွီဒီယိုအား ကြည့်ရှုခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြခန်းအတွင်း ခင်းကျင်းပြသထားသည့် HIV/AIDS ရောဂါ ကာကွယ်ရေးသုံးကျန်းမာရေးပစ္စည်းများ၊ ကုသရေးသုံး ဆေးဝါးများနှင့် အသိပညာပေး စာစောင်များ၊ဆုရပန်းချီ၊ပိုစတာများအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။


မောင်ခိုင်မင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)